Wednesday, March 25, 2015

လွတ်ငြိမ်းချမ်းသာခွင့်တောင်းပေးခဲ့တဲ့ ဦးစိုင်းလင်းကို ဖုန်ကြားရှင်ကိစ္စ ဖြေရှင်းခိုင်းသင့်တယ်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တစ်ကျော့ပြန်တိုက်ခိုက်လာ သော ဖုန်ကြားရှင်ကိစ္စနှင့်ပတ်သက်၍ နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးသူရှိနေသည်ဟု အားလုံးက ယူဆနေကြပါသည်။ မှန်ပါသည်။ ဖုန်ကြားရှင်သည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသမှ ပျောက်ကွယ်သွားပြီး ယခု ၂၀၁၅ အစောပိုင်းတွင် ဗြုန်းစားကြီး ပြန်လည်ပေါ်ပေါက်လာခြင်းမှာ သမားရိုးကျ တော့မဟုတ်ပေ။ ဖုန်ကြားရှင်အား အစစအရာရာ ပံ့ပိုးကူညီခဲ့သူကတော့ သမက်ဖြစ်သူ NDAA ဥက္ကဌ ဦးစိုင်းလင်း သာဖြစ်ပါသည်။

ဖုန်ကြားရှင်အားမူယစ်ဆေးဝါးကိစ္စ၊ လက်နက်စက်ရုံကိစ္စတို့ဖြင့် နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရေးအတွက် ဆင့်ခေါ်ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားပြီး မိုင်းလားနယ်မြေမှာ ခိုလှုံခဲ့ပါသည်ဟုသိရပါသည်။ ထိုသို့ဖြင့် မိုင်းလားရောက်လာသော တရာခံပြေးဖုန်ကြားရှင်အား သမက် ဖြစ်သူ ဦးစိုင်းလင်းက နေရာထိုင်ခင်းစီစဉ်ပေးကာ ခိုလှုံခွင့်ပေးခဲ့သည်။ ဖုန်ကြားရှင်အတွက် လူသူ အရောက်အပေါက်နည်းတဲ့ အစွန်အဖျားက မိုင်းယောင်းကွင်း အထက်ပိုင်းလောက်မှာ ရွာကြီးတစ်ရွာ တည်ပြီး နေရာချထားပေးခဲ့သည်ဟု သိရသည်။
ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာသောအချိန်တွင် ဦးစိုင်းလင်းက အခွင့်ကောင်းယူကာ ဖုန်ကြားရှင်အတွက် တောင်းဆိုမှုများပြုလုပ်ပေးခဲ့ပါသည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် ဦးစိုင်းလင်း မှ ဖုန်ကြားရှင်အား ဖမ်းဝရမ်းရုပ်သိမ်း၍ တိုင်းရင်းသားလူမျိုးပေါင်းစုံထံ ပြန်လည်ဝင်ရောက် နိုင်ရန်အတွက် နိုင်ငံတော်မှ လက်ခံပေးပါရန် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ပြလာခဲ့သည်။ နိုင်ငံတော်သမ္မတကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ ပါသည်။
ထိုကဲ့သို့ ဦးစိုင်းလင်းတို့အပေါ် စေတနာထားခဲ့သော နိုင်ငံတော်သမ္မတကြီး၏ မျက်နှာကိုမှ မထောက် လောက်ကိုင်နယ်မြေကို ဖုန်ကြားရှင်အဖွဲ့ဝင်တိုက်တာကတော့ နိုင်ငံတော်အပေါ်သစ္စာဖောက်ရာ ရောက်ပါသည်။ အစိုးရနှင့် NDAA (မိုင်းလား)အဖွဲ့တို့၏ ငြိမ်းချမ်းလမ်းစဉ်တွေကို လိုက်နာခဲ့သည်ဆိုလျှင် ဖုန်ကြားရှင်အား ယခုကဲ့သို့လုပ်ခွင့်မပြုသင့်ပေ။ ဖုန်ကြားရှင်အဖွဲ့ ယခုလိုလုပ်ရန် ကူညီပေးခဲ့ခြင်းဟာ သစ္စာမဲ့ခြင်းဖြစ်ပြီး သစ္စာရှိရင် ဦးစိုင်းလင်းအနေနဲ့ မလုပ်သင့်ဘူးလို့သာမြင်ပါသည်။ နိုင်ငံတော်သမ္မတ၏ စေတနာကို စော်ကားလိုက်သည်နှင့် အတူတူပင်ဖြစ်ပါသည်။
ဦးစိုင်းလင်းအနေနှင့် ရှေ့တွင် အစိုးရအဖွဲ့နှင့် လက်ဆွဲနှုတ်ဆက်ပြုံးပြနေပေမယ့် နောက်ကွယ်မှာ တော့ အခြားလက်တစ်ဖက်ဖြင့် ဖုန်ကြားရှင်အား ကူညီထောက်ပံ့ပေးနေသည်ကို တွေ့ရှိရပါသည်။ အစိုးရ နှင့်ရရှိထားသော ငြိမ်းချမ်းရေးအပါအဝင် စီးပွားရေးလုပ်ငန်းများ၊ ရေရှည်အကျိုးစီးပွားတည်မြဲရေးတို့ အတွက် ပြေလည်ချင်ရင် ဦးစိုင်းလင်းအနေနဲ့ ဖုန်ကြားရှင်ကို အစိုးရလက်ထဲအပ်ဖို့ ကောင်းပါသည်။ သို့ဆိုလျှင် ဦးစိုင်းလင်းအပေါ် မကြာမီကျရောက်လာမည့် ဖုန်ကြားရှင်ကိစ္စများသည်လည်း ပြေလည်သွားနိုင် သလို အစိုးရနှင့် ဆက်လက် လက်တွဲသွားနိုင်မည်ဖြစ်ပါသည်။
ထိုကဲ့သို့ ယုံကြည်မှုများအတွက် အကြပ်အတည်းဆိုက်နေချိန်တွင် ဦးစိုင်းလင်း အနေဖြင့် ဖုန်ကြားရှင်ကို အစိုးရလက်ထဲမအပ်ခဲ့လျှင် နောက်ထပ်ပြဿနာများ ပေါ်ပေါက်လာနိုင်ပါသည်။ အတွင်း သတင်းများအရ ဦးစိုင်းလင်းသည် တရုတ်ပတ်စ်ပို့နှင့် ဟောင်ကောင်ပတ်စ်ပို့ နှစ်ခုလုံးကိုင်ထားသည် ဟုသိရပါသည်။ ဦးစိုင်းလင်း အနေနဲ့ ဖုန်ကြားရှင်ကို အစိုးရလက်ထဲအပ်မလား ဒါမှမဟုတ် တရုတ် နိုင်ငံသားလိုလို ဟောင်ကောင်နိုင်ငံသားလိုလိုနဲ့ ရှာဖွေစုဆောင်းပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ပြီး တစ်ဖက်နိုင်ငံပြေးမလား တစ်ခုခုကိုသာ ရွေးချယ်ရပါမည်။ လက်ရှိအခြေအနေအရ ဖုန်ကြားရှင် ကိစ္စတရားခံဘယ်သူလဲဆိုပြီး လက်သည်ရှာနေတဲ့အချိန် ဦးစိုင်းလင်း၏လုပ်ရပ်များအရ တရားခံဟု သတ်မှတ်လိုက်ရင် ဆုံးရှုံးမှုကြီးမားသွားမည်ဟူ၍သာ ဆိုချင်ပါသည်။ ထို့ကြောင့် အချိန်မနှောင်းသေးခင် ဖုန်ကြားရှင် လွတ်မြောက်ရေး လွတ်ငြိမ်းချမ်းသာခွင့်တောင်းပေးခဲ့တဲ့ ဦးစိုင်းလင်း အနေနဲ့ ဖုန်ကြားရှင်ကိစ္စ ကိုဖြေရှင်းပေးသင့်တယ်လို့ပဲ မြင်ပါသည်။
‪‎ဝင်းဇော်သိန်း‬
Today Myanmar

No comments:

Post a Comment