Monday, March 23, 2015

မေးခွန်းထုတ်ရတော့မယ့် တရုတ်မူဝါဒနဲ့ အိမ်နီးချင်းကောင်းပီသမှု


တရုတ်နိုင်ငံတွင်း ဗုံးဆံကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦးသေဆုံးပြီးနောက်မှာ တရုတ် ၀န်ကြီးချုပ် လီခယ်ချင်းက မြန်မာ့တပ်မတော်လေယာဉ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရ ခဲ့ရတယ်လို့ စွပ်စွဲခဲ့ပြီး မြန်မာဘက်မှ အသေးစိတ် စုံစမ်းစစ်ဆေးပေးရန်၊ကျူးလွန် သူများကို ဖော်ထုတ်အရေးယူပေးရန်၊တောင်းပန်စကားပြောကြားရန်နှင့် လျှော်ကြေး ပေးအပ်ရန်တို့က တောင်းဆို ခဲ့သလို တရုတ်တပ်မတော် စစ်ကော်မရှင် ဒုဥက္ကဌကပါ အလားတူကိစ္စမျိုး ဖြစ်ပွားလားပါက တရုတ်ဘက်မှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး သတိပေးခဲ့တယ်လို့ ဂျာနယ် တွေက ဖော်ပြကြပါတယ်။

ဒါ့အပြင် တရုတ်ခြေမြန်တပ်၊ တင့်ကားတပ်နှင့် လေကြောင်းရန်ကာကွယ်ရေး ယန္တရား ယာဉ်များဟာ နယ်စပ်အနီးမှာ တပ်စွဲလာသလို တရုတ်လေတပ်ကလည်း မြန်မာ-တရုတ်နယ်စပ် အနီးက လင်းချန်မြို့မှာ တိုက်ခိုက်ရေး ဂျက်လေယာဉ်များနှင့် ဒုံးကျည်များကို တပ်စွဲချထား ခဲ့ကြောင်း သတင်းတွေပါ ဆက်တိုက်ဆိုသလို ဖတ်လိုက်ရပါတယ်။ အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် တရုတ် လေတပ်မှ တိုက်လေယာဉ်များဟာ နှစ်နိုင်ငံနယ်စပ်တွင် ကင်းလှည့် ပျံသန်းမှုတွေ စတင်ပြုလုပ်နေသလို တရုတ်နိုင်ငံဘက်ကို ချဉ်းကပ်လာတဲ့ မည်သည့် လေယာဉ် ကိုမဆို တန်ပြန်ချဉ်းကပ်မှုများ ပြုလုပ်သတိပေးရန် အမိန့်ပေးထားကြောင်းလည်း သိရှိရပါတယ်။
မြန်မာအစိုးရဘက်ကတော့ မြန်မာတိုက်လေယာဉ်တွေ နယ်ကျော်ပျံသန်းမှု မရှိကြောင်း၊ ပျံသန်းမှုမှတ်တမ်းနဲ့ ပျံသန်းရာလမ်းကြောင်းများကို မှတ်တမ်းမှတ်ရာ ပြုလုပ်ထားကြောင်း၊ တိုက်လေယာဉ်များ ဗုံးမကြဲမီ တရုတ်ဘက်ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေရန်အတွက် သောင်းကျန်းသူအဖွဲ့များက လုပ်ဆောင်တယ်လို့ ထင်မြင်ယူဆရကြောင်း၊ နှစ်နိုင်ငံပူးတွဲစစ်ဆေးအဖြေရှာလိုကြောင်း ချက်ချင်းအကြောင်းပြန်ခဲ့ တယ်လို့ သိရှိရပါတယ်။(လက်ရှိမှာ ပူးတွဲစစ်ဆေးနေပြီ ဖြစ်ပါတယ်)
ခုပြဿနာကိုကြည့်ရင် တရုတ်ပိုင်နက်နယ်မြေကို မြန်မာဘက်က ၀င်ရောက်ထိပါးပြီး နိုင်ငံသားတွေ သေဆုံးထိခိုက်စေခဲ့တယ်လို့ ယူဆတဲ့အတွက် ကိုယ့်နိုင်ငံသားတွေကို အပြည့်အ၀ ကာကွယ်ပေးဖို့ ဆောင်ရွက်သင့်တာဆောင်ရွက်ပြီး ပြောဆိုသင့်တာပြောဆိုရမယ် ဆိုတာကို လက်ခံပေမယ့် ဒီပြဿနာဟာ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်ပြီး သိမ်မွေ့ညင်သာစွာ ဖြေရှင်းရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ခုလိုတင်းတင်းမာမာ တုန့်ပြန်မှုပြုလိုက်ကြောင့် မြန်မာ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ အေအေးချမ်းချမ်းရှိရာကနေ မီးစလေး စတောက် လာတဲ့ အသွင်ကိုဆောင်ပါတယ်။ တရုတ်ရဲ့ တုန့်ပြန်မှုတွေဟာ အပေါင်းလက္ခဏာထက် ရန်လိုတဲ့ ဘက်ကို အကဲသာနေတယ်လို့ ရှုမြင်မိပါတယ်။ နှစ်နိုင်ငံ ပူးတွဲစစ်ဆေးပြီး မြန်မာဘက်က ပစ်ခတ်တာသေချာမှ ဒီလိုတုန့်ပြန်တယ်ဆိုရင် တရုတ်ရဲ့ အမျက်ဒေါသကို စာနာနားလည်ပေးလို့ ရပေမယ့် အဖြေမထွက်သေးခင်မှာ တဇွတ်ထိုး ပြောဆိုလုပ်ဆောင်လာတာဟာ အိမ်နီးချင်းကောင်းလို့ မှတ်ယူထားသူတစ်ဦးရဲ့ လိုတာထက်ပိုပြီး အကဲဆတ်တဲ့ တုန့်ပြန်မှုတစ်ခုလေလားလို့ ယူဆရဖွယ် ရှိပါတယ်။
ဒီဖြစ်စဉ်နဲ့ဆက်စပ်ပြီး ယူဂိုဆလပ်မှာ တရုတ်သံရုံးကို အမေရိကန် ဗုံးကြဲချခဲ့တုန်းက အခြေအနေကို ပြန်ပြောင်းအမှတ်ရစရာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက အမေရိကန်ရဲ့ မြေပုံညွှန်းမှားလို့ ဖြစ်တာပါ ဆိုတဲ့တုန့်ပြန်စကားတစ်ခွန်းပဲ ပြန်လည်ရရှိခဲ့ပြီးတော့ Sorryဆိုတဲ့တောင်းပန်စကားကို တရုတ်မကြားခဲ့ရပါဘူး။ ဒါပေမယ့်လည်း တရုတ်ဘက်က တင်းတင်းမာမာတုန့်ပြန်မှု အရိပ် အယောင် တစ်ခုမျှ ပြသခဲ့တာမတွေ့ခဲ့ရပါဘူး။ တရုတ်မှာရှိတဲ့ အမေရိကန်သံကို မောင်းမထုတ် ရဲသလို၊ အမေရိကန်မှာရှိတဲ့ တရုတ်သံကိုလည်း ပြန်ခေါ်ခဲ့တာ မတွေ့ခဲ့ရပါဘူး။ ဒီနှစ်ခုကို ဆက်စပ် တွေးကြည့်ရင် တရုတ်ဟာ ကွန်မြူနစ်ဝါဒနဲ့ အရင်းရှင်စီးပွားရေးဆိုတဲ့ တစ်နိုင်ငံစနစ်နှစ်မျိုးကို ကျင့်သုံးတဲ့အပြင် အင်အားချိန်ခွင်လျှာ အနိမ့်အမြင့်အလိုက် အားကြီးသူကို ဦးတိုက်ပြီး မြေနိမ့်ရာကို လှံစိုက်တတ်တဲ့ မူဝါဒနှစ်မျိုးကိုပါ ကျင့်သုံးလေသလား စဉ်းစားရပါတော့မယ်။ အာရှနဂါးကြီးဟာ တစ်ခါတရံမှာ ပတ်ဝန်းကျင်အခြေနေကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်တစ်ကောင်လား လို့ဆိုရပါတော့မယ်။
မြန်မာဟာ တရုတ်သြဇာ၊ တရုတ်အထောက်အပံ့နဲ့ မကင်းခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စရာရှိပါတယ်။ ဒေသတွင်းမှာ မြန်မာ့တပ်မတော်ရဲ့ စစ်အင်အား တောင့်တင်းလာခဲ့တယ် ဆိုရာမှာလည်း တရုတ်ရဲ့ ကျေးဇူးတွေ မကင်းခဲ့ဘူးဆိုတာ လက်ခံရမှာပါ။ ယခင် တပ်မတော်အစိုးရ လက်ထက်ကလည်း နိုင်ငံရေး၊စစ်ရေး၊ စီးပွားရေးအရ ပေါက်ဖော်ဆွေမျိုး ဆက်ဆံရေးဟာ အပြန်အလှန် အကျိုး ဖြစ်ထွန်းခဲ့တယ်ဆိုတာထက် တရုတ်ဘက်က အလေးသာ ခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒီအချိန်က နှစ်နိုင်ငံဆက်ဆံရေးဟာ အမြင့်ဆုံး မွန်းတည့်နေ ဆက်ဆံရေးလို့ သတ်မှတ်ရမှာဖြစ်ပြီး ယခုအချိန်ထိလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ထက်ဝက်ကျော်ဟာ တရုတ်ရင်းနှီးမြှပ်နှံမှုတွေသာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအခြေနေမှာ တရုတ်ဘက်က ထင်မှတ်မထားလောက်အောင် ဘာကြောင့် လိုတာထက်ပိုပြီး ဒေါပွရသလဲဆိုတဲ့ အကြောင်းတရားရဲ့ နောက်ခံကွင်းဆက်တွေကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါ ဖြစ်နိုင်ချေများတဲ့ အကြောင်းချက်လက်တွေ စေ့စေ့တွေးသော် ရေးရေးပေါ်လာ ပါတယ်။ ဒါတွေကတော့ လက်ရှိသမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြည်သူအများစု သဘောမတူ တဲ့ မြစ်ဆုံကိစ္စကို သူ့သမ္မတသက်တမ်းကာလအတွင်း ဆိုင်းငံ့လိုက်တာကစလို့ လက်ပန်းတောင်း တောင် ကိစ္စနဲ့ ကေအိုင်အေ တရုတ် သစ်ခိုးထုတ်မှု ကိစ္စတွေ အလယ်၊ ကိုးကန့် ပြဿနာအဆုံး ဖြစ်စဉ်တွေ အားလုံး အကျုံးဝင်နေတယ်လို့ သုံးသပ်မိပါတယ်။ နောက်အစိုးရသစ် လက်ထက်မှာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာတာနဲ့ အနောက်အုပ်စုဝင် အင်အားကြီး နိုင်ငံတချို့ရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံပြောင်းလဲလာပြီး ရွှေလမ်းငွေလမ်းဖောက်လာတာတွေ ကလည်း တရုတ်အတွက် မျက်စိစပါးမွှေးစူးစရာ အကြောင်းအချက်အနေနဲ့ ပါဝင်ပတ်သက် နေပါလိမ့်မယ်။ ဒီလို တအုံနွေးနွေး တေးထားသမျှဟာ ခုကိစ္စမှာ အဖုအထစ်ဖြစ်လာပြီး စုပုံပေါက်ကွဲပြတာ ဖြစ်လာနိုင်စရာ ရှိပါတယ်။
တချို့သော စစ်ရေးသုတေသီတွေက လောက်ကိုင်ဒေသစစ်ပွဲဟာ တရုတ်နောက်ခံပြုစစ်ပွဲလို့ စွပ်စွဲကြတာကို တရုတ်ဘက်က ပြတ်ပြတ်သားသား ငြင်းချက်ထုတ်ထားပေမယ့် ဒီပြဿနာရဲ့ အစဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်တွေကို ပင်တိုင်ဖော်ပြပေးနေတဲ့ ဂလိုဘယ်လ်တိုင်း သတင်းစာက ဖုန်ကြားရှင်ကို စင်တင်ပေးရာက စတင်ခဲ့ပါတယ်။ ဖုန်ကြားရှင်ရဲ့ ပိုင်ဆိုင်မှုများနဲ့ ဘဏ်အပ်ငွေများကို ပိတ်ဆို့ထားခဲ့ရာက လောက်ကိုင်တိုက်ပွဲများ မဖြစ်ပွားမီမှာ ရုတ်တရက် ပြန်လည်ထုတ်ယူ ခွင့်ပြုလိုက် တာဟာ နောက်ကွယ်ကနေ ကျားသေကိုအသက်သွင်းခြင်း တစ်ခုလားလို့ စဉ်းစားစရာဖြစ်ပါတယ်။
မူလကနဦးက တရုတ်ရဲ့ လုံးလုံးလျားလျား ပါဝင်ပတ်သက်မှု မရှိဘူးဆိုတဲ့ ငြင်းပယ်မှုနဲ့ မြန်မာအစိုးရကို ဆန်ကျင်တိုက်ခိုက်တဲ့ မည်သည့်အဖွဲ့ အစည်းကိုမှ လက်သင့်ခံမည် မဟုတ်ကြောင်း ကတိပေးပြောဆိုမှုတွေဟာ ပြန်ပြီးမေးခွန်းထုတ်စရာ ကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ လောက်ကိုင်ဒေသ ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲကြီးငယ်တွေ ဖြစ်ပွားနေတာ တစ်လကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများစွာ အသုံးပြုပြီး တရစပ်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ နေရာ တော်တော်များများကို ထိန်းချုပ်ထား နိုင်ခဲ့တဲ့အပြင် ရန်သူကို ပစောက်ပုံသဏ္ထာန် ၀ိုင်းပတ်ထားတာ ဖြစ်ပါတယ်။ သူတို့အတွက် ထွက် ပေါက်ဆိုတာ မြန်မာဘက်မှာ မရှိပါဘူး။ ဒီလောက် မီးကုန် ယမ်းကုန် ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲကြီးမှာ ဖုန်ကြားရှင်ဘက်က အကျအဆုံးဆိုတာ နည်းလှမှာ မဟုတ်ပါဘူး။ တန်ပြန်ပစ်ခတ်လို ကုန်ခမ်း သွားမယ့် ခဲယမ်းမီးကျောက်ဆိုတာလည်း နည်းမှာ မဟုတ်ပါဘူး။ဒါပေမယ့် ခုထိစစ်ရှိန် မလျော့သေး တာ ဘာကြောင့်ပါလဲ။ တုန့်ပြန်ပစ်ခတ်တဲ့ ခဲယမ်းမီးကျောက်တွေက ဘယ်ကထပ်မံဖြည့်တင်း တာပါလဲ။ အရှိန်မတန့်အောင် ထိန်းထားနိုင်တဲ့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ လူအင်အား ဖြည့်တင်းရာ လမ်းကြောင်းက ဘယ်မှာပါလဲ။ ဒဏ်ရာရ လူနာတွေကို ဘယ်မှာကုသ နေတာပါလဲ။ လူသားချင်းစာနာ ထောက်ထားမှုဆိုတဲ့ ခေါင်းစဉ်ကို အကြောင်းပြုပြီး တရုတ်ဘက်မှာ ကုနေတာလား။ ထွက်ပြေး တိမ်းရှောင်လာတဲ့ ကိုးကန့်သောင်းကျန်းသူ တစ်ဦးတလေမျှ တရုတ်ဘက်က ဖမ်းဆီးရမိမှု မရှိဘူးလား။ စဉ်းစားလေ မေးခွန်းထုတ်စရာ ကောင်းလေပါပဲ။
ဒီလောက်ကြီးမားတဲ့ တပ်အင်အားကြီးတစ်ခု တရုတ်ဘက်မှာ အခြေပြုလှုပ်ရှားနေတာ မသိစရာ အကြောင်းရှိမယ် မထင်ပါ။ အာကသထဲမှာ စစ်ဘက်ဆိုင်ရာဂြိုလ်တုများစွာ လွှတ်တင် ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ မြေပြင်သတင်းမရရှိဘူးလို့ ဆိုခဲ့ရင်တောင် ဂြိုလ်တုကတစ်ဆင့် သတင်း မရရှိနိုင်စရာ အကြောင်းမရှိပါ။ မြေပြင်သတင်းအနေနဲ့လည်း ဖုန်ကြားရှင်တပ်ဖွဲ့များဟာ Mobile Army အဖြစ် ရွှေ့ပြောင်းသွားလာရာမှာ လျင်မြန်ပေါ့ပါးတဲ့ယာဉ်တွေကို သုံးစွဲပြီး ဆက်သွယ်ရေး လမ်းကြောင်းကောင်းမွန်တဲ့ တရုတ်နယ်မြေဘက်ကို အခြေပြုကာ သွားလာလှုပ်ရှား နေတာဖြစ်လို့ မသိစရာအကြောင်းမရှိဘူးလို့ ရှုမြင်မိပါတယ်။ အင်တာနက်သတင်းတွေအရလည်း တရုတ်ဘက်နဲ့ ဥမင်လှိုဏ်ခေါင်းတွေ ဖောက်ထားပြီး တရုတ်ဘက်က လက်နက်နဲ့ရိက္ခာတွေ သယ်နေ တယ်လို့ ဆိုပါတယ်။ ဥမင်လှိုဏ်ခေါင်းတစ်ခု တူးဖော်ဖို့ဆိုတာ လူအင်အား၊ ငွေအင်အား၊ ဓနအင် အားနဲ့ ယန္တယားပစ္စည်းများကို လှိုင်လှိုင်သုံးစွဲရတဲ့အပြင် လုပ်ငန်းခွင်အနေအထားနဲ့ စွန့်ပစ် မြေစာများဟာ သိုသိုသိပ်သိပ် တူးဖော်နိုင်ရန် အလွန်ခဲယဉ်းပါတယ်။ တရုတ်အာဏာပိုင်တွေမသိဘ၊ဲ ၄င်းတို့ ခွင့်ပြုချက်မရဘဲ လုပ်ဆောင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် မြေပြင်သတင်းတွေ အရလည်း မြန်မာ့တပ်မတော်ဘက်က ဒီလောက်ဦးနှိမ်ပစ်ခတ် ထားတာတောင်မှ တဖွဲဖွဲကျဆုံး နေရတာတွေနဲ့ ကြိုတင်ချောင်းမြောင်း ပစ်ခတ်ခြင်းခံရတာတွေ တောက်လျှောက်ရှိနေတာကို ကြည့်ရင် မြန်မာ စစ်တပ်ရဲ့ လှုပ်ရှားမှု မှန်သမျှကို ကောင်းကင်ဓာတ်ပုံ/ ဂြိုလ်တုဓာတ်ပုံတွေက တစ်ဆင့် ကြိုတင်သတင်း ရနေသလားလို့ စဉ်းစားစရာ ဖြစ်ပါတယ်။ ဖုန်ကြားရှင်တပ်ဖွဲ့ဟာ သာမန် တပ်ဖွဲ့တစ်ခုအဆင့်သာရှိတာမို့ လေကြောင်းကင်းထောက်ဖို့အတွက် ဂြိုလ်တုနဲ့ ဒရုန်း လေယာဉ်တွေ ပိုင်ဆိုင်နိုင်စရာ အကြောင်းမရှိပါ။ ဒါတွေ သုံးပြီးသတင်းထောက်လှမ်းနိုင်စွမ်း မရှိပါ။ တရုတ်ရဲ့ နည်းပညာ အကူအညီ ရယူမှုရှိ/ မရှိဆိုတာ ချင့်ချိန်ကြည့်ရပါလိမ့်မယ်။
ဒါဆိုရင် လုံးဝပါဝင်ပတ်သက်မှု မရှိဘူးဆိုတဲ့ တရုတ်တို့ရဲ့အဖြေဟာ လုံလောက်မှု မရှိတော့ ပါဘူ။ ကျေနပ် လက်ခံနိုင်ဖွယ် မရှိတော့ပါဘူး။ တနည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက် နေတယ်လို့ ယူဆရပါတော့မယ်။ အဲ့ဒီပါဝင်ပတ်သက်မှုက ဘာပါလဲ။ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သတ်မှု ရှိနေတာပါလဲ။ တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ပါဝင် ပတ်သက်မှုလား၊ ယူနန် ပြည်နယ်အစိုးရရဲ့ ဆက်နွယ်ပတ်သက်မှုလား ပြန်စဉ်းစားရမယ့် အပိုင်း ရှိလာပါပြီ။ တရုတ် ဗဟိုအစိုးရက ထောက်ခံမှုမရှိဘူးဆိုရင် ယူနန်ပြည်နယ်အစိုးရရဲ့ ပါဝင်ပတ်သက်မှု ကို မသိရှိတာလား။ သိသိချည်းနဲ့ မသိကျိုးကျွံပြုပြီး လက်ရှောင်နေတာဆိုရင်တော့ ဗဟိုအစိုးရမူက တစ်မျိုး၊ ယူနန် ပြည်နယ်အစိုးရမူက တစ်မျိုး တစ်နိုင်ငံမူဝါဒနှစ်မျိုး ကျင့်သုံး နေတာလားလို့ မေးရပါတော့မယ်။ ဗဟိုချုပ်ကိုင်မှုနဲ့ သဘောတရားရေးရာတင်းမာပြတ်သားတဲ့ ကွန်မြူနစ်အစိုးရ တစ်ရပ်အနေနဲ့ ပြည်နယ်တစ်ခုကို နိုင်နင်းအောင် ထိန်းချုပ်နိုင်မှု မရှိဘူးလားလို့လည်း မေးရပါ လိမ့်မယ်။
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှနဲ့ ကင်းအောင်နေတယ်၊ ထောက်ပံ့မှုမလုပ်ဘူး။ ဘာဆက်ဆံမှုမှ မပြုဘူးလို့ ပြောင်ကျကျ ငြင်းချက်ထုတ်လာမယ် ဆိုရင်တော့ ယခုတွေ့ရှိထားတဲ့ အချက်တွေအပြင် ယခင်ထားရှိခဲ့တဲ့ သံသယ ကွင်းဆက်တွေကိုပါ တစ်လိမ်ချင်း ဖြည်ထုတ်ပြရပါလိမ့်မယ်။ ၀နဲ့ ကေအိုင်အေဟာ ဘယ်သူ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေလဲဆိုတာ တစ်ဆက်တည်း မေးရပါလိမ့်မယ်။ ၀လက်နက်ကိုင် တပ်ဖွဲ့အတွက် တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ တင့်ကားတွေကို တရုတ်ဘက်က ထောက်ပံ့ပေး ထားတယ်ဆိုတဲ့ အနောက်နိုင်ငံစစ်ရေး သုတေသီတွေနဲ့ သတင်းစာကြီးတချို့ရဲ့ ဖော်ထုတ်ချက်တွေဟာ ဟုတ်မှန်လိမ့်မယ်လို့ တထစ်ချ မှတ်ယူရပါတော့မယ်။
ဒါဆိုရင် ဘက်မလိုက်မူ(၅)ရပ်ဆိုတာ စာရွက်ပေါ်မှာ လူကြားကောင်းအောင် ရေးထိုးထားတဲ့ စက္ကူစုတ်တစ်ခုလားလို့ မေးခွန်းထုတ်ရပါတော့မယ်။ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တစ်နိုင်က ၀င်မစွက်ဘက်ရေးဆိုတာ ဘာလဲလို့ မေးရပါတော့မယ်။ ကြားခံစစ်စည်းအဖြစ် လက်ဝေခံမွေးပြီး အိမ်ကြက်ချင်းအိုးမဲသုတ်တာဟာ တရုတ်ရဲ့မူဝါဒလား၊ ဒီကတစ်ဆင့် ကြယ်ရံနိုင်ငံအဖြစ် အနာဂတ် နယ်မြေသစ်ချဲ့ထွင်မှာလားဆိုတာ ပြန်လည်စဉ်းစားရပါတော့မယ်။ ဒုတိယခရိုင်းမီးယားလို ပုံစံမျိုး ဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့ ငြင်းချက်ထုတ်ခဲ့တဲ့ တရုတ်ရဲ့စကားကို ယုံစားမရနိုင်ဘူးလို့ သတ်မှတ်ရပါတော့မယ်။ တရုတ်အနေနဲ့ အတုယူမမှားဖို့လိုပါတယ်။ ခရိုင်းမီးယားအရေးမှာ ရုရှားဟာ အမေရိကန်အပါအ၀င် EUနိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့အရေးယူတားဆီးမှု ဒဏ်တွေကို အလူးအလဲခံနေရပါပြီ။ ပြည်တွင်းမှာလည်း ပူတင်ရဲ့သြဇာဟာ တဖြည်းဖြည်းကျဆင်း လာနေပါပြီ။ ပြန်လည်ခေါင်းထောင်လာခါစမှာ သူ့အရိုးနဲ့သူ့ပြန်ထိုးပြီး ခေတ်သစ်ကိုလိုနီဝါဒကို လွှဲမှားစွာ ကျင့်သုံးလိုက်တာကြောင့် ပေးဆပ်မှုတွေကြီးမားလာနေပါပြီ။ ဒါကိုတရုတ်အနေနဲ့ သင်ခန်းစာဖော် ထုတ်တတ်ဖို့လိုပါတယ်။
တဟုန်ထိုးဖွံ့ဖြိုးလာတဲ့ စက်မှုလုပ်ငန်းတွေ ရပ်တန့်မသွားစေဖို့ တရုတ်နိုင်ငံရဲ့အသက်ဟာ သဘာဝဓာတ်ငွေ့နဲ့ လောင်စာပေါ်မှာ မှီခိုနေရပါတယ်။ တရုတ်နိုင်ငံခြားရေးပေါ်လစီဟာ ဒီအချက်မှာ မှီတည်နေပါတယ်။ ပေါက်ကွဲလုခမန်း လူဦးရေနဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည် အချိုးကျညီမျှဖို့ အလောတကြီး ရှာဖွေနေရတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့များဟာ ကမ္ဘာပတ် ရှာဖွေနေစရာမလိုဘဲ စရိတ်စကနဲ့ သယ်ယူပို့ဆောင်ရေးလွယ်ကူတဲ့ မြန်မာဘက်မှာ များစွာရှိနေပါတယ်။ တရုတ်နိုင်ငံဘက် ကလည်း ကျောက်ဖြူကူမင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဒေါ်လာများစွာအကုန်ကျခံကာ သွယ်တန်းထားပြီး စတင်ပို့လွှတ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသောလိုအပ်ချက်များဖြစ်တဲ့ သစ်ထွက်ပစ္စည်း၊ သတ္တု၊ ကျောက်မျက်၊ သားငါး၊ လယ်ယာ၊ အိမ်ခြံမြေ စတဲ့ကဏ္ဍများစွာမှာ တရုတ်က အပြည့်အ၀ရင်းနှီးမြှပ်နှံထားပါတယ်။ တရုတ်ပို့ကုန်အများစုဟာလည်း မြန်မာဘက်ကို တရစပ်စီးဆင်း နေပါတယ်။ အကြီးစားစက်ပစ္စည်းတွေကနေ အသေးဆုံးစားသောက်ကုန် ပစ္စည်းတွေအထိ မြန်မာ ဘက်က အဓိက ၀ယ်ယူသုံးစွဲနေတာမို့ ကုန်သွယ်မှုကဏ္ဍမှာ တရုတ်ဘက်က အသာစီးရနေပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် မြန်မာဟာ အရင်းနည်းနည်းသုံးပြီး အမြတ်များများ ရတဲ့ကုန်သွယ်ဘက်နိုင်ငံ ဖြစ်နေတာမို့ ဆုံးရှုံးခံလို့မဖြစ်တဲ့ အဓိကဈေးကွက်တစ်ခု ဖြစ်ပါတယ်။
နောက် ပထ၀ီနိုင်ငံရေးအရ တရုတ်အတွက် မြန်မာဟာ မရှိမဖြစ် မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် ဆက်ဆံသွားရမယ့်နိုင်ငံတစ်ခုဖြစ်ပါတယ်။ အမေရိကန်ရဲ့ အာရှကို ဗဟိုပြုလှုပ်ရှားမှုဆိုတာ လူကြား ကောင်းအောင် အမည်ပေးထားပေမယ့် တကယ့်တကယ်က တရုတ်ကို ၀ိုင်းပတ်ပိတ်ဆို့ရေး ဖြစ်ပါ တယ်။ တရုတ်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြောက်ကိုရီးယား နိုင်ငံကလွဲလို့ မိတ်ဖက်စစ်စစ် နိုင်ငံဆိုတာ မရှိသလောက်ဖြစ်နေပြီလို့ ပြောရမှာပါ။ တောင်တရုတ်ပင်လယ် အရေးအခင်းတွေမှာ ဂျပန်၊ ကိုရီးယား၊ တိုင်ဝမ်တို့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေနဲ့ တင်းမာမှုတွေဖြစ်ခဲ့ပြီး အထီးကျန်ပိုဆန်လာခဲ့ပါတယ်။ ဒီလိုအခြေနေမျိုးမှာ တရုတ်ရဲ့ ပေါ်လစီမိတ်ကာတွေရဲ့ လိမ်မာပါးနပ်မှုက အခရာကျပါတယ်။ စစ်မဟာဗျူဟာအရ အခရာကျတဲ့ မြန်မာကို အနောက်ဘက် ပိုယိမ်းစေမှာလား၊ တရုတ်ရင်းနှီး မြှပ်နှံမှုတွေ အများဆုံးရှိတဲ့ မြန်မာမှာ ဗီယက်နမ်လို တရုတ်စီးပွားရေးလုပ်ငန်းမှန်သမျှကို ဆန့်ကျင်တိုက်ခိုက်တဲ့ ပြည်တွင်းလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာအောင် ကိုယ့်အမြီးကိုယ်လှန်ချိုးသလို တွန်းပို့မှာလား၊ မလက္ကာရေလက်ကြားကို ပတ်စရာမလိုဘဲ အနီးဆုံးပင်လယ်ထွက်ပေါက်တွေဖြစ်တဲ့ ကျောက်ဖြူ၊ထားဝယ် ရေနက်ဆိပ်ကမ်း တွေကို စွန့်လွှတ်နိုင်မှာလား။ အငမ်းမရ ရှာဖွေနေတဲ့ လောင်စာ လိုအပ်ချက်အတွက် အနီးဆုံး အိမ်နီးချင်းမြန်မာကို ထည့်မတွက်ဘဲ ဝေးလံတဲ့ အာဖရိကဘက်ပဲ ခြေဦး လှည့်တော့မှာလား သေချာ စဉ်းစားရပါတော့မယ်။ရုရှားနဲ့တင် လုံခြုံစိတ်ချရပြီလား စဉ်းစားရပါတော့မယ်။
ဒီလိုမဟုတ်ဘဲ မီးစာတစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်နေရင်တော့ ကြာလေကြာလေ တရုတ်အကျိုးစီးပွားတွေ ထိခိုက်လေဖြစ်လာပါလိမ့်မယ်။ နယ်စပ်စည်းမျဉ်း တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို ခါးပိုက်ဆောင်တပ်သဖွယ် သဘောထားပြီး အကွက်ရွှေ့ ကစားနေတာကို ရပ်တန်းက ရပ်ဖို့သင့်ပါပြီ။ လောက်ကိုင်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ သပွတ်အူအရှုပ်တွေကို ပြတ်ပြတ်သားသား စစ်ဆေးဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုပါပြီ။ တရုတ်အနေနဲ့ ဖုန်ကြားရှင်ဆိုတဲ့ ပုဂ္ဂလဓိဌာန်နဲ့ နှစ်နိုင်ငံအကျိုးစီးပွား ဆိုတဲ့ ဓမ္မဓိဌာန်ကို အမြန်ရွေးဖို့ လိုနေပါပြီ။ တရုတ်ကို ခြေကုပ်ယူ လှုပ်ရှားနေတဲ့ ဖုန်ကြားရှင်ကို ပူးပေါင်းနှိမ်နှင်းပြီး မြန်မာတစ်မျိုးသားလုံးရဲ့ သံသယကို ချေဖျက်ပြဖို့ အချိန်တန်ပါပြီ။
သို့မဟုတ်ပါက သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ သဘောအတိုင်း မြန်မာအစိုးရအပိုင်းကလည်း တရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေကို အပ်ကျမတ်ကျ စစ်ဆေးဖော်ထုတ်ပြီး သက်သေအထောက်အထားနဲ့တကွ အာဆီယံအစည်းအဝေးတွေမှာ အဆိုတင်သွင်း ကန့်ကွက် ရှုတ်ချတာတွေ၊ ကုလသမဂ္ဂမှာ ဖွင့်ထုတ်တင်ပြတာတွေ လုပ်လာနိုင်စရာ ရှိပါတယ်။ ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှုတွေ မမျှော်လင့်ဘဲ ပေါ်ပေါက်လာမယ်ဆိုရင်တော့ နောင်တက်လာမယ့် အစိုးရတွေမှာ စစ်ရေးကဏ္ဍတွေနဲ့ စပ်လျဉ်းပြီး အခြေခံဥပဒေပါ ထိန်းချုပ်ထားတာတွေကို ပြင်ဆင်ကောင်း ပြင်ဆင်လာပါလိမ့်မယ်။ လက်ရှိအခြေနေအရ လောက်ကိုင်စစ်ပွဲကို ပြည်သူအများစုက တခဲနက် ထောက်ခံနေကြတာမို့ မြန်မာအစိုးရကသာ တရားဝင်ကြေညာလိုက်ရင် (သို့မဟုတ်) လှုံ့ဆော်လိုက်ရင် တရုတ်အကျိုးစီးပွား မှန်သမျှဟာ လက်ပန်းတောင်းတောင်ထက် ဆယ်ဆ ဆိုးသွားနိုင်စရာရှိပါတယ်။ ခုချိန်ထိ မြန်မာအစိုးရဟာ အရင်အစိုးရလက်ထက်က အကျိုးတူစာချုပ် တွေနဲ့ ကတိက၀တ်တွေကို အမုန်းခံ ကာကွယ်ပေးနေဆဲဆိုပေမယ့် နှစ်နိုင်ငံဆက်ဆံရေး မပြေလည်တဲ့ အခြေနေမှာ ပြည်သူတွေရဲ့ ဖိအားပေးမှုတွေဟာ ကြီးမားသည်ထက် ကြီးမားလာရင်တော့ မြစ်ဆုံလိုမျိုး တရုတ်အကျိုး စီးပွားတွေကို ဆိုင်းငံ့ထားတာ၊ ပိတ်ပင်ဟန့်တားလာတာတွေ ရှိလာနိုင်ပါတယ်။ နယ်စပ်ဂိတ်တွေ ပိတ်ပြီး ကုန်သွယ်စီးဆင်းမှုတွေ ရပ်စိုင်းပစ်တာမျိုး လုပ်လာနိုင်စရာ ရှိပါတယ်။ မြန်မာဟာ အရင်ကလို ရွေးချယ်စရာမရှိတဲ့ ဘေးကြပ်နံကြပ် အခြေနေမျိုး မဟုတ်ဘူး ဆိုတာ တရုတ်သိဖို့ ကောင်းပါတယ်။ ခုတောင် တရုတ်ဘက်က တပ်တွေဖြန့်ကျက်ချထားတယ်ဆိုလို့ ပြည်သူတွေ လှုပ်လှုပ်ရှားရှား သွေးဆူနေပါပြီ။ မျိုးချစ်စိတ်တွေ ပြင်းထန်တက်ကြွလာနေပါပြီ။ တရုတ်အနေနဲ့ အစိုးရက တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတာတောင် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ပြီး ပေါက်ကွဲမှုတွေ ကြီးတတ်တဲ့ မြန်မာကို မှန်မှန်ကန်ကန် မသုံးသပ်တတ်ရင် နစ်နာစရာတွေ များလာနိုင်ပါတယ်။
မြန်မာဟာ အိပ်ပျော်နေတဲ့ နဂါးကြီးကို လှုပ်နှိုးပြီး အမြီးလှန်ချိုးဖို့ ဘယ်တုန်းကမှ မကြိုးစား ခဲ့ပါဘူး။ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးဖြည့်တင်းမှု မှန်သမျှကလည်း တစ်ခြားတိုင်းပြည်တွေကို ကျူးကျော်ရန်စဖို့ မဟုတ်ဘဲ ခုခံကာကွယ်ဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ခုတိုက်ပွဲဟာလည်း နယ်စပ် စည်းတစ်လျှောက်မှာ မြန်မာ့အချုပ်အခြာအာဏာကို လာရောက်ထိပါးနှောက်ယှက်တဲ့ ဖုန်ကြားရှင် ဦးစီးတဲ့တပ်တွေကို တွန်းလှန်ရုံသက်သက်ပဲ ဖြစ်ပါတယ်။ မတော်တဆ ကျည်ကျော် ကျသည်ဖြစ်စေ၊ တရုတ်မြန်မာ ဆက်ဆံရေးပျက်ပြားစေဖို့ သောင်းကျန်းသူများက ရည်ရွယ် လုပ်ဆောင်သည်ဖြစ်စေ ယခုကဲ့သို့ တရုတ်ဘက်က နှစ်ဖက်လုံး နစ်နာဆုံးရှုံးရမယ့် တုန့်ပြန်မှုမျိုးကို အလောသုံးဆယ် လုပ်စရာ မလိုဘဲ အေးအေးချမ်းချမ်း ဖြေရှင်းဖော်ထုတ်ပြီး ညင်ညင်သာသာ ပူးပေါင်းဆောင်ရွက်သွားရမယ့် ကိစ္စတစ်ခုသာဖြစ်တယ်လို့ ရှုမြင်မိပါတယ်။
တရုတ်ဘက်က နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးကို အထူးအလေးပေးပြီး အိမ်နီးချင်းကောင်း ပီသစွာ ပူးပေါင်းအဖြေရှာဖို့ မကြိုးစားဘဲ မြန်မာအစိုးရကို မဲနေမယ်ဆိုရင်တော့ တစ်ချိန်လုံး အပေါင်း လက္ခဏာ ဆောင်လာရာကနေ အနှုတ်လက္ခဏာ ဆောင်လာပါတော့မယ်။
ဖုန်ကြားရှင်ကို ဖိအားပေးဖို့ မကြိုးစားဘဲ တရုတ်စစ်ကော်မရှင်ဒုဥက္ကဌပြောသလို နောက်တစ်ခါဗုံးတစ်လုံးကျရင် ပြတ်ပြတ် သားသား အရေးယူမယ်ဆိုတဲ့အတိုင်း လုပ်ဆောင်လာမယ်ဆိုရင်တော့ မြန်မာ တစ်ပြည်လုံးကလည်း မြန်မာအစိုးရဘက်က ပြတ်ပြတ်သားသားရပ်တည်ကြပါလိမ့်မယ်။ တရုတ်ရဲ့ ရန်လိုတဲ့မူဝါဒကြောင့် နိုင်ငံတကာမှာ ကျဆင်းနေတဲ့မိမိပုံရိပ်ကို ပိုပြီးညှိုးမှိန်အောင် မိမိဘာသာ လုပ်ဆောင်လိုက်သလို ဖြစ်လာပါလိမ့်မယ်။ တရုတ်ရဲ့အာရှနိုင်ငံတွေ အပေါ်ကျင့်သုံးနေတဲ့ နိုင်လိုမင်းထက်မူဝါဒကို သဘောမကျကြတဲ့ နိုင်ငံတကာအသိုင်း အ၀ိုင်းကလည်း ပြစ်တင်ရှုတ်ချကြပါလိမ့်မယ်။ ယာလည်း ညက် ကြက်လည်းပန်းမယ့်အချိန်ကို လင်းယုန်ကြီး အပါအ၀င် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား စတဲ့ကျောင်းတော်က ရန်စဟောင်းရှိသူများကလည်း လိုလိုလားလား စောင့်ကြိုနေပါလိမ့်မယ်။
တရုတ်အနေနဲ့ ပုဂ္ဂလဓိဌာန်နဲ့ ဓမ္မဓိဌာန်ကို အမြန်ရွေးချယ်သင့်ပါပြီ။
Aung Zay

No comments:

Post a Comment