Saturday, March 14, 2015

ဥပဒေ ချိုးဖောက်ပြီး ဆန္ဒပြလျှင် နှိမ်နင်းမည်ဟု ထိုင်းစစ်တပ် သတိပေး



ထိုင်းနိုင်ငံတွင်  ရုံးပိတ် ရက်များအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ရန် အဖွဲ့အစည်း တစ်ခုကို စီစဉ် နေခဲ့သောကြောင့် ယင်းကို တုံ့ပြန်သည့် အနေဖြင့် ထိုင်းစစ်တပ်က  ဥပဒေ ချိုးဖောက်သူ များကို နှိမ်နင်းမည် ဖြစ်ကြောင်း သောကြာနေ့တွင် သတိပေး ပြောဆိုခဲ့သည်။

စစ်တပ်မှ အာဏာ သိမ်းခဲ့သည့် ယမန် နှစ်မေမှ စပြီး ထိုင်းနိုင်ငံတွင် စစ်ဥပဒေကျင့်သုံး နေခဲ့သည်။ စစ်ဥပဒေအရ လူငါးဦးထက် ကျော်လွန်ပြီး စုဝေးခွင့် မရှိကြောင်း ပိတ်ပင်ထားသော်လည်း တက္ကသိုလ် ကျောင်းသားများ ပါဝင်သော အဖွဲ့အစည်းငယ် လေးများသည် ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

 တော်လှန်ရေး ပြည်သူ အမည်ရှိ အဖွဲ့တစ်ဖွဲ့သည် ဘန်ကောက်မြို့၌ စနေနေ့မှစပြီး သုံးရက်ကြာ ချီတက် ဆန္ဒပြရန် စီစဉ်ထားသည်။ ထိုင်းနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေမှုနှင့် ပတ်သက်ပြီး စုဝေး ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း အဖွဲ့က ပြောဆိုခဲ့သည်။

သို့သော် တော်ဝင် ထိုင်းစစ်တပ်က ဆန္ဒပြခြင်း မပြုရန် ၎င်းအဖွဲ့အား သတိပေး ပြောဆိုခဲ့သည်။ ““လူတိုင်း ဥပဒေကို လေးစားဖို့ စစ်တပ်က လိုလား နေပါတယ်၊ ဥပဒေ ချိုးဖောက်ရင်တော့ အရေး ယူမှာပါပဲ””ဟု စစ်တပ်၏ ပြောခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီးဝင်ထိုင် သုဗာရီက ပြောဆိုခဲ့သည်။

စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် မတုန်လှုပ်ပါကြောင်း တော်လှန်ရေး ပြည်သူ အဖွဲ့က ပြောဆိုခဲ့သည်။ အဖွဲ့သည် ချီတက် ဆန္ဒပြမည့် အစီအစဉ်ကို ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ကြေညာခဲ့ခြင်း ဖြစ်သည်။

““လမ်းမှန်ကို ရှာတွေ့ဖို့ ပြည်သူတွေ အုံကြွကြရပါမယ်၊ ဒီမိုကရေစီ အတွက် လူတွေ မသေရဲဘူးလို့ စစ်တပ်က ပြောနေတာဟာ အလွဲတွေချည်းပါပဲ””ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဘန်ကောက်ရှိ သမ်မာဆက် တက္ကသိုလ်မှ ကျောင်းသား သီရိဝစ် သီရိသီဝတ်အား စစ်ဥပဒေ ချိုးဖောက် မှုနှင့် ဆန္ဒပြမှုများတွင် မပါဝင်တော့ဟု ယမန်နှစ်တွင် ၀န်ခံ လက်မှတ် ရေးထိုးခဲ့မှုတို့ကို ချိုးဖောက်မှုတို့ဖြင့် တနင်္လာနေ့တွင် ရုံးတင် စစ်ဆေးမည်ဖြစ်သည်။

ထို့ပြင် အရပ်သားများအား စစ်တပ်က သုံးလကျော် ဖမ်းဆီး ထိန်းသိမ်းခွင့် ရှိနေကြောင်း စစ်တပ်၏ ခန့်အပ် သူများ ပါဝင်သော အမျိုးသား ဥပဒေပြု ညီလာခံက ခွင့်ပြုခဲ့ခြင်းကိုလည်း အဖွဲ့က ဆန့်ကျင် ဆန္ဒပြဦးမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း ခြောက်လကြာ ဆူပူအုံကြွမှုများကြောင့် အထွေထွေ အခြေအနေ ယိုယွင်း ပျက်စီးမှုများ ရှိလာခဲ့သဖြင့် ငြိမ်ဝပ်ပိပြားမှုများ ရှိလာစေရေး လုပ်ဆောင်ရန် ဆိုသည့် အကြောင်း ပြချက်ဖြင့် စစ်တပ်က အာဏာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

အဖွဲ့သည် စစ်တပ်၏ လုပ်ဆောင်မှုများကို နားလည်မှု လွဲနေကြောင်း၊ နိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်း နေခြင်း မဟုတ်ဘဲ လုံခြုံရေး အတွက်သာ ထိန်းသိမ်းမှုများကို ပြုလုပ် နေရခြင်း ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး ၀င်ထိုင်က ပြောဆိုခဲ့သည်။

Source:Reuters
Messenger News Journal

No comments:

Post a Comment