Sunday, March 15, 2015

ထောင်ဆေးရုံမှ သပိတ်မှောက် ကျောင်းသားများ၏ ကျန်းမာရေး အခြေအနေ သက်သာဟုဆို


လက်ပံတန်းမြို့တွင် ထိုင်သပိတ်ပြုလုပ်စဉ် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းဖမ်းဆီးစဉ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် သာယာဝတီထောင်ဆေးရုံသို့ ရောက်ရှိခဲ့သော ကျောင်းသားကျောင်းသူ ၁၀ ဦးခန့်မှာ သက်သာမှုရှိ၍ ထောင်ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်း ကျောင်းသားမိဘ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
“ခုဟာကတော့ ဆေးရုံကနေ ပြန်ဆင်းလိုက်ပြီ။ ဆေးရုံမှာ တစ်ယောက်မှ မရှိတော့ဘူးလို့ အဲဒီလို သတင်းရတယ်” ဟု ကိုမင်းသွေးသစ်၏ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ယုက ပြောဆိုသည်။



သပိတ်စစ်ကြောင်း ဖြိုခွင်းခံရသောကြောင့် ကျောင်းသားနှင့် ဝန်းရံသူ ၁၂၇ ဦး ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ဥပဒေနှင့် မညီသော လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အသိပေးမှုကို မလိုက်နာမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ကျူးလွန်မှု ပုဒ်မ ၁၄၇၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ တို့ဖြင့် အမှုဖွင့်ခဲ့သော်လည်း ယင်းအနက် ကျောင်းသား ၂၇ ဦးကို မတ်လ ၁၄ ရက်တွင် အပြီးသတ်လွှတ်ပေးလိုက်ကြောင်း သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


“ဘုန်းကြီးကျောင်းထဲမှာ ရဲတွေက ကျောင်းသားတွေကို တော်တော်များများကို ရိုက်တယ်။ ရဲဟုတ်လား၊ မဟုတ်လားတော့ မသိဘူး။ မျက်လုံးတွေဆို အာရုံကြောတွေ ပြတ်မတတ်ရိုက်တာ” ဟု မတ်လ ၁၄ ရက်တွင် ပြန်လည်လွတ်မြောက်လာသည့် တောင်ကြီးတက္ကသိုလ် ကျောင်းသား ကိုဥက္ကာမောင်မောင်က ပြောဆိုသည်။
ဖမ်းဆီးထိန်းသိမ်းစဉ် ကျောင်းသားများ တက်ရောက်သည့် တက္ကသိုလ်၊ ဘာသာရပ်၊ နေရပ်လိပ်စာ အပြည့်အစုံကို မေးမြန်းထားပြီး မိဘများက ကျောင်းထောက်ခံချက်ဖြင့် ကျောင်းသားအစစ် ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန် ပြန်ပြည်ထဲရေး ဝန်ကြီးဌာနက မတ်လ ၁၂ ရက်က သတင်းထုတ်ပြန်ထားသည်။
“ခုလွှတ်ပေးတဲ့ ကျောင်းသားတွေကတော့ နောက်ပြန်ဆွဲခြင်း ဘာမှမရှိဘူး။ ကင်းလွတ်ခွင့် ပေးလိုက်တယ်” ဟု သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ပြောဆိုသည်။


ဖမ်းဆီးခံရသူများအနက် မတ်လ ၁၂ ရက်တွင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးကို လည်းကောင်း၊ မတ်လ ၁၃ ရက်တွင် ကိုးဦးကို လည်းကောင်း၊ မတ်လ ၁၄ ရက်တွင် ကျန်ရှိ ကိုဥက္ကာမောင်မောင်ကို လည်းကောင်း ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပြီး ကျန်ရှိသူများကို မတ်လ ၂၅ ရက်တွင် ထပ်မံရုံးထုတ်မည် ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မတ်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်၊ ဘဏ္ဍာရေးတာဝန်ခံ မဟန်နီဦး အပါအဝင် အဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးကာ သာယာဝတီထောင်သို့ ပို့ဆောင်ထားပြီး လက်ပံတန်း မြို့မရဲစခန်းသို့ လွှဲပြောင်းထားကြောင်း အလုံမြို့မ ရဲစခန်းမှ သိရသည်။


အလုံမြို့နယ်မှ ဖမ်းဆီးရမိသော ဗကသ အဖွဲ့ဝင်များကို အမှုဖွင့်ခြင်း ရှိမရှိ လက်ပံတန်း မြို့မရဲစခန်းသို့ မေးမြန်းခဲ့ရာ စခန်းမှူးမရှိ၍ မဖြေကြားနိုင်သေးကြောင်း တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားသည်။
မတ်လ ၁၀ ရက် နေ့လယ် ၁ နာရီကျော်က ထိုင်သပိတ်ပြုလုပ်သည့် ကျောင်းသားသပိတ်ကို သွားလာခွင့်ပြုသည်ဟု ပြောကြားခဲ့သော်လည်း မိနစ်ပိုင်းအတွင်း နယ်/လုံဝန်ကြီးက ပယ်ဖျက်ခဲ့ရာ တန် ၂၅၀ လမ်းထိပ်မှ နှစ်မိုင်ခန့်ဝေးသည့် ကျွန်းကလေးတာဆုံအထိ သပိတ်ချီတက်ခွင့်၊ ယင်းမှ ရန်ကုန်သို့ သမဂ္ဂအလံ လွှင့်ထူကာ ကားဖြင့် သွားလာခွင့်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှု အဆင်မပြေရာမှ တားဆီးထားသော ရဲတပ်ဖွဲ့ကို ထိုးဖောက်ရာက အကြမ်းဖက်ဖြိုခွဲခံရခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment