Tuesday, December 2, 2014

ရန်ကုန်နှင့် ဒေသအချို့တွင် အအေးပိုမည်

ကမ္ဘာ့လေစီးကြောင်းများ ရွေ့လျားမှု၏ သက်ရောက်သည့် အရှိန်ကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းသို့ လေအေးစီးကြောင်းများ ဝင်ရောက်လာရာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ၅ ရက်မှ ၇ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အနောက်မြောက် လေအေးများကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ကုန်းမြင့် တောင်တန်းဒေသ များ ဖြစ်သည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတို့တွင် အအေးဓာတ် ပိုနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

“နိုဝင်ဘာ နောက်ဆုံး ငါးရက်လောက်က စပြီး ပုံမှန်ထက် နည်းနည်း စောအေးတဲ့ ကာလ တစ်ခုကို ရောက်နေတာ။ ဒီဇင်ဘာနဲ့ နိုဝင်ဘာလ အတွင်းမှာ အအေးလွန်ကဲ တာတွေ ဖြစ် တတ်တယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ် လျော့နည်းခဲ့ရာ ထူးခြားသည့် ညအပူချိန်များမှာ ပင်လောင်းမြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့တွင် ၂ ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် ၄ ဒီဂရီစင်တီဂရိတ်၊ ဟားခါးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ၅ ဒီဂရီ စင်တီဂရိတ်သို့ ရောက် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment