Tuesday, January 6, 2015

အဲအေးရှား လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ၏ မိသားစုများကို နစ်နာကြေး ပေးရန် စီစဉ်နေ

အဲအေးရှား လေကြောင်းလိုင်းသည် ပျက်ကျသွားသည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပေါ် ပါသွားသူများ၏ မိသားစုများကို နစ်နာကြေး ပေးအပ်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဝေါလ်စထရိဂျာနယ်က အဲအေးရှား လေကြောင်းလိုင်းသည် ခရီးသည် တစ်ဦးစီအတွက် အင်ဒိုနီးရှား ရူပီရာငွေ သန်း(၃၀၀)စီ ပေးအပ်သွားရန် စီစဉ်နေကြောင်း ဆိုသည်။ လေယာဉ်ပေါ်တွင် ညီမနှင့် မိခင်တို့ အပါအဝင် မိသားစုဝင် (၇)ဦး လိုက်ပါသွားသည့် ဒေးဗစ် သီဂျာကူဆာမာ၏ အဆိုကို ကိုးကားပြီး ဝေါလ်စထရိက ယင်းကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

Airbus A320-200 အမျိုးအစား လေယာဉ်သည် ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၁၆၂)ဦးကို သယ်ဆောင်ပျံသန်းရင်း ဒီဇင်ဘာ ၂၈ ရက်က ဂျာဗားပင်လယ်ထဲတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှား နိုင်ငံသား အများဆုံး လိုက်ပါသွားခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးမျှ မရှိနိုင်တော့ဟု ခန့်မှန်းထားသည်။

အင်ဒိုနီးရှားထုတ် ရီရော်ပေါ့စ် သတင်းစာကလည်း ကျန်ရစ်သူ မိသားစုများအတွက် နှစ်သိမ့် နစ်နာကြေး ရူပီရာငွေ သန်း(၃၀၀)စီ ပေးအပ်ရန် စီစဉ်နေကြောင်း ထပ်မံ ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး အဲအေးရှားက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးကြောင်းလည်း သိရသည်။

QZ8501 လေယာဉ်ပျက်ကျရာ နေရာတွင် ရှာဖွေရေးများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ရုပ်အလောင်း (၃၇)လောင်းကိုသာ ရှာဖွေတွေ့ရှိထားကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment