Friday, March 27, 2015

သာမာန်အသုံးစရိတ်မှ ရှစ်ဘီလီယံ ကျော် ဖြတ်တောက်နိုင်ကြောင်း ဘဏ္ဍာဝန်ကြီးပြော


Parliament-4
လွှတ်တော်ရုံးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနှင့် ဝန်ကြီးဌာန ၁၄ ခုတို့အား ၂၀၁၅ ခုနှစ်ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းမှ သာမန်အသုံးစရိတ် တောင်းခံမှုများအနက် ကျပ်သန်းပေါင်း ရှစ်ထောင်ကျော်ကို လျော့ချဖြတ်တောက်နိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်၌ တင်ပြခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးက “ဗဟို အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများအနက် ဖြတ်တောက်နိုင်မယ့် အဖွဲ့အစည်းများ၊ ဖြတ်တောက်နိုင်မယ်လို့ ပြန်ပြီး ဆွေးနွေး တင်ပြနိုင်မယ့် အဖွဲ့အစည်းများ ၊ သဘောထားပေးလာသည့် အဖွဲ့အစည်းများ မှတ်ချက်ပြုရန်မရှိသည့် အဖွဲ့အစည်းတွေရဲ့ လစာစရိတ် ပင်စင်လစာနဲ့ ဆုကြေး အတိုးတို့မပါ သာမန်အသုံးစရိတ်တွေထဲကနေပြီးတော့ ၂ရာခိုင်နှုန်းကို ဖြတ်ချဖြတ်တောက်ပေးဖို့ သဘောတူခဲ့ကြောင်း ပြန်လည်တင်ပြလိုပါတယ်” ဟု ဆိုသည်။

သို့ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တပ်မြို့ စည်ပင်သာယာရေးအဖွဲ့၊ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ ၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ စာရင်း ပြင်ပမှ ဆောင်ရွက်သည့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ စာရင်းပြင်ပမှ ဆောင်ရွက်သော ၀န်ကြီးဌာန၊ ဦးစီးဌာနများ၊ လူမှုဖူလုံရေး အဖွဲ့တို့ ပါဝင်ခြင်းမရှိ ကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။

လျော့ချဖြတ်တောက်နိုင်မှု အများဆုံးအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ကျပ် ၄၄၃၅ ဒသမ ၂၆၉ သန်း၊ အနည်းဆုံး ဖြတ်တောက်မှု အနည်းဆုံးအဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ကျပ် ၄ ဒသမ ၃၆၂ သန်း ရှိကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြည်ထောင်စုလွှတ်တော်တွင် ဝန်ကြီးဌာနများအနေဖြင့် ဌာနလိုအပ်ချက်၊ ဆောင်ရွက်မှုများအပေါ်မူတည်၍ ဘဏ္ဍာငွေများအား လျော့ချပေးသင့်ကြောင်း အကြံပြုတိုက် တွန်းခဲ့သေးသည်။

ဘဏ္ဍာရေးဝန်ကြီးက “၂ရာခိုင်နှုန်း အနေအထားဖြစ်တဲ့ သက်ဆိုင်ရာ ဌာနများရဲ့ လိုအပ်ချက်ကလည်း ဒီထဲမှာ ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့် အနေအထား ရှိတယ်လို့ သုံးသပ်ရရှိပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်ကို ရှင်းပြသည်။

Mizzima 

No comments:

Post a Comment