Thursday, February 19, 2015

ဘလုတ်ညွန့်ရပ်ကွက်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ အကူအညီလိုအပ်နေ

ကြည့်မြင်တိုင်တစ်ဖက် ကမ်း ဘလုတ်ညွန့်ရပ်ကွက်မှ မီး ဘေးသင့်ဒုက္ခသည် ကျောင်းနေ ကလေး တစ်ရာကျော်အတွက် စာမေးပွဲအမီ ကျောင်းတက်နိုင် ရန်နှင့် ပညာရေးအတွက် ကျောင်းသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်းမှုကြောင့် ဘလုတ်ညွန့်ရပ်ကွက်တွင် အိမ်ခြေနှစ်ရာခန့်၌ မီးဘေးဒုက္ခသည် ပေါင်း ကိုးရာကျော်ရှိနေပြီး ၎င်းတို့အနက် ကျောင်းသူ၊ ကျောင်းသားပေါင်း တစ်ရာခန့်ရှိကာ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသားခြောက်ဦးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကပြောသည်။

မီးဘေးသင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအမီ စာသင်ကြားနိုင်စေရန် အထက (၆) ကြည့်မြင်တိုင်တွင် တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ဖေဖော်ဝါရီ ၁၆ ရက် ည ၌ ပြောကြားခဲ့သော်လည်း လတ် တလော ကလေးများ စာသင် ကြားရန် စာအုပ်စာတမ်းများနှင့် သင်ထောက်ကူပစ္စည်းများ မရှိခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း အဆိုပါကလေးများအား ပညာဒါနသင်ကြားပေးနေသည့် ကျောင်းဆရာဦးကြည်က ပြောကြားသည်။
‘‘ကလေးတွေအတွက် အခု ကျောင်းစာအုပ်တွေကို မိတ္တူကူး ပေးဖို့ ဘုန်းဘုန်းတို့ ကျောင်းက စီစဉ်နေကြတယ်။ ကလေးတွေအတွက် အမြန်ဆုံးစီစဉ်ပေး နိုင်ရင် ကောင်းမယ်’’ဟု ဒုက္ခသည် စခန်းအဖြစ် ဖွင့်လှစ်ထားသော ဘလုတ်ညွန့်ရပ်ကွက် သာသနာ့ရောင်ခြည်ခါတော်မီ ကျောင်းတိုက် ဆရာတော်ဦးသုမနက မိန့်ကြားသည်။
မီးဘေးသင့်ပြည်သူများအ တွက် စောင်၊ ခြင်ထောင်များနှင့် အနွေးထည်များ အဓိက လိုအပ်နေကြောင်း ဆရာတော်ဦးသုမနက မိန့်ကြားသည်။ ‘‘စားစရာလာလှူမယ်ဆိုရင်တော့ သိပ်မလိုတော့ဘူး။ မီးဘေးသင့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် စာအုပ်စာတမ်းတွေ၊ ကျောင်းဝတ်စုံတွေ၊ ပညာရေးနဲ့ ဆိုင်တဲ့ သင်ထောက်ကူပစ္စည်းတွေ အရေးပေါ်လိုအပ်နေပါတယ်’’ ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
‘‘အခုထိတော့ လာလှူတဲ့သူ တွေက အများကြီးဖြစ်နေတော့ စားစရာတွေတော့ ပူစရာမလိုပေ မယ့် ကလေးတွေ ပညာရေးအ တွက်သာ စိတ်ပူတယ်။ စာမေးပွဲ က ဖြေဖို့တော်တော် နီးနေပြီ။ ကျက်စရာ စာအုပ်တွေလည်း မီး ထဲပါသွားတယ်လေ’’ဟု အဆိုပါ ဒုက္ခသည်စခန်းမှ အသက် (၄၀) ခန့် အရွယ် ကလေးနှစ်ဦး၏ မိခင် ဒေါ်မြင့်ဝေ ဦးက ပြောသည်။
လက်ရှိတွင် မီးဘေးသင့်ဒုက္ခသည်များအတွက် အလှူငွေသိန်း ၅၀ ကျော် ရရှိနေပြီ ဖြစ်သော်လည်း ကျောင်းသား၊ ကျောင်း သူများအတွက် ပညာရေးသင်ထောက်ကူပစ္စည်းများ လှူဒါန်းသူ မရှိသလောက် နည်းပါးနေသေးကြောင်း ဒုက္ခသည်များအတွက် အလှူခံဌာနမှ တာဝန်ရှိသူများက ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက် ည တွင် လောင်ကျွမ်းခဲ့သော မီး ကြောင့် အိမ်ခြေနှစ်ရာခန့် ဆုံးရှုံး ခဲ့ပြီး အိမ်ထောင်စု ၂၅၀ ခန့်အိုးမဲ့ အိမ်မဲ့ဖြစ်ကာ ပျက်စီးဆုံးရှုံးမှု တန် ဖိုး အတိအကျ မသိရသေးသော် လည်း သေဆုံး၊ ဒဏ်ရာရသူ မရှိ ကြောင်း မီးသတ်ဦးစီးဌာနက အတည် ပြု ပြောကြားထားသည်။
မီးဘေးသင့်ဒုက္ခသည်များထံ အလှူရှင်များက လာရောက်လှူဒါန်းနေစဉ် (ဓာတ်ပုံ - နိုင်လင်းအောင်)
7Day Daily

No comments:

Post a Comment