Wednesday, December 17, 2014

The Irrawaddy မှ ထုတ်ဝေနေသော သတင်းဂျာနယ်နှင့် မဂ္ဂဇင်းအမည်များ ပြင်ဆင်ပြောင်းလဲမှုပြုလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ဖိအားပေး

The Irrawaddy မှ ထုတ်ဝေနေသော သတင်းဂျာနယ်နှင့် မဂ္ဂဇင်းအမည်များ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ဖိအားပေးသည့် ပုံသဏ္ဌာန်များရှိခဲ့ကြောင်း The Irrawaddy ၏ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် The Daily  Eleven သို့ ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်ထုတ် အစိုးရသတင်းစာများတွင် The Irrawaddy ကို ရည်ညွှန်းသော သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ အဆိုပါ ထုတ်ပြန်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းတွင် The Irrawaddy က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။



“ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအမည်များနှင့် ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေး လိုက်နာဆောင်ရွက်ရန် သတင်းထုတ်ပြန်ချက်”ဟု အမည်ပေးထားသော ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ The Irrawaddy Weekly Journal (မြန်မာဘာသာ) နှင့် The Irrawaddy Magazine (အင်္ဂလိပ်ဘာသာ) တို့အတွက် လုပ်ငန်းသက်တမ်း တိုးခွင့်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တင်ပြခဲ့ကြောင်း၊ အဆိုပါဂျာနယ်နှင့် မဂ္ဂဇင်းတို့ သက်တမ်းတိုးခွင့်လျှောက်ထားရာတွင် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၁၅/ ၈၉) စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြခဲ့သည်။

ထို့ကြောင့် The Irrawaddy Weekly Journal (မြန်မာဘာသာ) နှင့် The Irrawaddy Magazine (အင်္ဂလိပ်ဘာသာ) တို့အနေဖြင့် နစ်နာမှုမရှိစေရန် အတွက် Irrawaddy စာသားကို Trade Mark/Logo အနေဖြင့် အသုံးပြု ခွင့်ရှိမည်ဖြစ်သော်လည်း ဂျာနယ်၊ မဂ္ဂဇင်း လျှောက်ထားသည့် စာသားအသုံးနှင့်ပတ်သက်၍ တည်ဆဲဥပဒေဖြစ်သည့် စကားရပ်ပြောင်းလဲ သတ်မှတ်သည့် ဥပဒေအရ မြန်မာဘာသာဖြင့် ဧရာဝတီ သို့မဟုတ် သတ်မှတ်ထားသည့် အင်္ဂလိပ်စာလုံးအတိုင်း ပြောင်းလဲသုံးစွဲနိုင်ရေး ပြန်ကြားထားသည်ဟု ဆက်လက်ရေးသားဖော်ပြခဲ့သည်။

အစိုးရ၏ ထုတ်ပြန်ချက်အပေါ် The Irrawaddy က သဘောထားကြေညာချက်ဖြင့် ပြန်လည်တုံ့ပြန်ရာ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အတိုင်း  ဂျာနယ်နှင့် မဂ္ဂဇင်းအမည်ကို မပြောင်းလဲဘဲ ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊  ထုတ်ဝေခွင့် စတင်လျှောက်ထားစဉ်အချိန်ကလည်း The Irrawaddy အမည်များနှင့် ပတ်သက်ပြီး ကန့်ကွက်သူ မရှိခဲ့ကြောင်း၊ သို့သော်  ထုတ်ဝေပြီး ရက်သတ္တသုံးပတ်ခန့်အကြာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက အကြောင်းကြားစာပေးပို့ခဲ့ပြီး ထိုအကြောင်းကြားစာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် အမည်နာမများအတိုင်း ဂျာနယ်အမည်ပြောင်းလဲသုံးစွဲရန် ညွှန်ကြားခဲ့ကြောင်း၊ The Irrawaddy အနေဖြင့် The Irrawaddy အမှတ်တံဆိပ်သည် မိမိတို့၏ ကိုယ်ပိုင်မူပိုင်ခွင့်နှင့်သာ သက်ဆိုင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တင်ပြသကဲ့သို့ နိုင်ငံတော်မှ သတ်မှတ်ထားသော အမည်နာမများနှင့် မသက်ဆိုင်ကြောင်း၊ ထိုအမှတ်တံဆိပ်ဖြင့် နှစ် ၂ဝ ကျော် လုပ်ကိုင်ခဲ့ပြီး ဖြစ်သောကြောင့် မပြောင်းလဲနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

“အဲဒီအချိန်တုန်းက ဒီလိုပြောလာတဲ့အပေါ်မှာ ကျွန်တော်တို့နဲ့သိတဲ့ နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေက သတင်းမီဒီယာလုပ်ငန်းတစ်ခုကို ပြန်ကြားရေးဝန်ကြီးဌာနက ဝင်ရောက်စွက်ဖက်တယ်၊ မတရားဘူးလို့ သတ်မှတ်ခဲ့တယ်။ ကျွန်တော်တို့ဘက်ကလည်း ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး သူတို့ကို ပြန်ပြောပြီးတဲ့နောက် သူတို့ဘက်က ဘာမှမပြောတော့ဘဲ သုံးစွဲခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ဒီပြဿနာက သက်တမ်းတိုးတဲ့အခါ  ပြန်လာလိမ့်မယ်ဆိုတာကို အဲဒီအချိန်ကတည်းက မျှော်လင့်ထားတယ်”ဟု The Irrawaddy သတင်းဂျာနယ်၏ မြန်မာပိုင်းတာဝန်ခံ အယ်ဒီတာ ကိုရဲနည်က ပြောကြားသည်။

The Irrawaddy အမည်ကိစ္စနှင့် ပတ်သက်ပြီး စတင်ထုတ်ဝေချိန်က ကန့်ကွက်သူမရှိခဲ့သော်လည်း The Irrawaddy မြန်မာသတင်းဂျာနယ်၏ တင်ပြပုံ၊ အစိုးရအပေါ် ထောက်ပြဝေဖန်မှုနှင့် စာဖတ်ပရိသတ်၏ အာရုံစိုက်မှုရှိလာချိန်တွင် အမည်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူးက ပြောဆိုလာခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သော ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ The Irrawaddy အနေဖြင့် Irrawaddy စာသားအား Trade Mark/Logo အနေဖြင့် ဆက်လက်သုံးစွဲခွင့် ပြုခဲ့သော်လည်း ဂျာနယ်၊ မဂ္ဂဇင်းလျှောက်ထားရာတွင်မူ အမည်ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ၁၉၈၉ ခုနှစ်တွင် ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းနေမည်ဆိုသည့်သဘောကို ရည်ညွှန်းနေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် The Irrawaddy က ထုတ်ပြန်ခဲ့သော သဘောထားကြေညာချက်၌  ပြန်ကြားရေးဝန်ကြီးဌာနက လျှောက်လွှာပါ ဂျာနယ်နှင့် မဂ္ဂဇင်းအမည် ဖြည့်စွက်ချက်တွင် The Irrawaddy အစား ဧရာဝတီဟုသာ ရေးသားစေလိုကြောင်း ယူဆသဖြင့် လျှောက်လွှာ တွင် မြန်မာဘာသာဖြင့် “ဧရာဝတီ”ဟု ပြန်လည်ရေးသားပြီးစီးကြောင်း ဖော်ပြခဲ့သည်။

“ပြောရရင်တော့ အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒနဲ့ ပြောင်းပေးလိုက်ပါတယ်။ မပြောင်းဘူးဆိုရင် ၁၉၈၉ ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတော့ ဒီဥပဒေဆိုတာ စစ်အစိုးရလက်ထက်က တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေ။ ကျွန်တော်တို့ကို ချည်တုပ်တဲ့သဘောမျိုး ဖြစ်နေတယ်။ ဒါက ကျွန်တော်တို့ကို ဖိအားပေးတယ်၊ နောက်ပြန်ဆွဲတယ်လို့ ခံစားရပါတယ်” ဟု ကိုရဲနည်က ဆက်လက်ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ရပ်သည် The Irrawaddy အပေါ် ဖိအားပေးလိုက်ခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်းကိုလည်း The Irrawaddy  ကို တည်ထောင်ခဲ့သူနှင့် အယ်ဒီတာချုပ်ဖြစ်ပြီး ထိုင်းနိုင်ငံ၌ နေထိုင်နေသူ ဦးအောင်ဇော်က The Daily Eleven  ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားသည်။

ထို့အပြင် ယခုကိစ္စရပ်သည် အစိုးရအဖွဲ့၏ မူဝါဒဆိုခြင်းထက် ပြန်ကြားရေးဝန်ကြီးဌာန၏မူဝါဒ သို့မဟုတ် လူတစ်စု၏ မူဝါဒဖြစ်သည်ဟု ထင်မြင်ယူဆကြောင်းလည်း ဦးအောင်ဇော်က ဆိုသည်။

လက်ရှိအချိန်၌ တစ်နှစ်ကျော်ကာလအတွင်း ဂျာနယ်လစ် ၁ဝ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ဂျာနယ်လစ် ၁၇ ဦး တရားရင်ဆိုင်နေရဆဲ အခြေအနေများ၊ The Irrawaddy ကိစ္စရပ်များသည် မြန်မာမီဒီယာလောက အတွက် အနုတ်လက္ခဏာဆောင်သော ကိစ္စရပ်များဟု ရှုမြင်ကြောင်း ၎င်းက ဆိုသည်။

“သမ္မတကြီးရဲ့ စတုတ္ထမဏ္ဍိုင်အပေါ် သဘောထားတွေနဲ့ ပြောင်းပြန်ဖြစ်နေပြီးတော့  တော်တော်ကို အနုတ်လက္ခဏာဆောင်တဲ့ပုံစံတွေ ဖြစ်နေတယ်”ဟု ဦးအောင်ဇော်က ပြောကြားသည်။

The Irrawaddy သည် ပြည်ပအခြေစိုက် Exile Media အဖြစ် နှစ် ၂ဝ ကျော်ကြာ ရပ်တည်ခဲ့ပြီး ၂ဝ၁၂ခုနှစ် အောက်တိုဘာတွင် မြန်မာနိုင်ငံ၌ ရုံးခန်းဖွင့်လှစ်ကာ ယခင်ထားရှိခဲ့သော မူဝါဒများအတိုင်း The Irrawaddy  မြန်မာဘာသာဂျာနယ်ကို ၂ဝ၁၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

The Irrawaddy  မြန်မာဘာသာဂျာနယ် ထုတ်ဝေခဲ့ပြီးနောက်ပိုင်း ဂျာနယ်တွင်ဖော်ပြမှုများအပေါ် ပြောင်းလဲမှုများပြုလုပ်ရန် ဖိအားပေးမှုများ ရှိခဲ့ပြီး ၎င်းတို့၏ သတင်းထောက်၊ အယ်ဒီတာများ ဗီဇာကန့်သတ်ခံရခြင်းမျိုး ရှိခဲ့ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းကလည်း အထူးစုံစမ်း စစ်ဆေးရေးအရာရှိများက ရန်ကုန်ရှိ The Irrawaddy  ရုံးခန်းသို့လာရောက်ပြီး အယ်ဒီတာများအား မေးမြန်းမှုများရှိခဲ့သည့်အပြင် ဧပြီလအတွင်းကလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးတစ်ဦးက The Irrawaddy  မှ အယ်ဒီတာများကို ဆင့်ခေါ်ပြီး အစိုးရနှင့် တပ်မတော်အပေါ် ဝေဖန်ရေးသားမှုများ အနည်းငယ်ပျော့ပျောင်းရန် တောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။

The Irrawaddy  တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဦးအောင်ဇော်အား နိုင်ငံတကာသတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ)  က ၂ဝ၁၄ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆုကို အခြားနိုင်ငံတကာ ဂျာနယ်လစ်သုံးဦးနှင့်အတူ ပေးအပ်ခဲ့ပြီး နိုဝင်ဘာလက ပြုလုပ်ခဲ့သော အဆိုပါဆုပေးပွဲ အခမ်းအနား၌ မြန်မာနိုင်ငံ၏ ပကတိအခြေ အနေများနှင့်ပတ်သက်ပြီး ဦးအောင်ဇော်က သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့သည်။


Eleven Media Group

No comments:

Post a Comment