Friday, March 27, 2015

မင်္ဂလာဈေးရှိ Asia ကလပ်မန်နေဂျာ တရုတ်နိုင်ငံသားအား မြန်မာနှင့် တရုတ်နိုင်ငံကူး လက်မှတ်နှစ်ခု ကိုင်ဆောင်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်


မင်္ဂလာဈေးရှိ Asia ကလပ်မှ မန်နေဂျာ တရုတ်နိုင်ငံသားအား မြန်မာနှင့် တရုတ်နိုင်ငံကူး လက်မှတ်နှစ်ခု ကိုင်ဆောင်ထားမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက မတ် ၂၅ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်း Asia ကလပ်မှ မန်နေဂျာဖြစ်သူ တရုတ်နိုင်ငံသား ညီဖုန်း (ခ) Lin Jiade (Gao Feng) (ဘ) Mr.Gao (ခ) ဦးကော့ချန်အား မင်္ဂလာတောင်ညွန့်မြို့နယ် မြို့နယ်တရားသူကြီး ဦးမြင့်ဝင်းက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (အရေးပေါ် ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ-၁၃ (၁) အရ အလုပ်နှင့်ထောင်ဒဏ် (၁) နှစ် ကျခံစေရန် လည်းကောင်း၊ ပြစ်မှုပုဒ်မ-
၄၂ဝ/၄၆၈ အမှုတွင် ပြစ်မှုပုဒ်မ - ၄၂ဝ အရ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံစေရန်နှင့် ပြစ်မှုပုဒ်မ - ၄၆၈ အရ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံစေရန် (ပြစ်ဒဏ်နှစ်ရပ်ကို သီးခြားစီကျခံစေရန်) အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်မှာ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်း၊ မင်္ဂလာဈေးဝင်း၊ ရွှေပြည့်စုံဈေး(၂)လွှာရှိ Asia Entertainment City မန်နေဂျာဖြစ်သူ တရုတ်နိုင်ငံသား ညီဖုန်း (ခ) Lin Jiade (Gao Feng) အား သက်ဆိုင်ရာမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်ပြီး ၎င်းကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာအမျိုးအစားများ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ၎င်းသည် နိုင်ငံကူးလက်မှတ်နှစ်စောင် ကိုင်ဆောင်ထားသည်ကို တွေ့ရပြီး ၁၂/ရကရ(နိုင်)ဝ၆၁၇၉၂ ညီဖုန်းအမည်ဖြင့် မှတ်ပုံတင်အတုပြုလုပ်၍ မြန်မာနိုင်ငံကူးလက်မှတ် ထပ်မံပြုလုပ်သည့်အပြင် သက်ဆိုင်ရာ လဝကရုံးတွင် ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ခြင်း၊ ဗီဇာစည်ကမ်း ဖောက်ဖျက်ခြင်းများကို စစ်ဆေးတွေ့ရှိရသဖြင့် လဝကမှူးက တရားလိုပြုလုပ် အမှုဖွင့်တိုင်တန်းသော အမှုဖြစ်သည်။

“ထောင်ဒဏ်ကျသွားတဲ့ တရုတ်နိုင်ငံသားက မြန်မာနဲ့ တရုတ်၊ တရုတ်နဲ့ မြန်မာပတ်စ်ပို့နှစ်ခု ကိုင်ဆောင်ထားကြောင်းကို စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူးသိန်းအောင်က မတ် ၂၆ ရက် ညနေ့ပိုင်းတွင် ပြောကြားသည်။ 

Eleven Media Group 

No comments:

Post a Comment