Monday, March 23, 2015

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းမည် မဟုတ်ဟုဆို


ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဗကသကျောင်းသား ခေါင်းဆောင်ကော်မတီဝင်များ လက်ပံတန်းမြို့တွင် ဖမ်းဆီးခံရပြီးနောက် ထွက်ပေါ်နေသည့် သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းတော့မည် ဆိုသော သတင်းများကို ငြင်းဆိုလိုက်ပြီး သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်း အဆိုပါ ကော်မတီဝင်များက The Voice သို့ ပြောကြားသည်။
လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကိုယ်စားပြု တက်ရောက်ခွင့်ရသော ဒီမိုကရေစီပညာရေး သပိတ် ၁၅ ဦး ကော်မတီအနေနှင့် ဖမ်းဆီးခံရသော ကော်မတီဝင်များနှင့် ရှောင်တိမ်းနေရသော ကော်မတီဝင်များ၏ လစ်လပ်နေရာများကို ပြင်ဆင်ဖွဲ့စည်းမည် မဟုတ်ကြောင်း တကသနှင့် မြေလတ် ဗကသကျောင်းသား ကိုယ်စားလှယ်များက ဆိုသည်။

“အဲဒီကိစ္စကို အတည်ပြု ဆုံးဖြတ်ဖို့ မရှိသေးပါဘူး။ လုပ်မယ်လို့ ကျွန်တော်တို့ မပြောသေးဘူး။ လုပ်မယ်၊ မလုပ်ဘူး မဆုံးဖြတ်ရသေးတဲ့အချိန် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတဲ့ အကျိုးဆက်တွေ လိုက်ဖြေပေးရတာ ဆိုးပါတယ်” ဟု ယင်းဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက ပြောဆိုသည်။
လက်ရှိတွင် တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပနေဆဲကာလ ဖြစ်၍ ဦးဆောင်ကော်မတီဝင် ကျောင်းသားများ စုံညီအစည်းအဝေး ကျင်းပရန် မဖြစ်နိုင်သေးကြောင်း၊ ယင်းကြောင့် ဧပြီလ ၄ ရက် နောက်ပိုင်း စုံညီအစည်းအဝေး ပြုလုပ်ပြီးမှသာ သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း မြေလတ်ဗကသ ကိုယ်စားလှယ် ကိုချစ်ဝင်းမောင်က ပြောကြားသည်။
“လွှတ်တော်မှာ ကျွန်တော်တို့က ရှေ့မှာ ဆွေးနွေးနေတယ်။ နောက်မှာ ကျွန်တော်တို့ လူတွေက အဖမ်းခံနေရတယ်။ မဖြောင့်ဘူး” ဟု ၎င်းကဆိုသည်။
ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီမှ ဗကသခေါင်းဆောင် လေးဦး ဖမ်းဆီးခံရမှုနှင့် ဖမ်းဆီးခံရသူ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် ကျန်ရှိနေသော ကော်မတီဝင်များက ဝိုင်းဝန်းပံ့ပိုးပေးသင့်ကြောင်း မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က ပြောဆိုသည်။
“ဒီလေးယောက် အဖမ်းခံထားရလို့ နောက်လူတွေနဲ့ ပြင်ဆင်ဖွဲ့စည်းမယ် ဆိုရင် သူတို့အပေါ် မစာနာရာ ရောက်တယ်” ဟု ဦးဇော်မျိုးလှိုင်က သုံးသပ်သည်။
မတ်လ ၁၀ ရက်က လက်ပံတန်းမြို့ အဝင်တွင် ကျောင်းသားသပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုစိုးလှိုင်နှင့် မဖြိုးဖြိုးအောင်တို့ အပါအဝင် ကျောင်းသားများနှင့် ဒေသခံ ၁၂၇ ဦး ဖမ်းဆီးခံရကာ လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးကိုသာ ပြန်လွတ်ပေးခဲ့သည်။
The Voice Weekly

No comments:

Post a Comment