Wednesday, February 4, 2015

လေးပွင့်ဆိုင် ဆွေးနွေးပွဲပျက်သွားသဖြင့် ရပ်နားထားသည့် သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဆက်လက်ချီတက်မည်


  လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပျက်သွားခြင်းကြောင့် ရပ်နား ထားသည့် သပိတ် စစ်ကြောင်းများ ရန်ကုန်သို့ ချီတက်သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် နိုင်ငံ လုံးဆိုင်ရာကျောင်းသားသပိတ် ဆင်နွှဲသွားမည်ဟု သပိတ်မှောက် ကျောင်းသားများက ပြောကြား လိုက်သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်၌ အမျိုးသားပညာ ရေးဥပဒေပြင်ဆင်ရေး ဒုတိယအ ကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲပြု လုပ်ရမည်ဖြစ်သော်လည်း ဆွေး နွေးပွဲ မဖြစ်မြောက်ခဲ့ဘဲ ဖေဖော် ၀ါရီ ၁၂ ရက်
နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်သည်။ ဆွေးနွေးပွဲပျက်ပြယ်သွား သောကြောင့် ယခင်က ရပ်ဆိုင်း ထားသော သပိတ်စစ်ကြောင်း များဖြစ်သည့် ထားဝယ်၊ ပခုက္ကူ၊ မော်လမြိုင်၊ ဧရာဝတီတို့မှ သပိတ်မှောက်ကျောင်းသားများ ရက် ပိုင်းအတွင်း ရန်ကုန်မြို့သို့ ချီ တက်သွားမည်ဟု မန္တလေးမှရန် ကုန်သို့ သပိတ်မှောက်ချီတက် သော သပိတ်ကျောင်းသားခေါင်း ဆောင် ကိုမင်းသွေးသစ်က 7Day Daily အား ပြောသည်။

‘‘ဧရာဝတီစစ်ကြောင်းက တော့ စထွက်နေပြီ။ မကြာခင်မှာ ပဲ ထားဝယ် စစ်ကြောင်းနဲ့ ပခုက္ကူ စစ်ကြောင်းက စထွက်တော့မှာ ပါ။ အစိုးရက အခု ၁၅ ဦးကော်မ တီဟာ ကျောင်းသားထုကို ကိုယ် စားပြုလားလို့ မေးပါတယ်။ သက် သေပြပါလို့ပြောတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့က ကျောင်း သားတွေ စုစည်းပြီး ရန်ကုန်ကို အမြန်ဆုံးချီတက်ကြမယ်။ ရန် ကုန်မှာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသပိတ်ကြီးဆင်နွှဲ မယ်။ ကျွန်တော်တို့ အဲဒီမှာ ဘာ လုပ်မလဲစောင့်ကြည့်ပါ’’ဟု ကို မင်းသွေးသစ်က ပြောသည်။

 လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်သော ကျောင်းသား ခေါင်းဆောင်များသည် လေးပွင့် ဆိုင်ဆွေးနွေးပွဲပျက်ပြီးနောက် အစည်းအဝေးပြုလုပ်၍ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

ပခုက္ကူသပိတ်စစ်ကြောင်း နှင့် ထားဝယ်သပိတ်စစ်ကြောင်း တို့သည် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သောကြောင့် သပိတ်လမ်းကြောင်းအား ဖေဖော်ဝါရီ ၂၈ ရက်က ရပ်နားထားခဲ့သည်။

မန္တလေးမှ ရန်ကုန်ခရီးရှည် ချီတက်သော သပိတ်မှောက် ကျောင်းသားများသည် လေးပွင့် ဆိုင်ဆွေးနွေးသည့် ဖေဖော်ဝါရီ ၁ ရက်၌သာ သပိတ်စစ်ကြောင်း ရပ်နားထားခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်က မကွေးမြို့သို့ ရောက်ရှိလာသော သပိတ်မှောက်ကျောင်းသားများ ကို ထောင်နှင့်ချီသော မကွေးမြို့ ခံပြည်သူများက ကြိုဆိုခဲ့ကြ သည်။ ထို့နောက်သပိတ်မှောက် ကျောင်းသားများသည် မကွေးမြို့ နည်းပညာကောလိပ်နှင့် မကွေး တက္ကသိုလ်သို့ သွားရောက်ဟောပြောခဲ့ကြသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် မော်လမြိုင်ရှိ တက္ကသိုလ်များ၌အစိုးရ၏လေးပွင့်ဆိုင်ဆွေးနွေးပွဲမရိုးမသားလုပ်မှုများ၊ ကျောင်းသားများ တောင်းဆိုသည့်၁၁ ချက်ပြန်လည်ရှင်းပြခြင်းများ ပြုလုပ်မည်ဖြစ်ပြီး မော်လမြိုင်၊ ထားဝယ်၊မြိတ်မြို့သုံးခုပေါင်း၍ သပိတ်စစ်ကြောင်းပြုလုပ်ကာ ရန်ကုန်သို့ချီတက်လာမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ လုပ်ငန်းကော်မတီတာဝန်ခံကိုဘုန်းမြတ်မိုးကပြောသည်။ သို့သော်  သပိတ်စစ်ကြောင်းလမ်းကြောင်းကို မည်သို့မည်ပုံသွားမည်ဆိုသည်ကို ပြန်လည်ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘စစ်ကြောင်းထွက်မှာတော့ သေချာတယ်။ ဒီတစ်ရက်၊ နှစ် ရက်အတွင်း ထွက်နိုင်အောင်လုပ် မယ်။ ကျွန်တော်တို့က အခုမှ ပြန် လာနေတုန်းပဲရှိသေးတယ်။ တိုင် ပင်ပြီး အစည်းအဝေးလုပ်ရဦး မယ်။ သေချာတာကတော့ သပိတ်စစ်ကြောင်းတွေ အကုန်ပြန်ထွက်ကြမယ်’’ဟု ပခုက္ကူစစ်ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲဇာနည်ထွန်းကပြောသည်။

‘‘ကျောင်းသားသပိတ်တွေ ကို အရှိန်မြှင့်ပြီးလုပ်ကြမယ်။ ရန်ကုန်ထိတော့  ရောက်အောင် သွားမယ်။ ရန်ကုန်မှာ ရအောင် တိုက်ယူမယ်’’ဟု ကျောင်းသား သပိတ်ခေါင်းဆောင်ကျော်ကိုကို ကပြောသည်။ ကျောင်းသား သပိတ်ခေါင်းဆောင် ကျော်ကိုကို သည် မကွေးမြို့ ဗိုလ်ချုပ်ကြေး ရုပ်ပန်းခြံ၌ ဟောပြောရာတွင် ‘‘ကျောင်းသားသွေးတစ်ပေါက် ကျလျှင် မီးဟုန်းဟုန်းတောက် မည်’’ဟု ပြောကြားသွားခဲ့သည်။

သပိတ်မှောက်ကျောင်းသား များသည် ယနေ့နံနက်တွင် မကွေးမြို့မှ မိုင် ၃၀ နီးပါးဝေးသော သစ်ရာကောက်ကျေးရွာသို့ ချီတက်သွားမည်ဖြစ်သည်။


7 Day Daily

No comments:

Post a Comment