Friday, March 27, 2015

၈၈ နှစ်အရွယ် အဘွားဒေါ်တင်လှိုင် နေပြည်တော် စည်ပင်တရားရုံးက ချမှတ်သည့် ထောင်ဒဏ်တစ်လ ကျခံရပြီးနောက် ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်


၈၈ နှစ်အရွယ် အဘွားဒေါ်တင်လှိုင် နေပြည်တော်စည်ပင်တရားရုံးက ချမှတ်သည့် ထောင်ဒဏ်တစ်လ ကျခံရပြီးနောက် ရမည်းသင်းထောင်မှ မတ် ၂၆ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

နေပြည်တော်စည်ပင်က ကျူးကျော်အဖြစ် သတ်မှတ်ကာ စည်ပင် ပုဒ်မ ၂၆ ဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် နေပြည်တော် စည်ပင်တရားရုံး တရားသူကြီး ဒေါ်မိမိသန်းက အသက် ၈၈ နှစ်အရွယ် အဘွားဒေါ်တင်လှိုင်အား ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“ရေးအကြီးဆုံးကတော့ စည်ပင် ပုဒ်မ ၂၆ နဲ့တရားစွဲထားတဲ့ သူတွေကိုလည်း ဖြေလျှော့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။ သူတို့တွေက ဥပဒေကိုချိုးဖောက်ချင်တဲ့ ဆန္ဒမဟုတ်ဘဲ၊ မသိနားမလည်ဘဲ၊ နေစရာ ထိုင်စရာမရှိလို့ နိုင်ငံသားဖြစ်လျက်နဲ့ နေတာကို တိုင်းပြည်အုပ်ချုပ်တဲ့သူတွေက တကယ်ဆိုရင် မေတ္တာနဲ့သာ ဖြေရှင်းပေးရမှာ။ စီမံခန့်ခွဲမှုနဲ့ ဖြေရှင်းပေးရမှာပါ။ တရားစီရင်ရေး၊ အဓမ္မနည်းနဲ့ ဖြေရှင်းလို့မရဘူးလေ။ ပုဒ်မ ၂၆ နဲ့လွတ်လာပြီး ပုဒ်မ ၂၇ နဲ့ထပ်ပြီး တရားစွဲမယ့်ဟာကို ဖြေလျှော့ပေးမယ်လို့ ကျွန်တော်တို့ကြားတယ်။ အဲဒီဥပဒေတွေက မတရားဘူးလေ။ တရားစွဲခံရတဲ့ သူတွေက နှစ်ပေါင်းများစွာ နေခဲ့ကြတာ။ နေပြည်တော်မြို့တော်ဆိုတာ ပေါ်တာမကြာသေးဘူး။ အဲဒါတွေကို အစိုးရအနေနဲ့ စဉ်းစားပေးရမှာပေါ့” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားသည်။
“ကျွန်တော်ပြောချင်တာကတော့ ဒီအသက်အရွယ်ကြီးတဲ့ သူတွေကို ထောင်မချသင့်ပါဘူး။ အသက်ကြီးတဲ့သူတွေကို မစာမနာ မလုပ်သင့်ပါဘူး။ တရားရုံးက လူထုကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ယန္တရားဖြစ်နေတာလေ။ လူကိုလူလို့ မမြင်တော့ဘူး။ အသက်အရွယ်ကိုလည်း ထည့်မစဉ်းစားနိုင်တော့ဘူး။ ဒါက သူခိုးလည်း မဟုတ်ဘူး၊ ဓားပြလည်းမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း အန္တရာယ်မပြုပါဘူး။ အဲဒီအပေါ်မှာ ပြစ်ဒဏ်ပေးဖို့ဆိုတာက တရားစီရင်ရေးမှာပါတယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတရမယ်။ ကလဲ့စားချေတဲ့ ပုံစံမဟုတ်ဘဲနဲ့ ပြုပြင်ဖို့ဆိုတာ ရှိပြီးသားပါ။ ဒီကိစ္စက လုံးဝမဖြစ်သင့်ပါဘူး” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
ထောင်ဒဏ်ကျခံခဲ့ရသည့် အဘွားဒေါ်တင်လှိုင်က “အမေ့ကို အသက်အရွယ်ကြီးလို့ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်ပဲ ထားပါတယ်။ ထောင်မှူးကြီးက ဒီလိုပြစ်ဒဏ်မျိုး မချသင့်ဘူးလို့လည်း ပြောတယ်။ ထောင်မှူးကြီးကိုလည်း အမေ့အနေနဲ့ ထောင်ထဲမှာ မနေချင်တဲ့အကြောင်း ပြောပါတယ်။ ထောင်ကျတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်မကောင်းဘူး။ ထောင်ထဲမှာ စားလည်း မ၀င်ပါဘူး။ အိပ်လို့လည်း မပျော်ပါဘူး။ ထောင်ကျပြီးလို့ ပုဒ်မ ၂၇ နဲ့ထပ်ပြီး တရားစွဲလို့မရအောင် သမ္မတနဲ့တွေ့မယ်။ သမ္မတနဲ့တွေ့ပြီးတော့ အမေ့ရဲ့ဒုက္ခတွေကို ပြောပြမယ်။ အမေနေတဲ့ နေရာအတွက် မြေနေရာ အစားပြန်မပေးမချင်း လုံးဝမဖယ်ပေးဘူး” ဟု ပြောကြားသည်။
“အမေလွတ်ဖို့ကို ထောင်ကနေ အကြောင်းကြားတာ မရှိဘူး။ ထောင်လွှတ်ဝရမ်းနဲ့ ပိုက်ဆံနှစ်ရာနဲ့ အိမ်ကိုဘယ်လို ပြန်လာလို့ရမလဲ။ အမေက အသက်လည်းကြီးနေပြီ။ တစ်ယောက်တည်းလည်း ပြန်လာလို့မရဘူးလေ။ အဲဒါကြောင့် အမေလွတ်မယ့်နေ့ကို အခုလို လာစောင့်နေရတာပါ” ဟု အဘွားဒေါ်တင်လှိုင်၏သမီး ဒေါ်မြင့်မြင့်ဌေးက ပြောကြားသည်။
လက်ရှိအချိန်တွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်ကျခံပြီးသော်လည်း အ သက် ၈၂ အရွယ်ဒေါ်ညိုသည် စည်ပင်ပုဒ်မ ၂၇ ဖြင့် ဆက်လက်တရားစွဲဆို ခံထားရပြီး ယခုလွတ်မြောက်လာသည့် အသက် ၈၈ နှစ် အရွယ် အဘွားဒေါ်တင်လှိုင်မှာ မိမိနေထိုင်သည့်နေရာတွင် ဆက်လက်နေထိုင်ပါက စည်ပင်ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆို ခံရနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညိုက သုံးသပ်သည်။
နေပြည်တော်စည်ပင် တရားရုံးက အသက် ၈၈ နှစ်အရွယ် အဘွားဒေါ်တင်လှိုင်အား ဖေဖော်ဝါရီ ၂၇ ရက်က ရမည်းသင်းထောင်တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်လျှော့ရက် မရှိဘဲ မတ် ၂၆ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီ ၂၇ ရက်တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရား စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်အား နေပြည်တော်စည်ပင်က ကျူးကျော်အဖြစ် သတ်မှတ်ကာ ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ရှမ်းစုကျေးရွာအုပ်စု၊ ဆင်အုံကြို့ပင်ရွာ ကွင်းအမှတ် ၁၈၄၄ တွင်နေထိုင်သည့် အသက် ၈၂ အရွယ်ရှိ ဒေါ်ညိုအား ၂၀၁၄ ခုနှစ်တွင် စည်ပင် ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး နေထိုင်သည့် နေအိမ်အား ယခုအချိန်အထိ ဖယ်ရှားပေးခြင်း မရှိသဖြင့် ပုဒ်မ ၂၇ ဖြင့် ဆက်လက်တရားရင်ဆိုင် နေရကြောင်း သိရသည်။
နေပြည်တော် စည်ပင်သာယာရေး တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက အဘွားအို ဒေါ်တင်လှိုင်အား စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ရာ၌ ဒေါ်တင်လှိုင်မှာ တရားရုံးထဲတွင် သတိလစ်သွားသည်အထိ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
“နိုင်ငံတကာမှာရော၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာရော သက်ကြီးရွယ်အို အသက် ၈၀ ကျော်တွေကို နိုင်ငံတော်စရိတ်နဲ့ ဂေဟာမှာ ပြုစုစောင့်ရှောက်ထားလေ့ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ သူ့နေရာနဲ့သူနေတယ်။ သူပိုင်တဲ့လယ်မြေမှာ နေကြတယ်။ ဒါကို ကျူးကျော်လို့သတ်မှတ်ပြီး အသက် ၈၀ ကျော် အဘွားအိုတွေကို ထောင်ချနေတာ လုံးဝမသင့်လျော်ပါဘူး” နေပြည်တော်မှဒေသခံ ကိုမျိုးတေဇာမောင်က ပြောကြားသည်။
အဆိုပါ စည်ပင်တရားသူကြီး ဒေါ်မိမိသန်းက ပုဒ်မ ၂၆ ဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် အသက် ၇၄ နှစ်ရှိ ဦးအောင်ဝင်းနှင့် ဇန်န၀ါရီ ၉ ရက်တွင် အသက် ၆၇ နှစ်ရှိ ဦးငချွန်အား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment