Tuesday, March 10, 2015

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားတွင် ကျော်သူ ပါဝင်သရုပ်ဆောင်မည်

အနုပညာလောကတွင် ဇာတ်ကားရိုက်ကူးမှုများကို နှစ်အတန်ကြာ ရပ်နားထားပြီး ပရဟိတ လုပ်ငန်းများနှင့်သာ ဘဝကို ဖြတ်သန်းနေသော သရုပ်ဆောင်ကျော်သူက စာရေးဆရာကြီး မင်းသိင်္ခ၏ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်သော ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကို ဒါရိုက်တာခင်စောမျိုးက ရုပ်ရှင်အဖြစ် ရိုက်ကူးရာတွင် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။
“ကျွန်တော့်ကို ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းပြီးကတည်းက ဇာတ်ကားရိုက်ကူးခွင့် ပိတ်ထားတာပါ။ နောက်ပိုင်း ရိုက်ခွင့်ပြုတော့လည်း ကျွန်တော် ပြန်မရိုက်တော့ဘူး။ ပရဟိတ လုပ်ငန်းတွေနဲ့ပဲ ဘဝကို ဖြတ်သန်းနေတယ်။ ဘဘ ဦးသုခတို့လို ပြည်သူကို အကျိုးပြုတဲ့ ဇာတ်လမ်းမျိုးဆို ရိုက်မယ်လို့ ဆုံးဖြတ်ထားတာ။ ဒီကားက ဆရာကြီး မင်းသိင်္ခရဲ့ ဇာတ်လည်းဖြစ်တော့ ဆရာကြီးကိုလည်း ဂါရဝပြုချင်တယ်။ ဒါရိုက်တာ ခင်စောမျိုး ဆိုတာကလည်း ကျွန်တော်နဲ့ လက်တွဲဖူးတဲ့အတွက် သူ့ကို ကူညီချင်တာလည်း ပါပါတယ်” ဟု ဇာတ်ကားရိုက်ကူးမှုများ ရပ်နားထားရာမှ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ပုံကို ၎င်းက ထပ်လောင်းပြောကြားသည်။

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကို ဗီဒီယိုအဖြစ် ရိုက်ကူးခဲ့စဉ်က မိုးသီး ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခဲ့ရပြီး ယခု ရုပ်ရှင်ဇာတ်ကားတွင် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား နေရာမှ သရုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ တစ်ချိန်က အနုပညာလောကတွင် ခင်မင်ရင်းနှီးခဲ့ရသည့် သရုပ်ဆောင်များနှင့် ယခုဇာတ်ကားတွင် ပြန်လည်ဆုံတွေ့ရမည့်အပေါ် ပျော်ရွှင်မိကြောင်း၊ ပိတ်ကားပေါ်တွင် သရုပ်ဆောင်သည်ကို ပြန်လည်မြင်တွေ့လိုသည့် သရုပ်ဆောင်များအတွက် မြင်ရကျိုးနပ်စေမည့် ဇာတ်ကားတစ်ကား ဖြစ်စေရမည် ဖြစ်ကြောင်း ကျော်သူက ဆိုသည်။
“ကိုကျော်သူက ကျွန်တော်တို့နဲ့ ဇာတ်ကားတွေ လက်တွဲရိုက်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းက အခုခေတ်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှု ရှိနေတယ်။ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရဲ့ ကာရိုက်တာကလည်း ကိုကျော်သူရဲ့ လက်ရှိပုံစံနဲ့ လိုက်ဖက်မှု ရှိပါတယ်။ ဒီဇာတ်ကားကို ကျွန်တော်တို့ မတ်လ ၁၅ ရက်နေ့မှာ ဇာတ်ဝင်ခန်းအချို့ စရိုက်ဖို့ စီစဉ်ထားတယ်။ ကိုကျော်သူကလည်း သူ့ရဲ့ ပရဟိတအလုပ်တွေ ရှိနေသေးတော့ သူ့ဘက်ကိုလည်း ကြည့်ပေးရတယ်။ ဧပြီလ အတွင်းမှာလည်း ဇာတ်ကားကို ကျွန်တော်တို့ ဆက်ရိုက်မယ်” ဟု ယင်းဇာတ်ကားကို စီစဉ်ထုတ်လုပ်မည့် လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူ ဦးအုန်းဝင်းက ပြောကြားသည်။
ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူ၊ ရန်အောင်၊ မင်းဦး၊ စံရတီမိုးမြင့်၊ မေမြတ်နိုးတို့ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင် စိုးသူကိုလည်း ပါဝင်ပေးရန် ကမ်းလှမ်းထားကြောင်း၊ ပရိသတ်များအတွက် ဇာတ်ကားကောင်းတစ်ကား ကြည့်ရှုစေချင်သည့် စေတနာကြောင့် ယခုရုပ်ရှင်ဇာတ်ကားကို စီစဉ်ရိုက်ကူးခြင်း ဖြစ်ပြီး ထူးခြားမည့် ဇာတ်ကားတစ်ကား ဖြစ်မည်ဟု ယုံကြည်ကြောင်း ဦးအုန်းဝင်းက ဆိုသည်။
စာရေးဆရာကြီး မင်းသိင်္ခ၏ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဝတ္ထုကို ဒါရိုက်တာ ခင်စောမျိုးကပင် သရုပ်ဆောင် ကျော်ဟိန်း၊ ကျော်သူ၊ သီဟတင်စိုး၊ ရဲမင်းပိုင်၊ နဝရတ်၊ ဂန္တဝင်တို့နှင့် ဗီဒီယိုဇာတ်ကား အဖြစ် ရိုက်ကူးခဲ့ဖူးသည်။
The Voice Weekly

1 comment:

  1. ခေါင်းစဉ်တမျိုး လုပ်တာတမျိုး မိမိဘ၀အနေချောင် အစားချောင်အောင်လုပ်နေရတာပင်ပန်းလိုက်တာ။မင်းသားသမီးတွေဝဠ်ပြန်လည်လိမ့် မယ်။မုတ်ဆိတ်နဲ့ သူတောင်းစားတွေ ကိုယ်တိုင်တော့ မလုပ်ရဲပဲ မြောက်ပေးနေတာကိုယ့် အဆင့် အတန်းဘယ်လောက်ရှိတယ်ကိုဖေါ်ပြနေတာ။မင်းတို့ တွေဗုဒတရားလက်ကိုင်ထားယင်အလုပ်တမျိုး အပြောတမျိုးဖြစ်စရာအကြောင်းမရှိဘူး။

    ReplyDelete