Wednesday, February 18, 2015

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ရက်ပိုင်းအတွင်း လွှတ်တော်တင်ဖွယ်ရှိ


နိုင်ငံတော်သမ္မတက အတည်ပြု ပြဋ္ဌာန်းထားသည့် အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားများ တောင်းဆိုထားသည့် အတိုင်း ပြန်လည် ပြင်ဆင် ရေးဆွဲထားသော ပြင်ဆင်ရေး ဥပဒေကြမ်းကို ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice သို့ပြောကြားသည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ရှိ ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ တံခါးပိတ် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ယခင်က ယင်းဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၇ ရက်အထိ ဆွေးနွေးမှု မစတင် နိုင်သေးပေ။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းထံ လိပ်မူ ပေးပို့ထားပြီး ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က The Voice သို့ ပြောဆိုသည်။
“အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး အချိန်မဆွဲဘဲ အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းဖို့ လိုအပ်နေပြီ” ဟု မုံရွာတက္ကသိုလ်မှ ကထိက ဒေါက်တာစိုင်းခိုင်မျိုးထွန်းက တိုက်တွန်း ပြောကြားသည်။
အလားတူ လက်ရှိ ချီတက်နေသော ကျောင်းသားသပိတ်များနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက တန်ပြန်ဆန္ဒပြပွဲများ မပြုလုပ်ရန် ၎င်းက ဆက်လက် တောင်းဆိုသည်။

မန္တလေးမြို့မှ ထွက်လာသော ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၇ ရက်တွင် လက်ပံတန်း မြို့သို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ခေတ္တနားနေမည် ဖြစ်ကြောင်း အဆိုပါ စစ်ကြောင်း တာဝန်ရှိသူများက The Voice သို့ ပြောဆိုသည်။
ရန်ကုန်မြို့သို့ ဦးတည် ချီတက်လာသော အဆိုပါ စစ်ကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ဦးစီးလာခဲ့ခြင်း ဖြစ်ပြီး လတ်တလော အချိန်တွင် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့က ဆက်လက် ဦးစီးခဲ့ကြောင်း သပိတ်မှောက် ကျောင်းသားများထံမှ သိရှိရသည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဇန်နဝါရီလ ၂၀ ရက်က စပြီး မန္တလေးမြို့မှ ထွက်ခွာလာခဲ့သည့် ယင်းပင်မ စစ်ကြောင်းတွင် ရန်ကုန်၊ ပဲခူး၊ ကလေးမြို့ အပါအဝင် မြို့ကြီး ၁၉ ခုရှိ တက္ကသိုလ်များမှ ကျောင်းသားများ လိုက်ပါလာခဲ့ကြောင်း ၎င်းတို့က ဆက်လက်ပြောဆိုသည်။
နယ်အသီးသီးမှ ကျောင်းသားသမဂ္ဂများက စစ်ကြောင်းများခွဲကာ ရန်ကုန်မြို့သို့ ချီတက်လာသော်လည်း တောင်းဆိုချက် ၁၁ ချက် သဘောတူညီမှုရပြီး နောက်ပိုင်းတွင် ပင်မစစ်ကြောင်း တစ်ကြောင်းတည်းသာ ဆက်လက် ချီတက်လာခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment