Monday, January 5, 2015

မြန်မာ့နိုင်ငံရေးတွင် ၂၀၁၅ ခုနှစ်အတွင်း စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်ဟု သမ္မတဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှု ကာလ၏ အရေးအကြီးဆုံး နှစ်အဖြစ် နိုင်ငံရေးလေ့လာသူများက သတ်မှတ်ထားသော ၂၀၁၅ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

“ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာစေဖို့ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုတဲ့ အချက်တွေက ကျွန်တော်တို့ ကျော်လွှားရမယ့် စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လူမှုအဖွဲ့အစည်းများကြား ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများအပေါ် မူတည်၍ အခြေခံဥပဒေကို ပြင်သင့်သည်များကိုသာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ ပြုပြင်ပြောင်းလဲရေးသည် သိမ်မွေ့နူးညံ့မှု ရှိနေပြီး အရေးကြီးဆုံးသော အခြေအနေကို ရောက်ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အဆိုပါ အခြေအနေကြောင့် နိုင်ငံတော် တည်ငြိမ်မှုနှင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်နှင့် စည်းစိမ်ဥစ္စာများ လုံခြုံရေး အပါအဝင် နိုင်ငံ၏ အခြေအနေ တည်ငြိမ်စွာ ဖြစ်ထွန်းရန် လိုအပ်ပြီး ပြည်တွင်းပဋိပက္ခများ၊ စစ်ပွဲများကြောင့် အတိဒုက္ခ ရောက်နေသည့် အခြေအနေကို သင်ခန်းစာယူရန် လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ယင်းကဲ့သို့ အတိတ်သင်ခန်းစာများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နောက်ကျမှု မရှိစေရန် အစိုးရနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး ပဋိပက္ခများနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေရကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

လွတ်လပ်ရေးနေ့ ဗိုလ်ရူသဘင် အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် ချီတက်အလေးပြုသူ ၇၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ယင်းအခမ်းအနားထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment