Monday, February 23, 2015

လောက်ကိုင်-ချင်းရွှေဟော်ကြား ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့များ အနီး၌ပါ တိုက်ပွဲများ ဖြစ်လာ

လောက်ကိုင်-ချင်းရွှေဟော်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့ အနီးတစ်ဝိုက် ဒေသများတွင်ပါ တိုက်ပွဲများ ဖြစ် လာကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်က လောက်ကိုင်-ချင်းရွှေဟော်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့ အနီးတွင်ပါ တိုက်ပွဲဖြစ်ပွား လာနေသည်ဟု သိရသည်။ ၂၁ ရက်မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေခြင်းဖြစ်ပြီး လောက်ကိုင်-ချင်းရွှေဟော်ကြားရှိ လုံထန်ကျေးရွာ အနီးတစ်ဝိုက် ပိုမိုဖြစ်ပွားလျက်ရှိကာ တပ်မ ၁၁ နှင့် စကခ ၁၆ တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်မ ၁၁ မှ ဗိုလ်မှူးချုပ်လှမြင့်စိုးက “၂၁ ရက်က သတင်းထောက်တွေ၊ ကြက်ခြေနီတွေ သေနတ် ဒဏ်ရာ ရတဲ့ လောက်ကိုင်-ချင်းရွှေဟော်ကြားတွေနဲ့ ပစ်ကွင်းတွေကို စစ်ကြောင်းတွေနဲ့ ၀င်ရှင်းတယ်။ ပစ်ခတ်မှုတွေ တော့ မိနစ် အနည်းငယ် ဖြစ်ပွားခဲ့တယ်” ဟု ပြောကြားသည်။

ယင်းအပြင် ကွမ်းလုံမြို့နယ်ရှိ ကာမိုင်းနှင့် သိန္နီမြို့အနီးရှိ နမ့်စလပ်ကျေးရွာ (ကွမ်းလုံ-သိန္နီ)မြို့နယ်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း နေထိုင်သူများမှ ပြောကြားသည်။
ကွမ်းလုံမြို့နယ်နေ ကိုတေဇက “ကျွန်တော်တို့ကားတောင် မထွက်နိုင် သေးဘူး။ ပစ်ခတ်မှုတွေက မနက်အစောပိုင်းကတည်းက ဖြစ်နေတာ” ဟု ပြောကြားသည်။
ကွတ်ခိုင်မြို့ရှိ ကျေးရွာတစ်ခုတွင် တပ်မတော်နှင့် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု ကိုးကန့်အဖွဲ့နှင့် ပူပေါင်းတိုက်ခိုက်နေသည့် TNLA တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။
TNLA တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးမိုင်းအိုက်ကျော်က “ကျွန်တော်တို့ မနက်ရှစ်နာရီကတည်းက ဖြစ်နေတာ ကွတ်ခိုင်မှာ။ အပေါ်ဘက်မှာလည်း ဖြစ်နေတယ်” ဟု ပြောကြား သည်။
စစ်ရှောင်သူများကို အကူအညီပေးနေသည့် ကြက်ခြေနီအဖွဲ့မှ မချစ်မီးက “ကွမ်းလုံနားကပ်နေတဲ့ ကာမိုင်းမှာ ပစ်ခတ်သံတွေက တော်တော်ကြားနေရတယ်။ အဲဒါကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အခြေအနေကြည့်ပြီး လုပ်နေရတယ်” ဟု ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ဟု ဆိုသူများ၏ တိုက်ပွဲဖြစ်ပွားမှုမှာ လက်ရှိအချိန်ထိ အရှိန်မြင့်နေသည့် အဆင့်တွင် ရှိနေသေးကြောင်း နှစ်ဖက်တပ်ဖွဲ့ဝင်များက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment