Friday, March 27, 2015

အာဇာနည်များ အသက်ပေးခဲ့ကြရသည့်အတွင်းဝန်ရုံး (၀န်ကြီးများရုံး)မှာ ပျော်ပွဲရွှင်ပွဲကျင်းပခြင်းသည် ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ



၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းပြည်လွတ်လပ် ရေးအတွက် စွန့်လွှတ်စွန့်စား ခဲ့ကြသည့် အာဇာနည်များ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး)မှာမှ ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်၏ သမီး ဒေါ်သီသီထွန်းက သူမ၏ မွေးနေ့ပွဲကို ပျော်ပျော်ပါးပါး ကျင်းပခဲ့ ပါသတဲ့။ အင်တာနက်သတင်းများမှာရော၊ ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ် အေစသည့် ပြည်ပအသံလွှင့်ဌာနများမှာရော၊ မြန်မာပြည်တွင်း ပုဂ်္ဂလိက ဂျာနယ်၊ သတင်းစာများမှာရော ပွက်လောရိုက်သွားသည့် သတင်းတပုဒ် ဖြစ်သွားခဲ့သည်။ နှစ်ထောင်းအားရဖြစ်ကြ၍ သတင်းကြီးသွားသလော၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဝေဖန်ကြ၍လော။ တချို့မှာ ပြစ်တင်ရှုတ်ချခြင်း ထက် ဒေါသတကြီး နာနာကြည်းကြည်း ဖြစ်ကြရသည်။

တကယ်တော့ ဒေါ်သီသီထွန်းအနေနှင့် သူတင်ဒါအောင်၍ ရထားသည့်နေရာတနေရာတွင် မွေးနေ့ပွဲပဲဖြစ်ဖြစ်၊ အထိမ်းအမှတ် မင်္ဂလာ နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ အခမ်းအနား ကိုယ်လုပ်ချင်ရာ လုပ်နိုင်သည်။

သူလုပ်ပိုင်ခွင့်ရထားသည့် နေရာတနေရာမျှသာ ဖြစ်သည်။ သူတို့အလွှာ၊ သူတို့အသိုင်းအ၀ိုင်းမှာတော့ အတွင်းဝန်ရုံး (၀န်ကြီးများရုံး) သည် သာမန်နေရာတစုမျှသာ ဖြစ်သည်။ တိုင်းပြည်၏ အထင်ကရနေရာ များ၊ တွင်းထွက်ကျောက်သံပတ်္တမြား၊ သယံဇာတ၊ ကျွန်းသစ်၊ သဘာဝ ဓာတ်ငွေ့၊ မြစ်ချောင်းစသည်တို့ကို ဈေးပေါပေါနှင့် ချရောင်းစားနေကြ သော အာဏာရှင်တစုနှင့် သူတို့၏ လက်ပါးစေ၊ အပေါင်းပါ ခရိုနီများက ထင်သလို ခြယ်လှယ်ကာ သူရဲမရဲစီးနေကြသည့်ခေတ်မှာ အတွင်းဝန်ရုံး လောက်ကတော့ သူတို့အတွက် အသေးအဖွဲတခုသာ ဖြစ်သည်။

ဆိုရလျှင် လူနှင့် အဟိတ် တိရစ်္ဆာန်ကွာခြားချက်တခုမှာ လူသည် သမိုင်းရှိသည်။ သမိုင်းကိုသိသည်။ သမိုင်းကို တန်ဖိုးထားလေ့လာကြ သည်။ ထို့ကြောင့်လည်း သမိုင်းသုတေသနဌာနဟူ၍ ဖွင့်လှစ်ပေးထား သည် မဟုတ်ပါလား။

တကယ်တော့ ဤနေရာသည် ပြည်သူလူထုတရပ်လုံးက ပိုင်သည့် နေရာသာဖြစ်သည်။ တန်ဖိုးထားလေးစားရမည့် နေရာတနေရာ ဖြစ်သည်။ မြန်မာ့သမိုင်း၏ အထင်ကရ ကြေကွဲဖွယ်ဖြစ်ရပ်၏ အမှတ်ရစရာ သမိုင်း ၀င်နေရာတနေရာ ဖြစ်ပါသည်။ ဤနေရာကို အများသူငါ ၀င်ရောက်ကြည့် ရှုခွင့်မရကြပါ။ NewsWatch (စောင့်ကြည့်)ဂျာနယ်က ဤအတွင်းဝန်ရုံး သို့ ဓာတ်ပုံဝင်ရောက်ရိုက်ခွင့်ကို တင်ဒါအောင်ထားသည့် ပန်းချီဆရာ၊ အဆိုတော် နေမျိုး (ဆေး)ထံသို့ အခွင့်တောင်းခဲ့ဖူးသည်။ ဓာတ်ပုံရိုက်ခွင့် မရခဲ့ပါ။ ဤသို့ အများသူငါ သတင်း ဓာတ်ပုံထဲတွင် လေ့လာခွင့်ရမည့် သတင်းဓာတ်ပုံရိုက်ခွင့်မရခဲ့သော်လည်း ယခုအခါ အနော်မာအနုပညာအဖွဲ့ဟု အမည်တပ်ထားသော လုပ်ငန်း လုပ်ပိုင်ခွင့်ရထားသူ ပိုင်ရှင် ဒေါ်သီသီထွန်းက သူမ၏ မွေးနေ့ပွဲကို ထိုနေရာ၌ ကျင်းပခဲ့ပါပြီ။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း၏မြေး ဦးအေးနေ၀င်းလို လူမျိုးလည်း တက်ရောက်ပြီး အမှတ်တရနေရာများ၌ ဓာတ်ပုံရိုက်ထားသည့်ပုံများကို အင်တာနက်မှာ တွေ့ကြရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ ဤနေရာ၌ လုပ်ကြံခံခဲ့ရသည့် နေရာမှာ သူတို့အတွက် ပျော်စရာနေရာတခုဖြစ်နေပါသည်။ သူတို့အတွက် ၀မ်းနည်းစရာမဟုတ်၊ ထိုသမိုင်းသည် ပြည်သူလူထု၏ သမိုင်းစာမျက်နှာ သာ ဖြစ်သည်။ ဤသမိုင်းစာမျက်နှာများကို သူတို့အသိုင်းအ၀ိုင်းက ပေါ့ ပျက်ပျက်ရယ်သွမ်းသွေးကာ ပျော်ပွဲရွှင်ပွဲကျင်းပနေကြပါသည်။
ဝန်ကြီးများရုံးသည် ၁၆ ဧက ကျယ်သည်ဟု သိရသည်။ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၂ ခုနှစ်ကတည်းက အနော်မာ အနုပညာအဖွဲ့ကို လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ဖြစ်သည်။ ဤအတွင်းဝန်ရုံး (၀န်ကြီးများရုံး)မှာ ပြတိုက်၊ အမှတ်တရပစ်္စည်းဆိုင်၊ ပန်းချီပန်းပု၊ ရှေး ဟောင်းပစ်္စည်းပြတိုက်၊ စားသောက်ဆိုင်၊ ရုံးခန်း၊ ပြပွဲကပွဲများ အပန်းဖြေ လုပ်ငန်းများ ဖွင့်လှစ်မည်ဟု သိရသည်။

အရသာထူးကဲသည့် ပြည်ပစားဖို မှူးများ ချက်ပြုတ်သည့် အစားအသောက်များ၊ ပုံစံမျိုးစုံကပွဲများ၊ အပန်း ဖြေပျော်စရာရွှင်စရာများနှင့် ဇိမ်ခံယစ်မူးရင်း ဤနေရာ၌ အသက်ပေး သွားကြသည့် အာဇာနည်ခေါင်းဆောင်များကို မေ့ပစ်လိုက်နိုင်ကြသည်။ အပေါ်ယံ ပကာသနဖျော်ဖြေမှုများနှင့် လူထုတန်ဖိုးထားသောသမိုင်းကို ဖျောက်ဖျက်ပစ်နိုင်သည်။

တိုင်းပြည်တပြည်၏ သမိုင်းကို တန်ဖိုးထားတတ်မှုဆိုသော ယဉ်ကျေးမှုအဆင့်အတန်းကို ဤအပြုအမူတို့နှင့် တန်ဘိုးဖြတ်ရမည် ထင်သည်။ ““ဗိုလ်ချုပ်အောင်ဆန်းတို့သေတာနဲ့ပဲ ငါတို့က ဘာမှမလုပ်ရတော့ဘူးလား၊ ငါတို့နှင့် ဘာဆိုင်လဲ၊ ငါတို့ပိုင်တဲ့ နေရာမှာ လုပ်ချင်တာလုပ်မှာပေါ့””ဟု ထိုလူများက လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြည်သူကို ရန်လုပ်နိုင်ပါသည်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကိုသာ ပစ်ပယ်လိုက်ရုံသာမက မြန်မာပြည်သူလူထုကြီး တရပ်လုံးသည်လည်း အပစ်ပယ်ခံ၊ အနိုင်ကျင့်ခံ၊ အဆုံးရှုံးခံ၊ အဖိနှိပ် အညှဉ်းဆဲခံနေကြရဆဲ မဟုတ်ပါလား။

ဤနေရာတွင် ပျော်ပွဲရွှင်ပွဲ လုပ်ရပါ့မလားဟု တင်ဒါအောင်ထား၍ လုပ်ပိုင်ခွင့်ရထားသူ ဒေါ်သီသီထွန်းကို အပြစ်တင်နေကြသည်။ အဓိက တာဝန်ရှိသူသည် မည်သူနည်း။ဤနေရာသည် မြန်မာပြည်သူလူထု ပိုင်သောနေရာ ဖြစ်သည်။ ပြည်သူတရပ်လုံးတန်ဖိုးထားရ သောနေရာဖြစ်သည်။

ကိုလိုနီခေတ် လွတ် လပ်ရေးလှုပ်ရှားမှုတိုင်း ဤနေရာ၌ ဖြစ်ခဲ့သည်။ ဗိုလ်အောင်ကျော် ကျဆုံး ခဲ့ရသည်မှာလည်း ဤနေရာမှစတင်ခဲ့သည်။ လွတ်လပ်ရေးလှုပ်ရှားခဲ့သူတို့ ၏ အမှတ်တရနေရာဖြစ်သည်။
ဤအများပိုင် သမိုင်းဝင်နေရာကို တင်ဒါဆွဲပြီး လုပ်ချင်ရာလုပ်ခွင့် ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက်္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သည် ဤကိစ်္စ၌ တာဝန်အရှိဆုံးဖြစ်ပါသည်။

သူတို့သည် ပြည်သူလူထု၏ စိတ်ဆန်္ဒ၊ ခံစားမှု၊ မြန်မာ့သမိုင်းကို တန်ဖိုးမထားဆုံးသော၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ပုဂိ္ဂုလ်တို့၏ သမိုင်းကို ဖျက်ဆီးကြသော အဓိကတာဝန်အရှိဆုံးအဖြစ် သမိုင်းမှတ်တမ်း တင်ရမည်ဖြစ်သည်။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment