Thursday, January 1, 2015

လေးနှစ်အတွင်း လွှတ်တော်အစည်းအဝေး ၇၆ ရက်သာကျင်းပခဲ့၍ လစာကျပ်နှစ်သိန်း ထုတ်နေရခြင်းကိုရှက်မိကြောင်း ဒေါ်ညိုညိုသင်းပြော

လေးနှစ်တာကာလ အတွင်း လွှတ်တော်အစည်း အဝေး ၇၆ ရက်သာကျင်းပခဲ့ပြီး တစ်လလျှင် လစာကျပ်နှစ်သိန်း ထုတ်ယူနေရသည့် လွှတ်တော် ကိုယ်စားလှယ်ဘဝကို ရှက်မိပြီးမကျေနပ်မိကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

‘‘ကျွန်မလိုပဲ ပြည်သူတွေ လည်း တစ်သားတည်းဖြစ်မယ် ထင်တယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့သည်။



ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ၂၀၁၁ တွင် ၁၁ ရက်၊ ၂၀၁၂ တွင် ၁၄ ရက်၊ ၂၀၁၃ တွင် ၂၃ ရက်နှင့် ၂၀၁၄ တွင် ၂၅ ရက်သာ ကျင်းပခဲ့သည်။

အစိုးရ၏ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများမှာ ယခုအချိန်ထိ အခြေခံကျသောပြည်သူများ အနေဖြင့် မခံစားရသေးဘဲ ဖြစ်နေရခြင်းမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ လွှတ်တော်များ ကောင်းကောင်း အလုပ် မလုပ်၍ ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ထောက်ပြပြောဆိုခဲ့သည်။

‘‘တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာဆိုရင် လွှတ် တော် ကိုယ်စားလှယ်တွေက ဝန်ကြီးချုပ်နဲ့တကွ ဝန်ကြီးများ ဟာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက်တည်ရှိနေပါ တယ်။ ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ ဆိုင်ရာ လုပ်ငန်းတွေကိုဆောင် ရွက်တာကို ထည့်သွင်းစဉ်းစား ရမယ်လို့တင်ပြပါတယ်’’ဟု ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးစိန်တင်ဝင်းကပြန်လည် ရှင်းပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ပုံမှန်အစည်းအဝေးတစ်ခု နှင့်တစ်ခုအကြား တစ်လထက် ပို၍ မကွာစေရဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် လွှတ်တော်ဥက္ကဋ္ဌ သည် အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေးများ ခေါ်ယူ ကျင်းပနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ လေးပုံတစ်ပုံက

တောင်းဆိုပါကလည်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

7Day Daily

No comments:

Post a Comment