Wednesday, February 4, 2015

ဝန်ကြီးဌာန ၂၅ ခု ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ၂၅ ခုသည် သတ်မှတ်ကာလ ကျော်လွန်၍ ပိုလျှံငွေ ပြန်အပ်မှုသည် ဘဏ္ဍာရေး စည်းမျဉ်းများကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီဝင် ဦးမောင်တိုးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေပါ နိုင်ငံတော်၏ အရအသုံးစာရင်းများ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်တို့ တင်သွင်းရာ ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။



နိုင်ငံတော်၏ ရသုံးဘဏ္ဍာငွေ ပိုလျှံငွေများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရသော်လည်း ဝန်ကြီးဌာန ၂၅ ခုနှင့် ဗဟိုအဖွဲအစည်း လေးခုတို့သည် သက်မှတ်ရက်ထက် ကျော်လွန်သည်အထိ အပ်နှံခြင်းကို ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက လက်ခံနေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီဝင် ဦးမောင်တိုးက ပြောကြားသည်။

“ပိုလျှံငွေများကို အချိန်မီ အပ်နှံရန် လိုအပ်ခြင်းနှင့် အခြားသော ဘဏ္ဍာရေးစည်းမျဉ်း ဖောက်ဖျက်မှုများကို သိသိသာသာ လျော့နည်းစေရန်အတွက် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန အနေဖြင့် လိုအပ်သည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲ ထုတ်ပြန်ရန် လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဝန်ကြီးဋ္ဌာနများက ပိုလျှံငွေများကို ပြန်လည်အပ်နှံမှု နောက်ကျနေခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ စာရင်းများတွင် အရှုပ်အရှင်းများ ဖြစ်ပေါ်နေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီဝင် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက လုပ်ထုံးလုပ်နည်းတွေကို ဝန်ကြီးဌာန တစ်ခုကို တစ်မျိုး သတ်မှတ်နေတော့ ပြန်အပ်တဲ့ နေရာမှာ ဝန်ကြီးဋ္ဌာန အားလုံးက တစ်ပြေးညီ တစ်ချိန်တည်း ပြန်မအပ်နိုင်ဘူး ဖြစ်နေတယ်။ ပြန်မအပ်နိုင်တော့ နောက်ဘဏ္ဍာနှစ်ကို ကူး၊ အဲဒီမှာ နောက်ဘဏ္ဍာနှစ်က ငွေစာရင်းတွေနဲ့ ရှုပ်တာတွေ ဖြစ်တာပေါ့”

အလားတူ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် နိုင်ငံတော် ထောက်ပံ့ငွေများကို ရယူ ဆောင်ရွက်နေခြင်း၊ ဌာနခုနစ်ခုနှင့် စက်ရုံ သုံးရုံတွင် သီးခြားစာရင်းရှင် ဖွင့်လှစ် ဆောင်ရွက်နေခြင်းသည် တည်ဆဲဘဏ္ဍာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအတွင်း ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဗဟိုအဖွဲ့အစည်း လေးခုနှင့် ဝန်ကြီးဌာန ၂၅ ခုသည် သတ်မှတ်ကာလ ကျော်လွန် အပ်နှံငွေ စုစုပေါင်း ၄၀၈ ဒသမ ၆၀၄ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment