Wednesday, December 24, 2014
ရင်ခွင်ပိုက်အရွယ် ကလေးငယ် အပါအ၀င် ရန်ကုန်သို့ သွားမည့် ဘင်္ဂါလီများ ကို လမ်းတစ်ဝက်တွင် ချထားခဲ့
ရန်ကုန်မြို့သို့ သွားရောက်မည့် ဘင်္ဂါလီ ၄ဦးနှင့် ၄င်းတို့နှင့်အတူ ပါလာသော ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦး တို့ကို ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကားတစ်စီးပေါ်မှ ချထား ခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း အမ်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
ယခုလ ၂၁ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အောက်ရွာအနီး တောင်ကုန်းပေါ်တွင် ကားတစ်စီး ပေါ်မှ ဘင်္ဂါလီလူမျိုးများအား ချထား ခဲ့သောကြောင့် ၄င်းတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ လ၀က အက်ဥပဒေဖြင့် စစ်ဆေးအရေးယူထားကြောင်း အမ်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူး သောင်းလွင် က Rakhine News Agency သို့ပြောသည်။
“မှတ်ပုံတင်မရှိဘဲ ပြည်တွင်းကို သွားဖို့ကြိုးစားတဲ့အတွက် လ၀က အက်ဥပဒေနဲ့ အရေးယူထားပါတယ်။ ကျွန်တော်တို့ စစ်ဆေးကြည့် သလောက်တော့ ရန်ကုန်ရောက်တဲ့အခါ ပိုက်ဆံ ၁၈သိန်းပေးရမယ်ဆိုပြီး တင်ပေးလိုက်တာလို့ သိရတယ်။ ပိုက်ဆံကတော့ အကုန်မပေးရသေးဘူး။ ကားမောင်းတဲ့ လူတွေကို စရန်ငွေ တစ်သိန်း၊ နှစ်သိန်းလောက်ပဲ ပေးရသေးတယ်လို့ ပြောတယ်” ဟု ဒုရဲမှူး သောင်းလွင် ကပြောသည်။
အဆိုပါ ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည် ကျေးရွာမှ အောင်နိုင်စိုး (ခ) ဆာဒေဟူဆန်း၊ လှအောင် (ခ) ဆာသူနာဆဲရ်၊ မခင်နု (ခ) ဆာရေဒါဘေဂေါင် နှင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာ မှ မချိုချိုမြင့် (ခ) ဘူဆန်ဘာဟာရ် တို့ဖြစ်ကြပြီး၊ မခင်နု (ခ) ဆာရေဒါဘေဂေါင် တွင် အသက် တစ်နှစ်ခြောက်လခန့် အရွယ်ရှိ ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦး ပါရှိကြောင်း သိရသည်။
“ရန်ကုန်ကို တာဝန်ယူပြီး ပို့ဆောင်ပေးတဲ့ ဘင်္ဂါလီကိုတော့ ကျောက်တော်မှာ ဖမ်းမိထားပါပြီ။ သူတို့ကို ထားခဲ့တဲ့ ကားကိုတော့ လောလောဆယ် လိုက်ဖမ်းနေပါတယ်” ဟု ဒုရဲမှူး သောင်းလွင် ကပြောသည်။
ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းကလဲ အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် စစ်တွေမှ ရန်ကုန်သို့ မောင်းနှင်လာသည့် တိုယိုတာယာဉ်ပေါ်မှ ယာဉ်မောင်း အောင်ခိုင်မြင့်နှင့် သန်းလွင်တို့နှင့်အတူ ဘင်္ဂါလီ လူမျိုး
အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ၄င်းတို့အား တစ်ဦးလျှင် ငွေကျပ် ၁၀သိန်းဖြင့် တရားမ၀င် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment