Thursday, March 19, 2015

ကျောင်းသားအရေး လှုပ်ရှားသူများအား သတိထား စောင့်ကြည့်ရန် ညွှန်ကြားထား

           ကျောင်းသားအရေး လှုပ်ရှား ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတိထား စောင့်ကြည့် တားဆီးသွားရန် မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
          ဖမ်းဆီးခံ ကျောင်းသားများ ပြန်လည် လွတ်မြောက်ရေး၊ ကျောင်းသားသပိတ် ဖြိုခွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးချိန်တွင် ကျောင်းသားများ လူစုလူဝေးပြုလုပ်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် ကျောင်းဝန်းကျင်၌ လုံခြုံရေးများ တင်းကျပ်စွာ ချမှတ် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

          ““ရဲကတော့ ရဲလုပ်ငန်းစဉ်အရ ဥပဒေနဲ့ အညီ ဆောင်ရွက်ရမှာပဲ။ ဥပဒေနဲ့ မညီတဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်လာရင်တော့ ကျောင်းသားမှ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ပုဒ်မ (၁၈) တို့၊ (၁၉) တို့နဲ့ ညိမှာပဲ””ဟု ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး သိင်္ဂီမြင့်က ပြောသည်။
          ကျောင်းသားများ အကြမ်းဖက်ခံရမှုနှင့် ဖမ်းဆီးခံရမှု အပေါ် ရှုံ့ချကြောင်း ဆန္ဒထုတ်ဖော် ကို ယခုလ (၂၁) ရက်နေ့ အင်းလျားကန်ဘောင်၌ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကျောင်းသားများ စုပေါင်း၍ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
          ““အခုအချိန်ထိ အောင်တော့ စာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းတွေမှာတော့ အေးအေး ဆေးဆေး ပါပဲ။ စာမေးပွဲ ဖြေဆိုပြီးရင်တော့ ဘယ်လို လာမလဲ မသိဘူး။ ကျွန်တော်တို့လည်း အခြေအနေ အရပ်ရပ်ကို သတိထားစောင့် ကြည့်နေတာပါ””ဟု သာကေတမြို့နယ် ရဲမှူး ၀င်းကျော်က ပြောသည်။
          မတ်လ (၁၀) ရက်နေ့၌ ကျောင်းသား သပိတ်ကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံပေးသူ (၁၂၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ယနေ့ အချိန်ထိ ကျောင်းတက်နေဆဲ တက္ကသိုလ် ကျောင်းသား ကျောင်းသူနှင့် သတင်းထောက် နှစ်ဦး အပါအ၀င် (၃၀)ခန့်ကို ပြန်လွှတ် ပေးခဲ့သည်။
          သပိတ်မှောက် ကျောင်းသားခေါင်း ဆောင်များအပါအ၀င် လူ (၆၀) ကို ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးပါဝင်မှု ပုဒ်မ ၁၄၃၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးကို လူစုခွဲရန် အမိန့်ပေးသော်လည်း မလိုက်နာမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ကျူးလွန်မှု ပုဒ်မ ၁၄၇၊ ပြည်သူ့ ၀န်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် ၅၀၅(ခ) ဆိုသည့် ပုဒ်မ (၅)ခုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
messengernewsjournal.

No comments:

Post a Comment