Wednesday, March 25, 2015

နိုင်ငံရေးပါတီများကို တိုက်ခန်း၂၄ ခန်း မဲစနစ်ဖြင့် ငှားရမ်း၊ ရောင်းချမည်


နိုင်ငံရေးပါတီများ ရုံးခန်းဖွင့်လှစ်နိုင်ရေး အတွက် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းရှိ အခန်း ၂၄ ခန်းကို မဲစနစ်ဖြင့် ငှားရမ်းရောင်းချမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
အဆိုပါ အကြောင်းကြားစာကို မတ်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ မှ ၁၂၅ သိန်း အတွင်း ဝယ်ယူနိုင်မည်ဖြစ်ကာ ငှားရမ်းမည်ဆိုပါက တစ်ခန်းလျှင် တစ်လ ငွေကျပ်လေးသောင်းနှုန်းဖြင့် ငှားရမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ယင်းအခန်းများကို ဝယ်ယူ၊ ငှားရမ်းမည့် နိုင်ငံရေးပါတီများသည် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲမှတစ်ဆင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်လွှာတင်သွင်းရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် ပါရှိသည်။
“အရင်က နိုင်ငံရေးပါတီတွေ မြေနေရာနဲ့ ကားပါမစ်တွေ ချပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တစ်ဆင့် သမ္မတရုံးကို တင်ထားတာရှိတယ်။ အဲဒါရဲ့ အကျိုးဆက်ပါပဲ။ အလကားပေးတာတော့ မဟုတ်ဘူး။ ဒါက သမ္မတရုံးလမ်းညွှန်မှုနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သူတို့ဆီမှာ အခန်း ၂၄ ခန်းရှိတယ်လို့ တင်ပြလာတာပါ။ ရန်ကုန်မှာရှိတဲ့ နိုင်ငံရေး ပါတီတွေအတွက် အဓိက အဆင်ပြေနိုင်မှာပါ။ အခန်းကနည်းတော့ ရောင်းချ ငှားရမ်းတာကို မဲစနစ်နဲ့ပဲ လုပ်သွားပါမယ်” ဟု ဦးသောင်းလှိုင်ကဆိုသည်။
သို့သော်လည်း ယင်းသို့ အစိုးရ ဆောက်လုပ်သည့် စီမံကိန်းများမှ အဆောက်အအုံများကို ပြန်လည်ရောင်းချခြင်းသည် နိုင်ငံရေးပါတီများ နေထိုင်ရေးထက် တစ်ဆင့် ပြန်လည်ရောင်းချရေးကိုသာ ဦးတည်စေနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။
“လှိုင်သာယာဆိုတဲ့ နေရာက ဝေးတော့ တော်ရုံတန်ရုံ ပါတီတွေကတော့ ဈေးကလည်း သိန်းတစ်ရာကျော်ဆိုတော့ ဝယ်မှာတော့ မဟုတ်လောက်ဘူး။ ဝယ်လည်း ပြန်ရောင်းဖို့အတွက်ပဲ ဖြစ်လိမ့်မယ်။ ငှားပြီးနေမယ့် လူတွေတော့ ရှိနိုင်မှာပေါ့၊ ဒါပေမဲ့လည်း တစ်နေရာထဲမှာ ပါတီတွေ အားလုံးစုပြီး ဘယ်နေမလဲ စဉ်းစားကြည့်ပါ။ အဆင်မပြေပါဘူး။ ကျွန်တော်တို့ကတော့ ဟိုးအရင်ကတည်းက ပြောပြီးသားပဲ။ အစိုးရဘာပေးပေး ယူမှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
နိုင်ငံရေးပါတီငယ်အချို့က ပါတီ ရပ်တည်နိုင်ရေးအတွက် အခက်အခဲများ တင်ပြလာသောကြောင့် နိုင်ငံရေးပါတီ တစ်ပါတီလျှင် မော်တော်ယာဉ်ငါးစီးနှုန်း အခွန်ကင်းလွတ် တင်သွင်းခွင့်ရရှိရေးနှင့် နိုင်ငံတော်ပိုင် လစ်လပ်နေသော အဆောက်အအုံများတွင် နိုင်ငံရေးပါတီ ရုံးခန်းများ ဖွင့်ခွင့်ပေးရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော် သမ္မတထံ ၂၀၁၄ ခုနှစ် မေလအတွင်း တင်ပြခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်လာသည်အထိ နိုင်ငံတော်သမ္မတက အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။
သို့သော်လည်း ယင်းသို့ အစိုးရ၏ မြေနေရာနှင့် ကားပါမစ်များကို လက်ခံပါက ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီ များ၏ အမှီအခိုကင်းစွာ ယှဉ်ပြိုင်ခွင့်ကို ထိခိုက်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီနှင့် တိုင်းရင်းသားပါတီ အချို့က ဝေဖန်ခဲ့ကြသည်။
အဆိုပါ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းသည် အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ခဲ့သော တန်ဖိုးနည်း အိမ်ရာစီမံကိန်း ဖြစ်ပြီး ဝယ်ယူသူများသောကြောင့် မဲစနစ်ဖြင့် ခွဲတမ်းချ ရောင်းချခြင်းဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
The Voice Weekly

No comments:

Post a Comment