Sunday, March 29, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဋ္ဌ နေပြည်တော်၌ ယနေ့တွေ့မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့ နေပြည်တော်၌ ယနေ့ (မတ်လ ၂၉ ရက်) တွေ့ဆုံမည်ဖြစ်ကြောင်း နှစ် ဖက် အဖွဲ့အစည်းများထံမှ သိရသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ် အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ တွေ့ဆုံပွဲ အပြီး၌သာ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း NLD နှင့် KNU ဗဟိုကော်မတီဝင် အချို့က ပြောဆိုသည်။

“ညနေ လေးနာရီလောက် နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဖို့ စီစဉ်ထားတာပါ” ဟု နှစ်ဖက်အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဋ္ဌတို့ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမည့် အစီအစဉ်မှာ မတ်လ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အပစ်ရပ်စာချုပ် အပြီးသတ်ဆွေးနွေးပွဲ မတိုင်မီ တွေ့ဆုံခြင်းဖြစ်၍ ထူးခြားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက မှတ်ချက်ပြုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ချုပ်ဆိုမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို မတ်လ ၃၀ ရက်နေ့တွင် အပြီးသတ် ညှိနှိုင်းရန် အစိုးရနှင့် လက်နက်ကိုင် နှစ်ဖက်စလုံးက ပြောဆိုထားပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ယခုအကြိမ်တွင် အပစ်ရပ်စာချုပ်ကို အပြီးသတ်မည် ဖြစ်ကြောင်း ပြောဆို ထားသည်။
The Voice Weekly

No comments:

Post a Comment