Sunday, February 1, 2015

တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၀၀၀၀ ကျော် ထပ်မံတွေ့ရှိ



ကချင်ပြည်နယ်အတွင်း တစ်လခန့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်အလုံးရေ ၁၂၃၂၈ ကျော် တွေ့ရှိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
လက်ရှိအချိန်အထိ တရုတ်နိုင်ငံဘက်သို့ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်များကို လိုက်လံရှာဖွေ သိမ်းဆည်းနေရဆဲဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံသားများအနေဖြင့် ယင်းကဲ့သို့ သစ်ခိုးထုတ်မှုကို နှစ်စဉ် ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး စီမံကိန်းကြီးတစ်ခုသဖွယ် သစ်ထုတ်လုပ်သည့် လုပ်ငန်း သုံးပစ္စည်း အများအပြားဖြင့် လုပ်ကိုင်နေခြင်းလည်း ဖြစ်သည်။
သစ်ခိုးထုတ်နေသည့် တရုတ်နိုင်ငံသားများကို တပ်မတော်၏ ကင်းထောက်လှမ်း မှုမှ စတင်သိရှိခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီ ၂ ရက် မှ ၃ဝ ရက်အထိ ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ သစ်အလုံးရေ ၁၂၃၂၈ အထိ သိမ်းဆည်းနိုင်ခဲ့ပြီး ဆက် လက်ရှာဖွေရမည့် လမ်းကြောင်းများ ကျန်ရှိနေသည်ဟု မြစ်ကြီးနားသစ်တော ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
ဝိုင်းမော်မြို့အတွင်း သိမ်းဆည်းရမိသည့် သစ်များကို တိုင်းတာရန် မြစ်ကြီးနား သစ်စစ်ဆေးရေးဌာနသို့ ပေးပို့မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ဝိုင်းမော်မြို့အတွင်း တရုတ်နိုင်ငံသားများ ခိုးထုတ်သည့်သစ်များ ပြန့်ကျဲလျက်ရှိ သကဲ့သို့ ခိုးထုတ်နေသည့် တရုတ်နိုင်ငံသားများမှာလည်း နေရာအနှံ့တွင် ရှိနေကြောင်း ဖမ်းဆီးရမိမှုအခြေအနေများအရ သိရသည်။
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည့်အပြင် ၎င်းတို့အသုံးပြုခဲ့သည့် မြေတူးစက်တစ်စီး၊ ဝန်ဆွဲ ယာဉ်သုံးစီး၊ ကရိန်နှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ပါဂျဲရိုး လေးစီး၊ နှစ်ခန်း တွဲယာဉ်နှစ်စီး၊ ဆိုင်ကယ် ကိုးစီး စုစုပေါင်းယာဉ် ၅၁၉ မှာ နယ်စပ်ဝင်ပေါက်များမှ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။
ရှာဖွေဖမ်းဆီးမှုများကို တပ်မတော်၊ ရဲ နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဆက်လက်ပြုလုပ်လျက်ရှိကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရမိခဲ့သော တရုတ်နိုင် ငံသား ၁၃၈ ဦးကို ကချင်ပြည်နယ် အကျဉ်းထောင်များတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုများ
ပြုလုပ်လျက်ရှိသည်။

ယင်းအပြင် အဆိုပါ တရုတ်နိုင်ငံသားများကို ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်သည့် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် အရေး ယူမှု ကိုလည်း စတင်ခဲ့ပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။
လိုအပ်လျှင် အပက (၃) ၊သစ်တောဥပဒေ၊ လဝကဥပဒေနှင့် မူးယစ်ဥပဒေတို့ ဖြင့်ပါ ထပ်မံတရားစွဲဆိုသွားမည်ဟု သိရသည်။
တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံအတွင်းသို့ ၂ဝ၁၂ ခုနှစ်မှ စတင်ကာ သစ် အပါအဝင် သယံဇာတများကို ခိုးထုတ်နေခဲ့သည်ဟု သစ်တောဦးစီးဌာန၏ တာဝန် ရှိသူများမှ ပြောကြားထားမှုများ ရှိထားသည်။
၎င်းအပြင် တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် တရားမဝင်သစ်လုပ်ငန်း အကြီးဆုံး လုပ်ကိုင်သည့်နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ခုနစ် ဘီလျံဖိုးခန့်အား တရုတ်နိုင် ငံအတွင်းသို့ တင်သွင်းနေပြီး ရာခိုင်နှုန်း ၉ဝ ခန့်မှာ မြန်မာနိုင်ငံမှ သစ် များဖြစ်နေကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှ သစ်ခိုးထုတ်ခံရမှုများမှာ မြင့်တက်လာနေပြီး ၂ဝ၁၄ ခုနှစ် အတွင်း အဖိုးတန်သစ်များအပါအဝင် အခြားသစ် တန်ချိန် ၄ဝဝဝဝ နီးပါးအထိ ဖမ်း ဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသားများမှာ ယင်းဖြစ်စဉ်များတွင် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။
eleven media group

No comments:

Post a Comment