Saturday, March 14, 2015

နှစ်အကြာကြီး တာဝန် ထမ်းဆောင်မည် မဟုတ်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ပြော


ပုပ်ရဟန်းမင်းကြီး အဖြစ် သေဆုံးချိန် အထိ တာဝန် ထမ်းဆောင်မည့်အစား ၎င်း၏ ရှေ့က ပုပ်ရဟန်း မင်းကြီး ကဲ့သို့ပင် ရာထူးမှ နုတ်ထွက်ခြင်းကိုသာ ပြုလုပ် လိုသောကြောင့် ၎င်း၏ ပုပ်ရဟန်းမင်းကြီး သက်တမ်းသည် တိုလိမ့်မည် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ပြောဆိုခဲ့သည်ဟု သောကြာနေ့တွင် ထုတ်ပြန်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဖော်ပြထားသည်။
သောကြာနေ့တွင် ဖရန်ဆစ် ပုပ်ရဟန်း မင်းကြီး အဖြစ် ရွေးကောက်ခံရမှု နှစ်နှစ်ပြည့်ပြီ ဖြစ်သည်။ ပုပ်ရဟန်းမင်း အဖြစ် တာဝန် ထမ်းဆောင်ရသည်မှာ ခေါင်းမလေး လွန်းသော်လည်း ပီဇာ စားလိုသော ကြောင့် ရောမမြို့တွင်းသို့ သွားရောက်သည့် အခါတွင် သာမန် လူတစ်ဦးလိုသာ သွားရောက်လိုကြောင်း ပုပ်ရဟန်းမင်းကြီးက မက္ကစီကို ရုပ်သံလိုင်း တယ်လီဗီဆာနှင့် ပြုလုပ်သော ရှည်လျားသည့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

 ““ကျွန်ုပ်ရဲ့ ပုပ်ရဟန်းမင်းဘ၀က တိုလိမ့်မယ်ဗျာ။ ပြောမယ်ဗျာ လေးနှစ်၊ ငါးနှစ်ပေါ့ ဒါမှမဟုတ်လည်း နှစ်နှစ် သုံးနှစ်ပေါ့၊ နှစ်နှစ် ကုန်သွားပြီ၊ တစ်ခုခုကိုလည်းသိနေတယ်ဗျာ”” ဟု ၎င်းက ပြောဆိုခဲ့သည်။

 ““ထာဝရ ဘုရားသခင်က ကျွန်ုပ်ကို သက်တမ်းတိုတိုပဲ ထမ်းဆောင် စေချင်တယ်ပဲ ထင်ပါတယ်””ဟု အာဂျင်တီးနားတွင် မွေးဖွားခဲ့သည့် ဖရန်ဆစ်က ပြောဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဘနဲဒစ်နှင့် အမြင် တူကြောင်း အသက် (၇၈) နှစ် အရွယ် ဖရန်ဆစ်က ပြောဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဘနဲဒစ်သည် ၂၀၁၃ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ယင်းသည် ရိုမန်ကက်သလစ် ဘုရားကျောင်းတော်၏ နှစ်ပေါင်း (၆၀၀) သက်တမ်း တစ်လျှောက် ပုပ်ရဟန်း မင်းကြီး တစ်ဦး ရာထူးမှ ပထမဆုံး အကြိမ် နုတ်ထွက်ခြင်း ဖြစ်သည်။

““ဘနဲဒစ်က နောက်တက်မယ့် ပုပ်တွေ အတွက် ရဲရဲရင့်ရင့်နဲ့ တံခါးဖွင့် ပေးခဲ့လိုက်တာပဲ။ ဘနဲဒစ်ကို သီးခြား အဖြစ် သဘောမထားနဲ့၊ အဖွဲ့အစည်း တစ်ခုလို သဘောထားကြည့်ပါ””ဟု ဖရန်ဆစ်က ပြောဆိုခဲ့သည်။

အသက် (၈၀) အရွယ်တွင် ပုပ်ရဟန်းမင်းကြီး တစ်ဦး အငြိမ်းစား ယူရမည်ဆိုသည့် ယူဆချက်ကိုလည်း နှစ်သက်ခြင်း မရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ၎င်း၏ ဘိုးဘေးများသည် အီတလီမှ အာဂျင်တီးနားသို့ အလုပ် ရလိုရငြား လာရောက် ခဲ့သောကြောင့် နိုင်ငံပြောင်းရွှေ့ နေထိုင်သူများနှင့် ဆင်းရဲသားများ အပေါ် အသနားပိုမိခြင်း ဖြစ်နိုင်ကြောင်း ပုပ်ရဟန်းမင်း၏ စာမျက်နှာ (၁၇) မျက်နှာပါ တွေ့ဆုံ မေးမြန်းမှုတွင် ဖော်ပြထားသည်။

““လူတွေက အဖယ် ထုတ်ခံရတော့ အခြား တစ်နေရာရာမှာ အလုပ် ရှာရတာပေါ့ဗျာ””ဟု ဖရန်ဆစ်က ပြောဆိုခဲ့သည်။ ဖရန်ဆစ်၏ ပထမဆုံး ခရီးစဉ်မှာ နိုင်ငံပြောင်းရွှေ့ ခိုလှုံသူများ နေထိုင်ရာ လမ်ပိဒုဆကျွန်း ဖြစ်သည်။ ထို့ပြင် လူတစ်ဦး တစ်ယောက်အား တရားမျှတမှု မရှိစွာဖြင့် လစာပေးခြင်းနှင့် လူချမ်းသာများက လူဆင်းရဲများကို အမြတ် ထုတ်ခြင်းတို့သည် အပြစ်များ ဖြစ်ကြောင်း ပုပ်ရဟန်းမင်း ကြီးက ယခင်က ပြောဆိုခဲ့ဖူးသည်။

ပုပ်ရဟန်းမင်းကြီး ဘ၀နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဖရန်ဆစ်က ““ပုပ်ဖြစ်ရတာ ခေါင်းမလေးစေ ပါဘူး။ ပီဇာစားချင်တဲ့ အချိန် လူသိမခံရဘဲ ၀ယ်စားလို့ မဖြစ်နိုင်တာပဲ ရှိတယ်၊ ဗြူနိုအေးရီးစ်မှာ တုန်းက ဆိုရင် ကိုယ်က ကိုဖိုးလမ်းပဲလေ””ဟု ဟာသနှော ပြောဆိုခဲ့သည်။                

Source:Reuters
Messenger News Journal

No comments:

Post a Comment