Wednesday, January 14, 2015

သစ်တောများကို သတ်ဖြတ်ကြသည်


အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ပါဝင်ပတ်သက်မှုရှိသည်ဟု ဆို သော လူအင်အားတစ်ရာကျော် နှင့် ယာဉ်ယန္တရားငါးရာခန့်ရှိသည့် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ သစ်မှောင်ခိုစခန်းဖမ်းဆီးရမိသည့်သတင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။

ထိုစခန်းမှ ဖမ်းဆီးရမိသည့် ခိုးထုတ်သစ်များ တိုင်းတာနေဆဲဖြစ်၍ အစိုးရက ထုတ်ပြန်ထား ခြင်းမရှိသေးချေ။ အစိုးရ၏ သစ် မှောင်ခိုဖမ်းဆီးမှုသမိုင်းတွင် လူ အင်အားအများဆုံးနှင့် သစ်တင် ကားအများဆုံးဖမ်းဆီးရမိသည့် အမှုဖြစ်သောကြောင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ များအကြား အံ့အားသင့်ခဲ့ကြရ သည်။


‘‘သစ်တောဝန်ထမ်းဘ၀ တုန်းက သစ်မှောင်ခိုခိုးထုတ်တဲ့ အဖွဲ့တွေ ဖမ်းဆီးခဲ့ဖူးတယ်။ အဲဒီလောက်များတဲ့ပမာဏကို နှစ် ပေါင်းခြောက်ဆယ်အတွင်း တစ် ခါမှ မကြားဖူးဘူး’’ဟု သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးကျော်တင့်က ပြောသည်။

၂၀၀၇ ခုနှစ်တွင် ရှမ်းပြည် နယ်အတွင်း တရားမ၀င်သစ် မှောင်ခိုလုပ်ကိုင်သူ ၂၀၀ ဦးကျော်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ယခုကဲ့သို့ ယာဉ်ယန္တရားနှင့် လူတွဲ၍ အကြီးစားလုပ်ငန်းမျိုး ဖမ်းဆီးရရှိခဲ့ခြင်း မရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ကိန်းဂဏန်းအရ သိရှိရသည်။

‘‘ဖမ်းမိတဲ့အထဲမှာ သစ်တွေ လည်း ပါပါတယ်။ ဖမ်းဆီးမှုက ဆက်တိုက်လုပ်နေတော့ ကိန်းဂဏန်းတွေက မငြိမ်သေးလို့ ပြော လို့မရသေးဘူး’’ဟု သစ်တောဦးစီး ဌာန၊ စစ်ဆေးရေးဌာန ညွှန်ကြား ရေးမှူး ဦးပြည့်စုံမျိုးက ပြောသည်။တရုတ်နိုင်ငံသို့ ၀င်ရောက် နေသော တရားမ၀င်သစ် ၉၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှဖြစ်သောကြောင့် မြန်မာသစ်တောများ၏ အနာဂတ်ကို ကယ်ဆယ်ရန် ခေါင်းခဲနေသည့် သစ်တောထိန်းသိမ်းသူများအကြား လက်နက်တိုင်းရင်းသားများပါဝင်ပတ်သက်မှုရှိသည့် တရားမ၀င်သစ်ခိုးထုတ်မှုသည် ခေါင်းခဲစရာအရေးကြီးကိစ္စတစ်ရပ် ဖြစ်လာသည်။

လုပ်ကိုင်ရလွယ်ကူပြီး ငွေအ မြန်အကောင်အထည်ဖော်နိုင် သော လုပ်ငန်းဖြစ်သည့်အတွက် သစ်လုပ်ငန်းကို လက်နက်ကိုင်တိုင်းရင်းသားများလုပ်ကိုင်လာသည်မှာ ၁၉၉၀ အစောပိုင်းကာလများက ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံမှ တရားမ၀င်သစ်အများဆုံး ၀ယ်ယူသည့် တရုတ်နိုင်ငံ၏ ၀ယ်လိုအားမှာ အနည်းအကျဉ်းသာ ရှိခဲ့သည်။

ဆယ်နှစ်အတွင်း နိုင်ငံအ ပေါ်တင်ရှိနေသည့် နိုင်ငံတကာ အကြွေးများ အကျေဆပ်နိုင်သည့် အမေရိကန်ဒေါ်လာ ၅ဒသမ၇ ဘီ လီယံတန်ဖိုးရှိ တရားမ၀င်သစ် များကို ဆယ်စုနှစ်အတွင်း ၀ယ်ယူ ခဲ့သည်ဟု ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင်စုံစမ်းစစ် ဆေးရေးအဖွဲ့ (EIA) အစီရင်ခံ စာထွက်ရှိလာသည်။

‘‘ဒီလိုပမာဏတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဆယ်နှစ် လောက်အတွင်း ကျွန်တော်တို့ နိုင်ငံတင်နေတဲ့ နိုင်ငံတကာအ ကြွေးတွေ ကျေနိုင်တယ်’’ဟု မြန် မာနိုင်ငံသစ်တောအသင်း အ တွင်းရေးမှူး ဦးတင်အေးက ပြော သည်။

တရားမ၀င်သစ်ခိုးထုတ်ယူ မှုများကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအပြင် တပ်မတော် သြဇာလွှမ်းမိုးမှုရှိသည့် ပြည်သူ့ စစ်နှင့် နယ်ခြားစောင့်တပ်များပင် တရားမ၀င်သစ်ခိုးထုတ်မှုများ တွင် ပါဝင်ပတ်သက်မှုရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

မည်သည့်အဖွဲ့ဟု မပြောလို သော်လည်း လက်နက်ကိုင်များ ပါဝင်ပတ်သက်မှုရှိသည့် တရား မ၀င်သစ်ခိုးထုတ်မှုများကို ကချင်၊ ရှမ်း၊ ကရင်၊ ကယားနှင့် မွန်ပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ တွင် တွေ့ရှိရသည်ဟု သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦး ကျော်ကျော်လွင်က ပြောသည်။

နိုင်ငံ၏ နယ်စပ်ဒေသများ တွင် တရားမ၀င်သစ်ခိုးထုတ်မှု များကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များလုပ်ကိုင်နေသည် မှာ ၁၉၉၀ ပြည့်နှစ်ကတည်းက ဖြစ် သည်။ သို့သော် အစိုးရသစ်တက် လာသည့် လေးနှစ်တာကာလအ တွင်း တပ်မတော်အကူအညီဖြင့် တရားမ၀င်သစ်များ ဖမ်းဆီးမှု သည် ကချင်ပြည်နယ်မှ အများ ဆုံးဖြစ်သည်။

သစ်ခိုးထုတ်မှုတစ်ကြိမ်ပြု လုပ်တိုင်း KIA/KIO လက်နက် ကိုင်အဖွဲ့နှင့် အစိုးရမကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသည်။ ထို့ကြောင့်အစိုးရ၏ သစ်ခိုးထုတ်မှုတားဆီးရေးနောက်ကွယ်တွင် နိုင်ငံရေးပြဿနာရှိနေသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ယခုဖမ်းဆီးရမိသည့် သစ် မှောင်ခိုစခန်းကို ခွင့်ပြုထားသည့် အဖွဲ့မှာ KIA/KIO ဖြစ်သည်ဟုအစိုးရက ဆိုသော်လည်း ကချင် လွတ်မြောက်ရေးတပ်မတော်က မူ ၎င်းတို့အဖွဲ့မဟုတ်ဟု ဆိုထားသဖြင့် အပြန်အလှန်အငြင်းပွားနေဆဲ ဖြစ်သည်။

ဆယ်စုနှစ်များကတည်းက သစ်မှောင်ခို ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် သစ်တောဝန်ထမ်းများက အချို့သော သစ်ခိုးထုတ်မှုများတွင် လက်နက်ကိုင်တိုင်းရင်းသားများအပြင် အစိုးရဘက်မှ သြဇာအာဏာရှိသူများပင် ပါဝင်ပတ်သက်နေခဲ့သဖြင့် ယခုဖမ်းဆီးရမိသည့် သစ်မှောင်ခိုစခန်း၏ အဓိက တရားခံမည်သူ၊ မည်ဝါဆိုသည်မှာ မှန်းဆရခက်သည်ဟု ဆိုသည်။

‘‘ဒီလောက်ကြီးထုနဲ့ ထည် နဲ့ ကားတွေ လေးရာကျော်ကြီး တောင် ဒီအချိန်ထိအောင် အဲဒီမှာအလုပ်လုပ်နေနိုင်တာ သက်ဆိုင် ရာအဖွဲ့တွေရဲ့ ခွင့်ပြုချက်မပါရင် ဘယ်လိုမှမဖြစ်နိုင်ဘူး’’ဟု သစ် တောဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် (အငြိမ်းစား) ဦးကျော်တင့်က ပြောသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံး လွှမ်းမှုသည် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO)ထုတ် ပြန်ချက်အရ နိုင်ငံဧရိယာ၏ ၄၆ ရာခိုင်နှုန်းသာကျန်ရှိပြီး သစ်တောထူထပ်သည့် ရာခိုင်နှုန်းမှာ ၁၉ ရာခိုင်နှုန်းကျော်ရှိသည်။ သို့သော် ၂၀၁၀ မှစ၍ သစ်တောပြုန်းတီးမှုနှုန်းသည် မြင့်မားလာပြီး တစ်နှစ်လျှင် ပျမ်းမျှဧက ခုနစ်သိန်းခွဲကျော်ဖြင့် မြန်မာသစ်တောများနှစ်စဉ်ပြုန်းတီးလျက်ရှိသည်။

‘‘အခု ၄၄ ရာခိုင်နှုန်းပဲ ကျန် တော့တယ်။ ၂ ရာခိုင်နှုန်းလောက် လျော့သွားပြီ’’ဟု FAO အကြံပေးသစ်တောပညာရှင် ဦးမောင်မောင်သန်းကပြောသည်။

FAO အဖွဲ့သည် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်း မှုကို ဆယ်နှစ်တစ်ကြိမ်တိုင်းတာ မှုမပြုလုပ်မီ ငါးနှစ်တစ်ကြိမ်တိုင်း တာမှုကို ပုံမှန်ပြုလုပ်လေ့ရှိသည့် အဖွဲ့ဖြစ်သည်။

လက်နက်ကိုင်တိုင်းရင်းသားများအပြင် တပ်မတော်သြဇာလွှမ်းမိုးမှုရှိသည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များပင် တရားမ၀င်သစ်ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်မှုရှိသည်ကို တွေ့ရှိရသောကြောင့် တရားမ၀င်သစ်ခိုးထုတ်မှုများကို ယခုကဲ့သို့ဖြေရှင်းခြင်းထက် စနစ်ကျသော နိုင်ငံရေးဖြေရှင်းမှုပြုလုပ်ရမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများကဆိုသည်။

‘‘ဒါကနိုင်ငံရေးပြဿနာဖြစ် လာပြီ။ သယံဇာတခွဲဝေသုံးစွဲမှု ကို ကောင်းကောင်းမကိုင်တွယ် နိုင်ဘူးဆိုရင် ပူးပေါင်းပါဝင်မှာ မဟုတ်ဘူး’’ဟု မြန်မာနိုင်ငံသစ် လုပ်ငန်းရှင်အသင်း အတွင်းရေး မှူး ဦးဘာဘာချိုကပြောသည်။

တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ယင်းဒေသ၌ နေထိုင်သော တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို စနစ်တကျသတ်မှတ်ပေးရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပညာရေးဝန်ဆောင်မှုများကို အစိုးရကလုပ်ဆောင်ပေးရမည် ဖြစ်သည်။

‘‘သယံဇာတအခြေပြုတဲ့ ဘ၀ကနေ အသက်မွေးပညာကို အခြေပြုတဲ့ သက်မွေးမှုကို အစိုးရ က ဖန်တီးပေးရမယ်’’ဟု မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှပတ်ဝန်း ကျင်ဆိုင်ရာအကြံပေး ဦးတင်အောင်မိုးကပြောသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် သစ်ခိုးထုတ်မှု ပြဿနာကို နိုင်ငံရေးအရ စနစ် တကျကိုင်တွယ်ဖြေရှင်းရာတွင် အခွန်ဘဏ္ဍာခွဲဝေမှုကို သတ်သတ်မှတ်မှတ်ထည့်သွင်းမှသာ တရားဥပဒေစိုးမိုးရေးမှာ အသက်ဝင်လာမည်ဖြစ်သည်။

‘‘ဟိုဘက်က ကြည့်ရင် သူ တို့ဒေသက ပစ္စည်းသူတို့ထုတ် တာ။ ဒီဘက်က ကြည့်တော့ ဥပ ဒေကို ချိုးဖောက်တယ်။ အဲဒီလို အနေအထားတွေ ဖြစ်နေတော့ ပြောရဆိုရခက်တယ်။ ဒါပေမဲ့ သယံဇာတဆိုတာ ပြည်သူအ တွက်ပဲ ဖြစ်သင့်တာမို့ နှစ်ဦးနှစ် ဖက်က ညှိညှိနှိုင်းနှိုင်းနဲ့ အဖြေရှာ သင့်တယ်’’ဟု သစ်တောထိန်း သိမ်းရေးလုပ်ဆောင်နေသူ ဦး ၀င်းမျိုးသူကပြောသည်။

လက်နက်ကိုင် တိုင်းရင်း သားတပ်ဖွဲ့များအပြင် ပါဝင်ပတ် သက်မှုများရှိသော တပ်မတော် သြဇာလွှမ်းမိုးနေသည့် ပြည်သူ့ စစ်နှင့် နယ်ခြားစောင့်တပ်များ၏ ပါဝင်ပတ်သက်မှုကိုပါ တစ်ပြိုင် တည်းကိုင်တွယ်ဖြေရှင်းရမည်ဟု ၎င်းက ပြောသည်။

‘‘အဖွဲ့ရပ်တည်ရေးအတွက် သစ်ခိုးနေတာက ဒီအဖွဲ့တင်မက ဘူး။ တခြားလက်နက်ကိုင်အဖွဲ့ အစည်းတွေရော၊ ပြည်သူစစ်တို့၊ နယ်ခြားစောင့်တပ်တို့ပါလုပ်နေ တာတွေရှိတယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျကိုင်တွယ် ဖြေရှင်းမှသာရမယ်’’ဟု အီးယူ၏ တရားဝင်သစ်ထုတ်ခြင်းလုပ်ငန်း စဉ်တွင်ပါဝင်သည့် စိမ်းလန်းအမိ မြေ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းမရှိပါ က တရားမ၀င်သစ်ခိုးမှုပြဿနာ မှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး သစ်မှောင်ခိုမှရရှိသည့် ၀င်ငွေများသည် လက်နက်ခဲယမ်းအဖြစ် ပြောင်းလဲသွားကာ အစိုးရဆောင် ရွက်နေသော ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာလည်း အောင်မြင်မည် မဟုတ်ဟု လေ့လာသူများက တထစ်ချပြောကြားလိုက်သည်။


7Day Daily

No comments:

Post a Comment