Sunday, March 29, 2015

ဖုန်ကြားရှင်တပ်ဖွဲ့မှ တရုတ်နိုင်ငံသား ကြေးစားစစ်သည် ခုနစ်ဦးကို တစ်သက်တစ်ကျွန်း အမိန့်ချ


လူသတ်မှု၊ ဓားပြမှုများ ကျူးလွန်ခဲ့သည့် ဖုန်ကြားရှင်တပ်ဖွဲ့မှ ကြေးစား စစ်သည်များ ဖြစ်သော တရုတ်နိုင်ငံသား ခုနစ်ဦးကို မတ်လ ၂၆ ရက်နေ့က လားရှိုးခရိုင် တရားရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
“လူသတ်လုယက်မှု ကျူးလွန်ခဲ့သူက ရှစ်ဦး၊ ဒီအထဲမှာ တစ်ယောက်က အသက်က ၁၇ နှစ်ပဲ ရှိသေးတာကြောင့် ထောင်ဒဏ်နှစ်ကြီးတွေပဲ အမိန့်ချခံရတယ်။ ကျန်ခုနစ်ယောက်က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေ၊ သာမန်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်ရာ ရောက်ခဲ့တာကြောင့် ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချခဲ့တာ” ဟု လားရှိုးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ထောင်ဒဏ်များ ချမှတ်ခံရသည့် တရုတ်နိုင်ငံသား ရှစ်ဦးသည် ဖေဖော်ဝါရီလဆန်းပိုင်းက မိုင်းလားမြို့သို့ တရားမဝင်ဝ၀င်ရောက်ခဲ့ပြီး ဖုန်ကြားရှင်၏ MNDAA တပ်ဖွဲ့တွင် ကြေးစားစစ်သည် အဖြစ် စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့မှာ လစာရိက္ခာ မရရှိသောကြောင့် တပ်ဖွဲ့မှ လက်နက်ခဲယမ်းများကို ခိုးယူကာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်စဉ် တနိုင်းမြို့အဝင်၌ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“သူတို့က သေနတ်၊ ကျည်ဆန်၊ လက်ပစ်ဗုံးနဲ့ မိုင်းတွေ ခိုးယူခဲ့ပြီး လားရှိုးမြို့ထဲကို တောလမ်းကနေ ဝင်ခဲ့တာ။ ပြီးတော့မြို့ထဲက ကားတစ်စီးကို လုယူပြီး မန္တလေးဘက် ထွက်ပြေးချိန် လမ်းမှာ ကားတိုက်မှု ဖြစ်ခဲ့တယ်။ ကားပျက်စီးသွားလို့ နောက်ထပ် ကားတစ်စီးကို လုယက်ပြီး ယာဉ်ပိုင်ရှင်ကို သတ်ခဲ့တယ်လို့ ထွက်ဆိုချက်တွေအရ သိရတယ်” ဟု လားရှိုးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား အသက် ၂၅ နှစ်အရွယ်ရှိ ဟန်လုလု အပါအဝင် ရှစ်ဦးကို တနိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် မုံရွာခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာ ၎င်းတို့ရှစ်ဦးကို လဝကအက် ဥပဒေ ပုဒ်မ ၁၃ (၁)၊ လက်နက် ဥပဒေ ၁၉ (က)၊ ဆက်သွယ်ရေးဥပဒေ ၆၇ တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက ထုတ်ပြန်ထားသည်။
ယင်းနောက် ၎င်းတို့ရှစ်ဦးကို လားရှိုးခရိုင် တရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့ရာမှ မတ်လ ၂၆ ရက်နေ့က မော်တော်ယာဉ် လုယက်မှု၊ ယာဉ်မောင်းဖြစ်သူကို သတ်ဖြတ်မှုတို့ဖြင့် ခုနှစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ယင်းအဖွဲ့တွင် ပါဝင်ခဲ့သူ အသက် ၁၇ နှစ် အရွယ်ရှိ တရုတ်နိုင်ငံသား ကျန်းလိန်ကို ထောင်ဒဏ် နှစ် ၃၀ အမိန့်ချခဲ့ကြောင်း ယင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
တပ်မတော်နှင့် ဖုန်ကြားရှင်တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေသည့် လောက်ကိုင်နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို စစ်ခုံရုံး၌ စစ်ဆေးကာ နှစ်ရှည်ထောင်ဒဏ်များ အမိန့်ချလျက်ရှိပြီး လက်ရှိအချိန်၌ လောက်ကိုင်ဒေသမှ မူးယစ်ကုန်သည် တရုတ်နိုင်ငံသားအချို့ လားရှိုးမြို့အတွင်း ခိုအောင်းနေထိုင်မှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသောကြောင့် မြို့ဝင်မြို့ထွက် ဂိတ်များကို ပိတ်ဆို့ကာ စစ်ဆေးရေး လုပ်နေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment