Wednesday, January 14, 2015

ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေလိမ်ထုတ်ယူသည် ဆိုသည့် ဇနီးမောင်နှံကို အမှုဖွင့်


မန္တလေးမြို့ပေါ်ရှိ ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေလိမ်လည်ထုတ် ယူသူဟုဆိုသူ ဇနှီးမောင်နှံကို အမှုဖွင့် တိုင်ကြားထားကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၁) ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

ဇနီးမောင်နှံနှစ်ဦးက ငွေကျပ် သိန်း ၁၈၀၀ နှင့် သိန်း ၂၆၀၀ကို အထက်ပါ ဘဏ်များမှ လိမ်လည်ထုတ်ယူသည် ဆိုကာ တိုင်ကြားခံရခြင်းဖြစ်သည်။

မန္တလေးမြို့တွင်နေထိုင်သော ဦးဝေဖြိုးဟိန်းနှင့် ဒေါ်နေဇာဝင်းတို့သည် မန္တလေးမြို့ရှိ ဧရာဝတီဘဏ်ခွဲ(၅)မှ ဘဏ်တာဝန်ခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့က မုံရွာမြို့၊ ဧရာဝတီဘဏ်ခွဲသို့ ငွေကျပ် သိန်း
၁၈၀၀အား လွှဲပေးလိုကြောင်း၊ ယင်းငွေကို နေ့လယ်ပိုင်းအချိန်တွင် လာရောက် ပေးသွင်းမည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုခဲ့သဖြင့် မုံရွာမြို့ ဘဏ်ခွဲသို့ ငွေလွှဲပို့ခဲ့ပြီး ဘဏ်ပိတ်ချိန်အထိ လာရောက်ပေးသွင်းခြင်း မရှိသည့်အပြင် ယနေ့အချိန်ထိလည်း ထွက်ပြေး တိမ်းရှောင်နေသဖြင့် ငွေလွှဲခိုင်းသူ ဦးဝေဖြိုးဟိန်းနှင့် ဒေါ်နေဇာဝင်းတို့ကို အရေးယူပေးပါရန် တိုင်ကြားရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းအရသိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရှိ ဧရာဝတီဘဏ် ၅ တွင် သိန်း ၁၈၀၀ကို လိမ်လည်ထုတ်ယူသူ နှစ်ဦးကို အရေးယူ ပေးရန် အောင်မြေသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၂/၂၀၁၅ ပြစ်မှုပုဒ်မ ၄၂၀ဖြင့် ဇန်နဝါရီလ ၁၁ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရသိ ရသည်။

ယင်းအပြင် အခြား တိုင်ကြားခံရမှုနှင့် ပတ်သက်၍ “စခန်းမှာတော့ KBZ ဘဏ်ခွဲ ၂၁မှာ ငွေကျပ်သိန်း၂၆၀၀ လိမ်လည်မှုနဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးကို အမှုဖွင့်ဖို့ တိုင်ကြားထားတယ်။ အမှုဖွင့်ဖို့ အတွက် မြို့နယ်၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ညွှန်ကြားချက်တွေ တောင်းခံထားသေးတယ်။ ညွှန်ကြားချက် ကျလာရင်တော့ အမှုဖွင့်မှာပါ” ဟု အောင်မြေသာစံ မြို့နယ်ရှိ အမှတ်(၁) နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးက ပြောကြားသည်။

အဆိုပါဇနီးမောင်နှံမှာ မန္တလေး KBZ ဘဏ်ခွဲ (၂၁)တွင် ငွေထုတ်ငွေသွင်း ၁၉၂ ကြိမ် ပြုလုပ်ခဲ့ဖူးသူများ ဖြစ်ပြီး ယုံကြည်မှုဖြင့် မုံရွာဘဏ်ခွဲသို့ ငွေကျပ် သိန်း ၂၆၀၀ကျပ် လွှဲပြောင်းပေးရန် ဖုန်းဖြင့် ပြောကြားခဲ့ပြီး ငွေကို မုံရွာမြို့ရှိ ဘဏ်သို့ လာရောက်ပေးသွင်းခြင်း မရှိသည့်အတွက် ဇန်နဝါရီလ ပထမပတ်အတွင်းက အမှုဖွင့်ရန် တိုင်တန်းရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးမြို့တွင် ဖွင့်လှစ်ထားရှိသည့် ဧရာဝတီ ဘဏ်ခွဲ(၅)မှ ငွေကျပ် သိန်း ၂၅၀၀ကို ချက်လက်မှတ်ပေါ်တွင် လက်မှတ်ထိုးပြီး ငွေထုတ်သွားသူနှင့် ဘဏ်မန်နေဂျာကို ဇန်နဝါရီလ ၆ရက်နေ့က ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသည့် ဖြစ်စဉ်တစ်ခုလည်း ရှိသည်။

The Voice Weekly

No comments:

Post a Comment