ခေတ်သစ်ကျွန်ပြုခံရကာ ငါးဖမ်းလှေပေါ်တွင်သေဆုံးသွားသော သူငယ်ချင်းတစ်ဦး၏ မြေပုံကို ပြသနေသော လှဖြိုးကိုတွေ့ရစဉ်(ဓာတ်ပုံ-အေပီ)
မြန်မာကျေးကျွန်များကို လှောင်အိမ်ထဲ လှောင်ပိတ်ပြီး အဆိပ်ရှိ လိပ်ကျောက်မြီး ကျာပွတ်ဖြင့် ရိုက်နှက်ကာ ငါးဖမ်းခိုင်းနေသည်။ ထိုငါးများကို အမေရိကန်ပြည်ထောင်စုတစ်ဝန်း စူပါမားကက်များ၊ စားသောက်ဆိုင်များနှင့် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်များတွင် တင်သွင်းရောင်းချနေခြင်းဖြစ်သည်။
■ မြန်မာနိုင်ငံမှလာသော အမျိုးသားများကို အင်ဒိုနီးရှားတွင် အတင်းအဓမ္မ ငါးဖမ်းခိုင်းနေ ကြောင်း စုံစမ်းထောက်လှမ်းမှုက ထုတ်ဖော်လိုက်သည်။
■ ထိုမြန်မာများသည် အဆိပ် ရှိ လိပ်ကျောက်မြီးကျာပွတ်ဖြင့် အရိုက်ခံရခြင်းအပါအဝင် ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုကို ကြုံ တွေ့ရင်ဆိုင်ရသည်။
■ သူတို့ဖမ်းမိသော ပင်လယ် စာများသည် အမေရိကတစ်ဝန်း အဓိက ပင်လယ်စာထောက်ပံ့ သည့် ကွန်ရက်များသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
■ ကျေးကျွန်များကို အင်ဒိုနီးရှား ကျွန်းရွာကလေးဖြစ်သော ဘန်ဂျီးနားရှိ လှောင်အိမ်များတွင် ပိတ်လှောင်ထားသည်။
ကျွန်ပြုခံထားရသော ငါးဖမ်းသမားများ ဖမ်းဆီးသည့် ပင် လယ်စာသည် အမေရိကတစ်ဝန်း ရှိ စူပါမားကက်များ၊ စားသောက်ဆိုင်များနှင့် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်များသို့ ရောက်ရှိနေ သည်။ မြန်မာအမျိုးသားများကို အင်ဒိုနီးရှားကျွန်းငယ်ကလေး တစ်ကျွန်းပေါ်ရှိ လှောင်အိမ်များ တွင် လှောင်ပိတ်ထားလျက်ရှိပြီး ငါးဖမ်းရန် အတင်းအကျပ်ခိုင်းစေနေသည်။ အကယ်၍ ငါးမဖမ်းပါ က ကန်ကျောက်ခံရခြင်း၊ ရိုက် နှက်ခံရခြင်း ၊ လိပ်ကျောက်မြီးဖြင့် အရိုက်ခံခြင်းများကို ခံစားနေရ လေသည်။
ကျေးကျွန်များဖမ်းဆီးသည့် ပင်လယ်စာသည် ဆူရှီ၊ စည်သွတ်ထားသည့် အိမ်မွေးတိရစ္ဆာန် အစာ၊ ရေခဲရိုက် ငါးအိတ်များ အစရှိသည့်ပုံစံအမျိုးမျိုးဖြင့် အမေရိကန်ပြည်ထောင်စုရှိ အဓိကပင် လယ်စာထောက်ပံ့သည့် ကွန်ရက်များအတွင်း ဝင်ရောက်နေကြောင်း ဆိုသည်။
မြန်မာအမျိုးသားများကို ထိုင်းနိုင်ငံမှတစ်ဆင့် ဘန်ဂျီးနားရွာသို့ သယ်ဆောင်လာခဲ့ခြင်း ဖြစ် ပြီး ၎င်းတို့ဖမ်းမိသည့် ငါးများကို ကမ္ဘာ့ကုန်သွယ်မှုလမ်းကြောင်း ထဲ မသွင်းမီ ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့ကြောင်း အေပီသတင်းဌာနက ပြောသည်။
ကျွန်စနစ်မကင်းသည့် လုပ်အားဖြင့် မတရားခိုင်းစေပြီးရလာ သည့် ငါးများသည် Kroger၊Albertsons နှင့် Safeway ကဲ့သို့အမေရိကန်၏ အဓိကစား သောက်ကုန်ဆိုင်များ၊ တိုင်းပြည်၏အကြီးဆုံး လက်လီအရောင်း ဆိုင်ကြီးဖြစ်သော WalMart၊အကြီးဆုံးစားသောက်ကုန် ဖြန့်ချိသူ Sysco အစရှိသည့် လုပ်ငန်းများ၏ ထုတ်လုပ်ဖြန့်ဖြူးလုပ်ငန်း လုပ်ငန်းစဉ်အတွင်း ရောက်ရှိသွားနိုင် သည်ဟု ဆိုသည်။
Fancy Feast ၊ Meow Mixနှင့် Iams အပါအဝင် လူကြိုက် အများဆုံးနာမည်ကျော် စည်သွတ်တိရစ္ဆာန်အစာ အမှတ်တံဆိပ် အချို့ ထုတ်လုပ်ဖြန့်ဖြူးသည့် လမ်းကြောင်းထဲသို့လည်း ထို မတရားမှုစွန်းထင်းနေသည့် ငါး များ ရောက်ရှိသွားနိုင်သည်။
ကယ်လီဖိုနီးယား ဆူရှီလိပ်၌ ကဏန်းတုအဖြစ်လည်းကောင်း (သို့မဟုတ်) ညစာစားပွဲများတွင် တည်ခင်းဧည့်ခံသည့် နာမည်ကြီးတံဆိပ်များ ပြန်ကပ်ပစ်လေ့ရှိ သော ရေခဲရိုက်ငါးနီတူပါကင်များ အဖြစ် လည်းကောင်း၊ အဆင့်မြင့်စားသောက်ဆိုင်များတွင် ကင်း မွန်အဖြစ်လည်းကောင်း တွေ့နိုင် ကြောင်း ယူဆချက်များလည်းရှိ သည်။
တစ်နှစ်ကြာတိုင် ပြုလုပ်ခဲ့သည့် သတင်းစုံစမ်းထောက်လှမ်း မှုတွင် ဘန်ဂျီးနားရှိ လက်ရှိကျေးကျွန်များရော ယခင်ကျေးကျွန် ဟောင်းများပါ ပါဝင်သည့် လူအယောက် ၄၀ ထက်မနည်းကိုအေပီသတင်းဌာနက အင်တာဗျူးခဲ့သည်။
ကင်းမွန်၊ ငါးနီတူ၊ ကျောက်ငါး၊ ပုစွန်ဆိတ် အပါအဝင် အင်ဒိုနီးရှားရွာကလေးမှ ကျေးကျွန် ပြုခံရသူများ ဖမ်းဆီးသည့်ပင်လယ် စာများအား တင်ပို့သည့် တစ်ခုတည်းသော ပင်လယ်ကူးသင်္ဘော လမ်းကြောင်း ခရီးစဉ်ကို မှတ် သားခဲ့ပြီး ထိုင်းဆိပ်ကမ်းတစ်ခုသို့ ရောက်သည့်တိုင်အောင် ဂြိုဟ် တုဖြင့် ခြေရာကောက်ခဲ့သည်။
ဆိုက်ကပ်ရောက်သည်နှင့် သတင်းထောက်များက လော်ရီကားများနောက် နောက်ယောင်ခံ လိုက်ခဲ့ကြသည်။ ယင်းလော်ရီကားများက ပင်လယ်စာများကို တင်ဆောင်၍ စက်ရုံဒါဇင်ပေါင်း များစွာ၊ အအေးခန်းသိုလှောင် စက်ရုံများနှင့် ထိုင်းနိုင်ငံ၏အကြီးဆုံး ပင်လယ်စာဈေးကွက် သို့ လေးညကျော်ကြာ မောင်းနှင် သယ်ယူပို့ဆောင်ခဲ့ကြသည်။
ငါးဖမ်းသမားအချို့က ၎င်း တို့၏ ဘဝများကိုစွန့်စားလျက် သတင်းထောက်များထံ အကူအ ညီတောင်းခံခဲ့ကြသည်။
‘‘ကျွန်တော် အိမ်ပြန်ချင် တယ်။ ကျွန်တော်တို့ အားလုံးပြန်ချင်တာ’’ မြန်မာအမျိုးသားကျေးကျွန်တစ်ဦးက လှေပေါ်တွင်အော်ပြောလိုက်ရာ အခြားလူအများအပြားကလည်း ယင်းကဲ့သို့ထပ်လောင်း ပြောကြသည်။
‘‘ကျွန်တော်တို့ မိဘတွေဆိုရင် ကျွန်တော်တို့ သတင်းတွေမကြားရရှာတာ အတော်ကြီးကိုကြာပါပြီ။ ကျွန်တော်တို့သေပြီလို့တောင် သူတို့ထင်နေတော့မှာပါ ပဲဗျာ’’
သူတို့ဖမ်းသည့် ငါးများကို လူသုံးကုန်စက်ရုံများအပါအဝင် ထိုင်းနိုင်ငံရှိ စက်ရုံအများအပြားတွင် အခြားငါးများနှင့် ရောနှောပစ်လေ့ရှိသည်။ ထိုထိုင်းစက်ရုံ အများအပြားမှနေ၍ အမေရိကန် သို့ တင်ပို့နေကြောင်း အမေရိ ကန်ပြည်ထောင်စုအကောက်ခွန်မှတ်တမ်းက ဖော်ပြသည်။
၎င်းတို့သည် ဥရောပနှင့်အာရှသို့လည်း တင်ပို့သည်။ သို့သော်ကုန်ကွယ်မှုဆိုင်ရာမှတ်တမ်းများ အများပြည်သူကို အသိပေးထားရာ အမေရိကန်ပြည် ထောင်စုသို့ တင်ပို့မှုကို အေပီသတင်းဌာနက ခြေရာကောက်လိုက်ခဲ့သည်။
အေပီက ဖော်ထုတ်ခဲ့သော အဓိကကော်ပိုရေးရှင်းကြီးများက အင်တာဗျူးဖြေဆိုရန် ငြင်းဆိုခဲ့သည်။ သို့သော် အလုပ်သမား ညှဉ်းပန်းနှိပ်စက်မှုကို အပြင်း အထန်ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များတော့ ထုတ်ခဲ့ ကြသည်။
ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ ၇၅ရာခိုင်နှုန်းကို လုပ်ကိုင်နေသော အမေရိကန်ပင်လယ်စာလုပ်ငန်း ၃၀၀ ၏ကိုယ်စား ပြောကြားသည့် အမျိုးသားငါးဖမ်းလုပ်ငန်းများ အင်စတီကျု့ဒ် ပြောရေးဆိုခွင့်ရှိ သူ ဂေဗင်ဂစ်ဘွန်စ်ကမူ ၎င်း၏အဖွဲ့ဝင်များအနေဖြင့် ရှာဖွေတွေ့ရှိချက်များကြောင့် ဒုက္ခရောက်ရ ကြောင်း ပြောကြားသည်။
‘‘ကျွန်တော်တို့ရဲ့ ကုမ္ပဏီတွေဟာ အလုပ်သမားညှဉ်းပန်း နှိပ်စက်မှုတွေအတွက် သည်း ညည်းခံမှု တစ်စက်ကလေးမှ မရှိတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရုံတင်မကဘူး စိတ်ပျက်အား လျော့စေပါတယ်’’ဟု ဂေဗင်ဂစ် ဘွန်စ်က ဆိုသည်။
‘‘ဒီလိုဟာမျိုးတွေက နောက် ကွယ်မှာ ဖြစ်နေတယ်’’
တစ်နေ့လျှင် နာရီ ၂၀ မှ ၂၂ နာရီထိ အလုပ်လုပ်ရကြောင်း၊ မသန့်ရှင်းသည့်သောက်သုံးရေ များ သောက်ရကြောင်း အေပီကအင်တာဗျူးခဲ့သော ကျေးကျွန်များက ပြန်လည်ပြောပြကြသည်။
အနားယူခွင့် စောဒကတက်လျှင် (သို့မဟုတ်) အနားယူရန်ကြိုးစားလျှင် ၎င်းတို့ကန်ကျောက်ခံရ ကြောင်း၊ ရိုက်နှက်ခံရကြောင်း၊ အဆိပ်ရှိသော လိပ်ကျောက်မြီး ကျာပွတ်များဖြင့် ရိုက်ခံရကြောင်း၎င်းတို့အားလုံးနီးပါးက ပြောခဲ့သည်။ ၎င်းတို့ကို လုပ်ခနည်းနည်းကလေးသာပေးခဲ့ပြီး ခြူးတစ်ပြားမှ မပေးတာလည်းရှိသည်။
လူအများအပြား ပင်လယ် ထဲတွင် သေဆုံးခဲ့ပြီဖြစ်ကြောင်း အိမ်ပြေး လှိုင်မင်းက ပြောသည်။
‘‘အမေရိကန်တွေနဲ့ ဥရောပသားတွေက ဒီငါးတွေကို စားနေတယ်ဆိုရင် သူတို့ ကျွန်တော်တို့ ကို သတိရသင့်တယ်။ ပင်လယ် အောက်မှာ အရိုးတွေက တောင် လိုပုံနေမှာ’’ ဟု သူက ဆိုသည်။
‘‘လူအရိုးတွေက ကျွန်းတစ် ကျွန်းတောင် ဖြစ်နိုင်တယ်။ အဲဒီလောက်ကြီးကို များတာ’’
ရွာကလေးရှိ ဆိပ်ကမ်း ကလေးမှာ ကျွန်များလှောင်ထား သည့် လှောင်အိမ်များ ပါဝင်သော ငါးခန်းတွဲရုံးခန်းတစ်ခုဖြစ်ကြောင်းအေပီက သတင်းအစီရင်ခံသည်။
ဘန်ဂျီးနားဆိပ်ကမ်းတွင် အအေးခန်းကုန်တင် သင်္ဘောကြီး (Silver Sea Line) အတွင်းသို့ ဖမ်းမိထားသည့် ငါးများသယ်ပို့နေသည့် ငါးဖမ်းရေယာဉ်များမှ ကျွန်များကို အေပီက အင်တာဗျူးခဲ့သည်။
ထိုသင်္ဘောသည် ထိုင်းနိုင်ငံ တွင် မှတ်ပုံတင်ပြီး အနည်းဆုံး အအေးခန်းကုန်တင်လှေ ကိုးစီးရှိသည့် Silver Sea Reeferကုမ္ပဏီပိုင် သင်္ဘောဖြစ်သည်။ ၎င်း အနေဖြင့် ငါးဖမ်းသမားများနှင့် မပတ်သက်မပါဝင်ကြောင်း ကုမ္ပ ဏီက ပြောသည်။ ‘‘ကျွန်တော်တို့က ကုန်ပစ္စည်းပို့ဆောင်မှုပဲ သယ်တယ်။ ပြီး တော့ ကျွန်တော်တို့ကို ဖောက်သည်တွေက ငှားတာ’’ ဟု ကုမ္ပဏီပိုင်ရှင် ပန်ညာ လောင်ဆွမ်ဘွန်က ပြောသည်။
‘‘ငါးဖမ်းလှေတွေနဲ့ ကျွန် တော်တို့က တခြားစီပါ’’
ထိုင်းနိုင်ငံ စမွတ်ဆခွန်အထိ၁၅ရက်ကျော် ဂြိုဟ်တုခြေရာ ကောက်စနစ်အသုံးပြုရင်း ထိုသင်္ဘောကို အေပီက နောက်ယောက်ခံလိုက်ခဲ့သည်။ လေးညကျော်တိုင်အောင် အလုပ်သမားများ ပင်လယ်စာများကို ထုပ်ပိုးပြီး လော်ရီကား ၁၅၀ ထက်မနည်း ပေါ်တင်ကာ မြို့တော်တစ်ခွင်ရှိ စက်ရုံများကို ပို့ဆောင်မှုကို သတင်းထောက်များက စောင့် ကြည့်ခဲ့ကြသည်။
အဆိုပါစက်ရုံများအတွင်းတွင် ကိုယ်စားလှယ်၏ပြောကြား ချက်အရ ပင်လယ်စာများကို အခြားထိုင်းစက်ရုံများနှင့် ဖြန့်ချိသူများထံသို့ ရောင်းချခဲ့ကြသည် ဟု ဆိုသည်။ အဆိုပါစက်ရုံများမှနေ၍ လူသိများထင်ရှားသည့် ကုန်အမှတ်တံဆိပ်များ အပါအဝင်အမေရိကန်လုပ်ငန်းများသို့ တင်ပို့မှုအတိအကျစာရင်းများကို အမေရိကန်အကောက်ခွန် ပင်လယ်သင်္ဘောကုန်ပစ္စည်း တင်ပို့မှု အသေးစိတ်စာရင်းက ဖော်ပြခဲ့သည်။
ဘန်ဂျီးနားရှိ ကျွန်ပြုခံထား သော ငါးဖမ်းသမားများသည် ငါးများဘယ်နေရာဆီ ရောက်ကုန်ကြမှန်း မသိကြပါ။ ၎င်းတို့စားသောက်ရန် အလွန်တန်ဖိုးကြီးကြောင်းသာ သိကြသည်။ ၎င်းတို့၏အရဲစွန့်ခြင်းမှာ ရင်နှင့်မဆံ့လောက်အောင်ပဲ ဖြစ်ပါတော့သည်။
မြက်ရိုင်းပင်ရှည်များ၊ တောနွယ်များအကြားတွင် အလောင်းမြှုပ်ထားရာမြေပုံ ၆၀ထက်မနည်း လဲလျောင်းနေသော သင်္ချိုင်းတစ်ခုရှိနေပါသည်။ သစ်သားပျဉ်ချပ်ပြားပေါ်တွင် နာမည်များကိုသပ်သပ်ရပ်ရပ် ရေးထိုးထားသည်။အချို့မှာ ကျွန်များ၊ လှေများ၏နာမည်တလွဲများနှင့် ဖြစ်သည်။ သေသူ၏ သူငယ်ချင်းများကသာ သေသူ့ အလောင်းဘယ်နေရာတွင် မြှုပ်နှံထားသလဲ အမှတ်ရကြသည်။
ယခင်ကဆိုလျှင် သင်္ဘော များပေါ်ရှိ ကြီးကြပ်သူများသည် အလောင်းများကို ငါးမန်းများ ကိုက်ဖြတ်ဝါးမျိုနိုင်ရန်အလို့ငှာ ပင်လယ်ထဲကန်ချခဲ့ကြကြောင်း ကျေးကျွန်ဟောင်းတစ်ဦးဖြစ်သူ လှဖြိုးက ပြောပြသည်။
သို့သော် အာဏာပိုင်များနှင့် ကုမ္ပဏီများ၏ တောင်းဆိုမှုကြောင့် သင်္ဘောကပ္ပတိန်များသည်၎င်းတို့ဘန်ဂျီးနားသို့ ပြန်ရောက်သည်အထိ သင်္ဘောအအေးခန်းများထဲတွင် ငါးများနှင့်အတူအလောင်းကောင်များကို သိမ်းဆည်းသယ်ဆောင်လာခဲ့ကြသည်။
‘‘ငါတော့ ထာဝရ အင်ဒိုနီး ရှားမှာ နေရတော့မှာပဲလို့ ကျွန်တော် စပြီးခံစားနေမိပြီ’’ဟု လှဖြိုးက မျက်ရည်စကို သုတ်လိုက်ရင်းပြောသည်။
‘‘ဒီမှာ ကျွန်တော်တို့ကို စောင့် နေတဲ့တစ်ခုတည်းသော အရာက သေခြင်းတရားပါလားလို့ ကျွန်တော် အလောင်းကျင်းတူးနေ တုန်းက တွေးနေမိတာ သတိရ တယ်ဗျာ’’
( AP နှင့် MailOnline ၏ Locked in cages and whipped with toxic stingray tails: The Burmese slaves forced to catch fish that ends up in supermarkets, restaurants and pet shops across Americaကို ငြိမ်းငြိမ်းပြည့် ဘာသာပြန်ဆိုသည်)
7Day Daily
No comments:
Post a Comment