Thursday, March 19, 2015

ဒေါနတောင်ကျော်လမ်း တံတားကျိုးစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တက္ကစီစီး ခရီးသည်ထံမှ အမေရိကန်ဒေါ်လာ ၁၀ သိန်းကျော်အား ဖမ်းဆီးရမိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၄ အရ အရေးယူဆောင်ရွက်လျက်ရှိ


ရှာဖွေဖမ်းဆီးရမိသည့် အမေရိကန်ဒေါ်လာ ငွေစက္ကူများကို တာဝန်ရှိသူများ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
ဒေါနတောင်ကျော်လမ်း တံတားကျိုးစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တက္ကစီစီး ခရီးသည်အား စစ်ဆေးရာမှ ရန်ကုန်မြို့မှ မြ၀တီနယ်စပ်သို့ သယ်ဆောင်လာသော အမေရိကန် ဒေါ်လာ ၁၀ သိန်းကျော်အား မတ် ၁၇ ရက် နံနက်က ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


မြ၀တီမြို့ သင်္ဃန်းညီနောင်ရဲစခန်းအပိုင် တံတားကျိုးစစ်ဆေးရေးဂိတ်တွင် ဂိတ်တာဝန်ခံ ရဲအုပ်ဇော်ဝင်းနှင့် ပူးပေါင်းအဖွဲ့ မှ မသင်္ကာဖွယ်ရာ ခရီးသွားများအား စစ်ဆေးလျက်ရှိစဉ် ကော့ကရိတ်မှလာသော ဆိုင်ကယ်တက္ကစီစီး ခရီးသွားအား စစ်ဆေးရာမှ အမေရိကန်ဒေါ်လာများ သယ်ဆောင်လာ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်မေးရာတွင် အဆိုပါဒေါ်လာငွေများကို သယ်ဆောင်လာသူမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်မှ လက်ဖက်ရည်ဆိုင်လုပ်သား မောင်စည်သူအောင်(ခ)စအီဒ် ၁၈ နှစ် (ဘ) ဦးစိန်ဝင်းဖြစ်ပြီး ငွေပိုင်ရှင်ဖြစ်သည့် ဦးသန်းအောင်(ခ)နောင်နောင် အမှတ်(၄)ရပ်ကွက်နေသူထံသို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။


ရှာဖွေတွေ့ရှိခဲ့သော ဒေါ်လာငွေစက္ကူများအား စစ်ဆေးနေစဉ်

တံတားကျိုး စစ်ဆေးရေးဂိတ် တာဝန်ခံ ရဲအုပ်ဇော်ဝင်းပါ ပူးပေါင်းအဖွဲ့မှ အမေရိကန်ဒေါ်လာများ သယ်ဆောင်လာသူ မောင်စည်သူအောင်(ခ)စအီဒ် ဆိုင်ကယ်တက္ကစီမောင်းသူ စနေထွန်း(ခ)ဆွာလေ ၃၂ နှစ် (ဘ) ဦးတင်လှ၊ ဘုရင့်နောင်လမ်း အမှတ်(၃)ရပ်ကွက် ကော့ကရိတ်မြို့နေသူနှင့် အမေရိကန်ဒေါ်လာ ငွေများပိုင်ရှင် ဦးသန်းအောင်(ခ)နောင်နောင်နှင့် ဖွင့်ဖောက်စစ်ဆေးထားသည့် အမေရိကန်ဒေါ်လာ ၁၀၀ တန် ရွက်ရေ ၁၀၀၀ ပါတစ်ထုပ်နှင့် ဖွင့်ဖောက်မစစ်ဆေးရသေးသည့် အမေရိကန်ဒေါ်လာငွေ ၁၀ ထုပ်တို့အား မြ၀တီခရိုင်ရဲတပ်ဖွဲ့သို့ အပ်နှင်းခဲ့သည်။

တံတားကျိုးစစ်ဆေးရေးဂိတ် တာဝန်ခံ ရဲအုပ်ဇော်ဝင်းနှင့် ပူးပေါင်းအဖွဲ့ မှ လွှဲအပ်ပေးသော ငွေထုပ်၊ ငွေပိုင်ရှင်၊ ငွေသယ်ဆောင်သူ၊ ပို့ဆောင်သည့် တက္ကစီသမားတို့အား မြ၀တီခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်လာပြီး ဖွင့်ဖောက်စစ်ဆေးခြင်း မပြုရသေးသည့် ငွေ ၁၀ ထုပ်အား သက်သေများရှေ့တွင် စစ်ဆေးရာ ၁၀၀ တန်ဒေါ်လာငွေ  ၈၉၈၄ ရွက်၊ ၅၀ တန် ၆၉၉ ရွက်စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၃၃၃၅၀ တို့အား တွေ့ရှိရပြီး တံတားကျိုးဂိတ်တွင် စစ်ဆေးသော ဒေါ်လာငွေ ၁၀၀၀၀၀ နှင့်ပေါင်းလျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ငွေ ၁၀၃၃၃၅၀ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ အဆိုပါဒေါ်လာငွေများနှင့် ပတ်သက်၍ အတု၊ အစစ် ခွဲခြားနိုင်ရန်အတွက် ဘဏ်လေးခုတို့မှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

သို့ဖြစ်၍ ငွေပိုင်ရှင် ဦးသန်းအောင် အပါအ၀င် ငွေလာရောက်ပို့ဆောင်သူ မောင်စည်သူအောင်၊ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ စနေထွန်းတို့ သုံးဦးအား သင်္ဃန်းညီနောင်ရဲ စခန်းမှ ပ/၁၁/၂၀၁၅၊ ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၄ အရ အရေးယူဆောင်ရွက်ပြီး ညီနောင်ရဲစခန်းမှူး ရဲအုပ်ကျော်စိုးက စစ်ဆေးလျက်ရှိကြောင်း သိရသည်။    

Writer:
ကိုရွှေသိန်း (မြ၀တီ)

2 comments:

  1. စည်သူအောင်ဆိုတာ လှိုင်မြို့ နယ်ကလား သေချာစစ်ပါ။ အနောက်ပိုင်းတက္ကသိုလ်ကနေ သြ ဇီကိုပြေးပြီးပြန်ရောက်နေတဲ့ စည်သူအောင်ဆိုတာရှိတယ်။နိုင်ငံခြားမှာသင်တန်းတက်လာတဲ့ ကောင် နိုင်ငံရေးသမားသတိထား။

    ReplyDelete
  2. ပျော်လိုက်တာဗျာ။နိုင်ငံအတွက်ဘဏာငွေရတာပေါ့ ။

    ReplyDelete