Monday, January 5, 2015

၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံး NLD ဝင်ပြိုင်မည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်း၌ ကျင်းပပြုလုပ်မည်ဟု ကြေညာထားသော ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များ အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ဆုံးဖြတ်ထားကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က The Voice သို့ ပြောကြားသည်။



“ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွေမှာ ဆုံးဖြတ်ထားတာက ကြာပါပြီ။ ဒါပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လုပ်မယ်လို့ပြောပြီး မလုပ်ခဲ့တဲ့ အတွေ့အကြုံ ရထားတော့ ကျွန်မတို့အနေနဲ့ ဘာမှ ကြိုတင်မထုတ်ပြန်တာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ထားသောကြောင့် ပါတီစည်းရုံးရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် မထုတ်ပြန်သောကြောင့် NLD ပါတီ ရွေးကောက်ပွဲ ဝင်မဝင် ကြိုတင်ပြောဆိုနိုင်မည် မဟုတ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

ထို့အပြင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ပြုလုပ်သော NLD ပါတီ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ ကြေညာစာတမ်းကို အတည်ပြုခဲ့သည်။

သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည့်အချိန်ကို တရားဝင် မထုတ်ပြန်သောကြောင့် NLD ပါတီက ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သို့သော် ၂၀၁၄ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းတွင် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံသို့ တရားဝင် အကြောင်းကြားစာ ပေးပို့လိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစု အနိုင်ရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စတင်ရွေးချယ်မှု ပြုလုပ်နေပြီ ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီများက ထုတ်ပြန် ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment