Friday, February 20, 2015

ဝှိုက်ကတ် သို့မဟုတ် နာတာရှည် ပြဿနာ


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ လဝက ဝန်ကြီးဦးခင်ရီ၊ ဦးစစ်အေး၊ ဦးလှမောင်၊ ဦးဇော်အေးမောင် တို့ကိုမေးမြန်းပြီး  White Card တွေ ထုတ်ပေးထားတဲ့ ကိစ္စ၊ သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြီး သက်တမ်းကုန်ဆုံးမယ့်ရက် ကြေညာလိုက်တဲ့ကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖော်ပြတာ လုပ်ခဲ့ပါတယ်။ သိပ်မကြာသေးခင် ရက်ပိုင်းကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဟာ လာမယ့် ၂ဝ၁၅ ခု၊ မေလလောက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ' ဖွဲ့စည်းပုံ အခြေခံဥပဒေ၂ဝဝ၈ ကို ပြင်ဆင်တဲ့ ဥပဒေ' အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံ လက် မှတ်လို့ ခေါ်တဲ့ White Card ကိုင်ထားသူတွေကို မဲပေးခွင့် ပြုလိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး အဆုံးအဖြတ်ပေးတာ ရှိခဲ့ပါတယ်။ ခုံရုံး ဆုံးဖြတ်ချက် ဘာဖော်ပြထားသလဲ၊ သမ္မတရဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်မှုအပေါ် ဝန်ကြီးနဲ့ လူပုဂ္ဂိုလ်တချို့ ဘယ်လိုသုံးသပ်ထားသလဲ  White Card ကိစ္စ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

 White Card နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့အကြောင်း ပြန်ချက်ကခုလိုပါ။ ''နိုင်ငံတော် အခြေခံမူများ အခန်း ပုဒ်မ ၄ တွင် နိုင်ငံတော် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံး၌ တည်သည်ဟူ၍လည်းကောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်ဟုလည်းကောင်း ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အချုပ်အခြာအာဏာ၏ အရင်းအမြစ်သည် နိုင်ငံသားများသာဖြစ်ပြီး နိုင်ငံသားများသာ လျင် ရွေးကောက် တင်မြှောက်သူ၊ ရွေးကောက် တင်မြှောက်ခံသူများ ဖြစ်ကြပါကြောင်း၊ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများအဖြစ် ပြဋ္ဌာန်း ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း'' ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီ  White Card ပြဿနာနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးခင်ရီရဲ့ ရှင်းပြချက်မှာတော့ ဒီယာယီသက်သေခံ လက် မှတ်တွေကို လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက ဥပဒေနဲ့အညီ ထုတ်ပေးထားတာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီ  White Card ကိုင်ထားတဲ့ သူတွေက အစစ်ဆေးမခံဘဲ ပုန်းရှောင်နေလို့ ဒီလောက်ကြန့်ကြာနေတာ ဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။ တကယ်တော့ အရင်စစ်အာဏာရှင်တွေနဲ့ လက်ရှိ အစိုးရ လက်ထက်အထိ White Card ကိုင်ထားသူ တွေကို ဘယ်လဝက ဝန်ကြီးဌာနကမှ စိစစ်ပေးခြင်းမရှိပါဘူး။ ဝန်ကြီး ပြောစကား မှန်ကန်မှု မရှိပါဘူး။

နောက်တစ်ချက်ကတော့ ဒီ  White Card  တွေကို ဥပဒေနဲ့အညီ ထုတ်ပေးထားတယ်ဆိုတဲ့ကိစ္စပါ။ ဝန်ကြီး ဦးခင်ရီ ပြောတဲ့ထဲမှာ ဥပဒေ အကိုးအကားတွေ ပါပါတယ်။ အဲဒီ ဥပဒေတွေအရဆိုရင်  White Card ကို ရက်ပိုင်းလောက်ပဲ ကန့်သတ် ထုတ်ပေးရမယ့်အပြင် ဘယ်နိုင်ခြားသားကိုမှလည်း White Card ထုတ်ပေးထားလို့ မရပါဘူး။ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ နိုင်ငံသား အရည်အချင်း အဆင့်တစ်ခုခု မသတ်မှတ်ရသေးတဲ့ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေကို ထုတ်ပေးထား တာမျိုးပါ။ ဒါပေမယ့်လည်း ဝန်ကြီးဦးခင်ရီဟာ လွှတ်တော်တွင်းမှာရော လွှတ်တော်ပမှာပါ ဘယ်နိုင်ငံသားမှန်း မစိစစ် ရသေးတဲ့ သူတွေကို ဒီ  White Card တွေ ထုတ်ပေးထားတယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။ တကယ်လို့ နိုင်ငံခြားသားတွေကိုသာ ဒီ White Card ထုတ်ပေးထားတယ် ဆိုရင်တော့ ဥပဒေ ချိုးဖောက် ပြီး ထုတ်ပေးထားတယ်လို့ မှတ်ယူရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ White Card ကိစ္စ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင်စစ်အာဏာရှင်တွေ ခေတ်ကတည်းက အမှားလုပ်ခဲ့တာတွေကို ဝန်မခံဘဲ ပြည်ဖုံးကားချဖို့ ကြိုးစားနေပါပြီ။ ဘာတွေ ဆက်ဖြစ်လာနိုင် မလဲလေ့လာကြည့်ရအောင်ပါ။

အင်တာဗျူးမှာ ပြောဆိုသူ ဦးစစ်အေး၊ ဦးလှမောင်၊ ဦးဇော်အေးမောင်တို့ အားလုံး ကတော့ သမ္မတရဲ့ White Card သက်တမ်း ကုန်ဆုံးရက် ကြေညာတာ၊ နိုင်ငံသား အဆင့်အတန်း တစ်ခုခု စိစစ်ခံယူဖို့ အချိန် သတ်မှတ်ပေးတာတွေကို ကြိုဆိုကြပါတယ်။ ဒါပေမယ့် ပြဿနာကဒီလောက် မရိုးရှင်းပါဘူး။ ပထမ ပြဿနာက ရခိုင်ပြည်နယ်ထဲ က ဘင်္ဂါလီ-ရိုဟင်ဂျာ တွေဟာ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ပြောဆိုပြီး အစစ်ဆေး ခံကြမယ့် ပြဿနာ ဖြစ်ပါတယ်။ အဲလို သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ပြော၊ သက်ဆိုင်ရာ အာဏာပိုင်တွေက လက်မခံဘူးဆိုရင် စိစစ်ရေး လုပ်ငန်းစဉ် မပြီးပြတ်ဘဲ အထောက်အထားမဲ့ လူသားတွေ ဖြစ်သွားနိုင်ပါ တယ်။ သူတို့ လက်ထဲ White Card အပ်နှံပြီးကြောင်း လက်ခံပြေစာလေးတစ်ခုပဲ ကျန်ရစ်နေမှာ ဖြစ်ပါ တယ်။

ဒုတိယ ပြဿနာက ဘင်္ဂါလီလို့ ပြောဆို အစစ်ဆေးခံသည့်တိုင် စိစစ်မှုမပြီးပြတ် နိုင်တာမျိုး ဖြစ်ပါတယ်။ ဒီလို ဆိုရင်လည်း သူတို့လက်ထဲ လက်ခံပြေစာပဲ ကျန်ရစ်ဦး မှာ ဖြစ်ပါတယ်။ တတိယ ပြဿနာက ဥပဒေအတိုင်း သာဆို White Card ကိုင်ထား သူတွေကို နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ တစ်ခုခု သတ် မှတ်ပေးလိုက်ရင် ဖြစ်ပေါ်လာမယ့် ကိစ္စပါ။ ဒါကို ရခိုင်တိုင်းရင်းသားတွေ သဘောမတူရင် ကန့်ကွက်မှု ကြီးတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ အကြောင်းကတော့ ရခိုင်ပြည်နယ် ထဲက ဘင်္ဂါလီ-ရိုဟင်ဂျာ တွေထဲမှာ တစ်ဖက်နိုင်ငံက တရားမဝင် ခိုးဝင်လာသူတွေ၊ တနည်း နိုင်ငံခြားသားတွေ အများကြီးရှိတယ်လို့ ရခိုင်တိုင်းရင်းသားတွေရဲ့ စွပ်စွဲမှု ရှိနေလို့ပါပဲ။

စတုတ္ထပြဿနာက ဥပဒေအရ မဟုတ်ဘဲ နိုင်ငံခြားသားလို့ သတ်မှတ်လိုက်မယ့် ပြဿနာပါ။ ဒါဆိုရင် ပြန်ရမယ့် နိုင်ငံမရှိတဲ့ နိုင်ငံခြားသားတွေ အဖြစ်ရောက်ပြီး နောက်ဆက်တွဲ ပြဿနာပေါင်းများစွာ ပေါ်ပေါက်လာနိုင်ပါ သေးတယ်။ ဒီအတွက်လည်း သမ္မတ ဦးသိန်းစိန်ဟာ ကျွမ်းကျင်သူ ပညာရှင်တွေပါတဲ့ အကြံပေး အဖွဲ့ ဖွဲ့ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲဒီအကြံပေးအဖွဲ့ဟာ နိုင်ငံသား အဆင့်အတန်း သုံးမျိုးလည်းမဟုတ်၊  White Card လည်း မဟုတ်တဲ့ နောက်ထပ် အရောင်တစ်မျိုးမျိုးနဲ့ ကတ်တစ်မျိုးမျိုးကိုလည်း တီထွင်ဖန်တီး လာနိုင်ပါသေးတယ်။

အကောင်းဆုံးကတော့ အစိုးရဟာ ဒီပြဿနာကို စိုးရိမ်ပူပန်နေကြတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး၊ တိုင်းပြည်အတွက်လည်း အကျိုးရှိ၊ ရခိုင်တိုင်းရင်းသားတွေ အတွက်လည်း အကျိုးရှိ၊ ကာယကံရှင်တွေလည်း မနစ်နာ၊ နိုင်ငံ တကာရဲ့ ပြစ်တင်ဝေဖန်မှုကိုလည်းရှောင် ရှားနိုင်တဲ့ အမြော်အမြင်ရှိတဲ့ နည်းနာတွေနဲ့ အကောင်အထည်ဖော်မှသာ နှစ်ပေါင်းများစွာ ကြာရှည်နေပြီ ဖြစ်တဲ့ နာတာရှည် ပြဿနာကြီးတစ်ခု ပြေလည်သွားမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်

No comments:

Post a Comment