Wednesday, January 14, 2015

ကော့သောင်းမြို့အနီး ကျွန်းများသို့ ထိုင်းဘက်မှ ဘင်္ဂါလီများ လာရောက်စွန့်ပစ်

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့အနီး ပါချန်မြစ်လယ် မြန်မာရေပိုင်နက်အတွင်း ဘင်္ဂါလီ လူမျိုးများအား ထိုင်းဘက်မှ လာရောက် စွန့်ပစ်မှုများ ယနေ့အချိန်ထိ ရှိကြောင်း တာဝန်ရှိသူနှင့် ဒေသခံအချို့ထံမှ သိရသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း အချုပ်တွင် ဖမ်းဆီးခံထားရသော ခိုးဝင် ဘင်္ဂါလီများကို ပါချန်မြစ် အတွင်းသို့ စက်လှေဖြင့် လာရောက် ပို့ဆောင်ပြီး ယင်းမှတစ်ဆင့် ရေလယ်ရှိ ပွဲစားများမှတစ်ဆင့် ငွေပေးနိုင်သူ အချို့ကို ထိုင်းဘက်သို့ လည်းကောင်း၊ အချို့ကို ကော့သောင်းမြို့နယ် အတွင်းရှိ ကျွန်းများသို့ လည်းကောင်း ပို့ဆောင်တတ်ကြောင်း ကော့သောင်းမြို့နယ် လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့မှူးတစ်ဦးက ရှင်းပြသည်။



“တစ်ခါတလေ ထိုင်းဘက်က ရေလယ်မှာ လာသွန်တဲ့ ဘင်္ဂါလီတွေ ကျွန်းတွေပေါ်မှာ ခိုအောင်း နေထိုင်တယ်ဆိုတာ သိရတယ်။ ကိုယ့်မြို့ပေါ်ကို မတက်ဘူး။ မြို့ထဲမဝင်ဘူးဆိုရင် ကျွန်တော်တို့ ဖမ်းတာဆီးတာကျတော့ မလုပ်ဖြစ်ဘူး။ သတင်းရရင် ဒေသအတွင်း မဝင်အောင်တော့ နယ်စပ်တွေနဲ့ ကမ်းခြေတွေ တစ်လျှောက် လုံခြုံရေးတွေ ချထားပြီး စောင့်ကြည့်တာတွေ လုပ်တယ်” ဟု အဆိုပါ ရဲမှူးက လူကုန်ကူးမှုနှင့် ပတ်သက်သည့် လစဉ်ဆွေးနွေးပွဲတွင် ရှင်းပြပြောဆိုသည်။

၎င်းတို့သည် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ငွေမပေးနိုင်ပါက အလုပ်ပွဲစားများက ခေါ်ဆောင်သွားခြင်း မရှိဘဲ ကော့သောင်းမြို့ အနီးပတ်ဝန်းကျင် ကျွန်းများပေါ်တွင် ရက်ပေါင်းများစွာ ပုန်းအောင်း နေထိုင်ကြရသည်ဟု ကော့သောင်း-ရနောင်း ပြေးဆွဲနေသော ပဲ့ချိတ်သမားဟောင်း ဦးလှိုင်ဝင်းက ဆိုသည်။

၎င်းတို့သည် အစာရေစာ မစားရသည့် ရက်များလာပါက ကျွန်းနှင့်အနီးရှိ ရွာများပေါ်သို့ တက်ကာ ဗလီလိုက်မေးခြင်း၊ ထမင်းတောင်းစားခြင်းများ ပြုလုပ်တတ်ကြကြောင်း ကော့သောင်း ဒေသခံအချို့က ဆိုသည်။

ထိုင်းသို့ ကူးမည်ဟုဆိုကာ ရောက်လာတတ်သော ဘင်္ဂါလီများကို တနင်္သာရီ ကမ်းရိုးတန်းအတွင်း မကြာခဏ ဖမ်းဆီးရမိလေ့ ရှိကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

(Dawei Watch)

The Voice Weekly

No comments:

Post a Comment