Wednesday, February 18, 2015

လောက်ကိုင်မှ ပြန်လာသော ကြက်ခြေနီ ယာဉ်တန်း ပစ်ခတ်ခံရ

လောက်ကိုင်ဒေသအတွင်း ကျန်ရှိနေသော စစ်ဘေး ဒုက္ခသည်များကို ကယ်ဆယ်သည့် ကြက်ခြေနီ ယာဉ်တန်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ချင်းရွှေဟော်မြို့နှင့် လောက်ကိုင်မြို့အကြား လမ်းပေါ်တွင် ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် ကြက်ခြေနီတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း ကွမ်းလုံမြို့နယ် ကြက်ခြေနီအဖွဲ့ဝင် ဦးကျော်ဇောက ပြောကြားသည်။
“တောင်ခါးပန်း အကွေ့အနား အရောက်မှာ သေနတ်သံ စကြားတယ်၊ လေကာမှန်ကို ဖောက်ပြီး ပထမဆုံး ကားသမားကိုထိတယ်၊ နောက်ပြီး ဘေးကထိုင်တဲ့ တစ်ယောက် ဗိုက်ကို ထိတယ်” ဟု ၎င်းကဆိုသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို ယာဉ်တန်းနှင့်အတူ ပါလာသော သတင်းထောက်များ အကူအညီဖြင့် ပြန်လည် သယ်ယူလာခြင်း ဖြစ်ကြောင်း ဦးကျော်ဇောက ထပ်လောင်းပြောကြားသည်။

အဆိုပါ ယာဉ်မောင်းမှာ မျက်လုံးတွင် မှန်စဆူး ဒဏ်ရာနှင့် ကြက်ခြေနီတစ်ဦးမှာ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ရရှိထားပြီး ကွမ်းလုံဆေးရုံကြီး အရေးပေါ် လူနာဆောင်တွင် ဆေးကုသမှု ခံယူနေရကြောင်း ကွမ်းလုံဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းသို့ စစ်ဘေးရှောင် ဒုက္ခသည်များကို လိုက်လံကယ်ဆယ်သည့် မော်တော်ယာဉ်တန်းကို ပစ်ခတ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ပြန်လည် ဆုတ်ခွာရာတွင် ကြက်ခြေနီသုံးဦး ကျန်ရှိနေကြောင်း ကွမ်းလုံမြို့နယ် ကြက်ခြေနီ အသင်းထံမှ သိရသည်။

“ကျွန်တော်တို့ ကယ်ဆယ်ရေး လုပ်နေတာ ငါးရက်လောက်ရှိပြီ၊ တစ်ခါမှ အပစ်မခံမရဘူး၊ ဒုက္ခသည် ကယ်ဆယ်ရေး ကားဆိုတာ သိသာအောင် ကြက်ခြေနီအလံတွေ တင်ထားတယ်၊ နောက်ပြီး တပ်မတော် ယာဉ်တန်းနဲ့လည်း တွဲပြီးသွားတာ မဟုတ်ဘူး၊ ဒါကို ပစ်တာတော့ လွန်နေပြီဗျာ” ဟု ကွမ်းလုံမြို့နယ် ကြက်ခြေနီမှူး ဦးပိုင်ပိုင်က ဆိုသည်။
အဆိုပါ ကယ်ဆယ်ရေး ယာဉ်တန်း ပစ်ခတ်ခံရပြီးနောက် အစိုးရ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသောကြောင့် ချင်းရွှေဟော်မြို့ အနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး မြို့အထွက်ကို အရပ်ကား ဖြတ်သန်းခွင့် ပိတ်ထားကြောင်း ကွမ်းလုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်ဘေး ဒုက္ခသည်ပေါင်း နှစ်သောင်းကျော် ရှိလာပြီ ဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။
လောက်ကိုင် စစ်ဘေး ဒုက္ခသည်များကို ကွမ်းလုံမြို့နယ်နှင့် လားရှိုးမြို့နယ်တို့ရှိ ဒုက္ခသည် စခန်းများမှတစ်ဆင့် နေရပ်သို့ ပြန်လည် ပို့ဆောင်နေကြောင်း မြို့နယ် ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment