Wednesday, December 10, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို ၁၂ ပွင့်ဆိုင်အဖြစ် ပြောင်းရန် ရန်ကုန်တိုင်းလွှတ်တော် အရေးကြီးအဆိုတင်

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် နိုင်ငံရေး နယ်ပယ်အသီးသီးမှ ခေါင်းဆောင် ခြောက်ဦး တွေ့ဆုံရန် တိုက်တွန်းချက်ကို တိုင်းရင်းသား ကိုယ်စားပြုများ ထည့်သွင်းပြီး ၁၂ ဦး တွေ့ဆုံမှုအဖြစ် ပြောင်းလဲရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အရေးကြီး အဆိုတစ်ရပ် တင်သွင်းလာကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင် (ခြောက်ဦး) တွေ့ဆုံမှုအစား တိုင်းရင်းသား ပင်မမျိုးနွယ်စု ခုနစ်မျိုး ပါဝင်စေမည့် ၁၂ ပွင့်ဆိုင်၊ ၁၂ ဦးအဖြစ် ပြောင်းလဲရန် တိုင်းဒေသကြီး အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်က တင်သွင်းခြင်း ဖြစ်သည်။

ယင်းသို့ ၁၂ ပွင့်ဆိုင် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား မျိုးနွယ်စု ခုနစ်မျိုး ကိုယ်စားပြု ခုနစ်ဦးတို့ တွေ့ဆုံရမည် ဖြစ်ကြောင်း ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။
“အခုလက်ရှိ ခြောက်ပွင့်ဆိုင်အတွက် ရွေးချယ်ထားတဲ့ ရခိုင်တိုင်းရင်းသား ဒေါက်တာအေးမောင်က လူတော်တစ်ယောက်ပါ၊ ဒါပေမဲ့ သဘာဝကျကျ စဉ်းစားကြည့်ရင် ကျန်တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို သူတစ်ယောက်တည်းက ဆုံးဖြတ်လို့ မရပါဘူး၊ လက်တွေ့လည်း မဆန်ဘူး၊ အဲဒီအတွက် တိုင်းရင်းသား ကိုယ်စားပြုတွေကိုထပ်ပြီး ထည့်သွင်းဖို့ အဆိုတင်ရတာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ တိုင်းရင်းသား လူမျိုးစု ကိုယ်စားပြုများ ပါဝင်မည့် ၁၂ ပွင့်ဆိုင် ဆွေးနွေးရန် စဉ်းစားခြင်းကို ယေဘုယျအားဖြင့် လက်ခံသော်လည်း နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေးကို လက်တွေ့ကျကျ ချဉ်းကပ်ခြင်းနည်းလမ်း မဟုတ်ကြောင်း ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသူ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောကြားသည်။

“နိုင်ငံရေး ကစားကွက်တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဆိုတစ်ခု တင်တိုင်း သူ့မှာ ရည်ရွယ်ချက် ရှိမှာပါ၊ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လူများများတွေ့ဖို့ ကြိုးစားလေ သူတို့ကို ကိုယ်စားပြုဖို့ လူရွေးချယ်ရ ခက်လေလေ၊ ဆိုလိုတာက ကိုယ်စားပြုရွေးချယ်ဖို့ ဘောင်ကျယ်လေလေ ပြဿနာ ပိုများလာလေပဲ၊ နောက်တစ်ခုက တိုင်းဒေသကြီး လွှတ်တော်တွေကို အာဏာခွဲဝေ ပေးထားပေမယ့် ပြည်ထောင်စု လွှတ်တော်ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်လို့မရဘူး၊ ဒါအခြေခံဥပဒေက ပေးထားပြီးသားပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ကျော်လွန်ပြီး ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုက်တွန်းခြင်းသည် တိုင်းဒေသကြီး လွှတ်တော် နည်းဥပဒေဘောင်များကို ကျော်လွန်နေကြောင်း ပြောကြားသည်။
“ပြည်ထောင်စုက နိုင်ငံရေးနည်းအရ လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ တိုက်တွန်းထားတာပါ၊ ဒါကို တိုင်းရင်းသား ကိုယ်စားပြုတွေ ထပ်ပြီးထည့်ဖို့ ကြိုးစားတာကတော့ အဆိုတင်သူရဲ့ တကယ့် ရင်တွင်း ခံစားချက်လား၊ ရည်ရွယ်ချက်လား၊ တခြားအဖွဲ့အစည်း တစ်ခုခုရဲ့ လုပ်ဆောင်ချက်လားဆိုတာ သံသယ ဝင်မိပါတယ်” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးတို့ အမြန်ဆုံး တွေ့ဆုံရန် အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ယင်းသို့ အတည်ပြုပြီးနောက် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတထံသို့ ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် သဝဏ်လွှာ ပေးပို့ရာတွင် တွေ့ဆုံပွဲတွင် ပါဝင်မည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ကို ရွေးချယ်ထားခြင်းသည် အဖွဲ့အစည်း သို့မဟုတ် လွှတ်တော်ကို ကိုယ်စားပြုသည်ဟု တိတိကျကျ ရေးသားထားခြင်း မရှိသောကြောင့် အစိုးရအဖွဲ့ အနေနှင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် မဆုံးဖြတ်ရသေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုအစား တိုင်းရင်းသား ပင်မမျိုးနွယ်စု ခုနစ်မျိုး ပါဝင်စေမည့် ၁၂ ပွင့်ဆိုင်၊ ၁၂ ဦးအဖြစ် ပြောင်းလဲရန် တိုင်းဒေသကြီး အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment