Tuesday, February 3, 2015

ပုလောတွင် မီးကြွင်းမီးကျန်မှ နေအိမ် ၇၀ ကျော် မီးလောင်



မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် (၁) ရပ်ကွက်၊ မြဝတီလမ်းနှင့် ဗိုလ်အောင်ချို လမ်းထောင့်နေ ဦးဇော်ငယ် (ခ) ခင်ဇော်တို့၏ ဓနိမိုး၊ ထရံကာနေအိမ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က မီးဖိုချောင်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးအနားရှိ အိမ်ခုနစ်ဆယ်ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပုလောမြို့ခံများထံမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက်တို့မှ မီးမကူးစေရန် ဖျက်ဆီးခဲ့ရသော ဓနိမိုး၊ ထရံကာ၊ ပျဉ်ကာ နေအိမ်များ အပါအဝင် စုစုပေါင်း နေအိမ် ၇၂ လုံး ပျက်စီးခဲ့ကြောင်း ပုလောမြို့နယ် ရဲစခန်းမှ ရဲအုပ်စိုးကြည်က ပြောသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ခြေ ၂၈ ခု၊ အိမ်ထောင်စု ၃၄ စုမှ လူဦးရေ စုစုပေါင်း ၁၆၇ ဦး မီးဘေးဒုက္ခ ကြုံတွေ့ရပြီး ပုလောမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ကမ်းရိုးတန်း ရတနာခန်းမနှင့် လယ်ဝဲကျောင်းတို့တွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“မီးလောင်တာကတော့ လျှပ်စစ်မီး ရေနွေးအိုးတည်ရာမှ ပေါက်ကွဲပြီး ထလောင်တယ်လို့တော့ ပြောသံကြားတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ပုလောမြို့ခံ ဦးသန်းနွယ်က ပြောကြားသည်။
ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းဆုံးရှုံးမှု ခန့်မှန်း ကျပ်သိန်း ၉၀ ကျော်ဖိုး ဆုံးရှုံးသွားခဲ့ကြောင်း ပုလောမြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
ထိုမီးလောင်မှုကြောင့် မီးပေါ့ဆစွာ သုံးစွဲခဲ့သည်ဟုဆိုသူ ဦးဇော်ငယ် (ခ) ခင်ဇော်အား (ပ) ၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ပုလောမြို့နယ် ရဲစခန်းမှ သိရသည်။

(Dawei Watch)
The Voice Weekly

No comments:

Post a Comment