Tuesday, March 10, 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့နှင့် ချိန်သားကိုက် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖန်တီးနေကြသည်


ဖေဖော်ဝါရီ ၉ ရက်နေ့ကနေစပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ ၀င်ရောက်လာမှုကြောင့် အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တာ အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေ ဆဲပဲ ဖြစ်ပါတယ်။ အဲဒီလို လောင်ကိုင်၊ ချင်းရွှေဟော်၊ တာရွှေထန်၊ မာလီရှူးဝါးစတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန် ရှမ်းပြည်နယ် မြောက်ပိုင်း အချို့နေရာတွေမှာအခြားတိုင်းရင်းသား လက်နက်ကိုင်တစ်စုကလည်း တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေ တာကို တွေ့ရပါတယ်။




ဖုန်ကြားရှင်အဖွဲ့နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပြီးဆိုကတည်းက သူ့ကိုကူညီတိုက်ခိုက်ပေးနေတဲ့အဖွဲ့တွေ ရှိခဲ့ပါတယ်။ တချို့အဖွဲ့တွေက ၀န်ခံကြသလို တချို့ကတည်း ဗြောင်ငြင်းကြပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေး(TNLA)နဲ့ ရခိုင်တပ်မတော် (AA)တို့ကတော့ ၀င်တိုက်ပေးတယ်လို့ ပြောထားတယ်။ KIA နဲ့ SSPP ကတော့ သူတို့ဝင်မတိုက်ဘူး ဆိုပြီး ငြင်းထားပါတယ်။ ဘယ်လိုပဲ ငြင်းနေ ပါစေ KIA အဖွဲ့ ပါဝင်ပတ်သက်တယ်ဆိုတာ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ က သက်သေ ဖြစ်နေပါတယ်။


သိန်းနီမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ KIA အဖွဲ့တို့ တိုက်ပွဲဖြစ်ကြတယ်။ မကြာသေးပါဘူး လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖြစ်တာပါ။ မုံးကျက်ကျေးရွာနားမှာဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီတိုက်ပွဲမှာ KIA အလောင်းတစ်လောင်းတွေ့ရတယ်။ KIA အဖွဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေလည်းရခဲ့တယ်။ အဲဒီနေ့ည ၇ နာရီခွဲလောက်မှာ ချုံပုတ်ထဲပုန်းနေ တဲ့ KIA တပ်ဖွဲ့ဝင် ၂ ယောက်ကို ဖမ်းမိခဲ့တယ်။ မိုင်းထောင်ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဓါတ်ခဲ၊ ၀ါယာကြိုး၊ ဆားကစ်ပြား နဲ့ ဓါးတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းမိတဲ့ KIA တပ်ဖွဲ့ဝင် ၂ ယောက်ကလည်း တိုက်ပွဲဖြစ်တုန်းက ချုံထဲမှာ ပုန်းရင်းကျန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ် တဲ့ နေရာဟာ သိန်းနီမြို့နယ်ဖြစ်တဲ့အတွက် လောက်ကိုင်နယ်မြေနဲ့ ဆက်စပ်နေတာတော့ အမှန်ပဲ။ ဒါဆိုရင် KIA က အစိုးရတပ်တွေကို တိုက်ခိုက်ပြီး ဖုန်ကြားရှင်ကို တစ်ဖက်တစ်လမ်းက ကူညီနေတာ ဖြစ်ပါလိမ့်မယ်။ အဲဒီကိုးကန့်ဒေသ မှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေနဲ့ ချိန်သားကိုက်ပြီး KIA က တိုက်ပွဲတွေ ဖြစ်အောင် ဖန်တီးနေတာဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ သိန်းနီနဲ့ ကွမ်းလုံ၊ လောက်ကိုင်နယ်မြေတွေဟာ တစ်ဆက်တည်း ဖြစ်နေ တာကြောင့်ပါ။


TNLA ကလည်း ထိုနည်းတူစွာပါပဲ။ ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို အစိုးရတပ်တွေက အာရုံစိုက်တိုက်ခိုက်နေချိန်မှာ TNLA က နမ္မတူမှာ တိုက်ပွဲတွေ ဖြစ်အောင်ဖန်တီးပြီး အကြပ်ရိုက်အောင်လုပ်နေ တာ မြင်သာပါတယ်။ TNLA လို့ ပြော နိုင်တာကလည်း အစိုးရတပ်ကို စပြီးတိုက်လို့ ဖြစ်တဲ့တိုက်ပွဲမှာ TNLA အလောင်းတစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့လို့ပါပဲ။ လတ်တလော ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေချိန် TNLA ရဲ့ တိုက်ပွဲဖြစ်အောင် ဖန်တီး မှုတွေဟာလည်း ဖုန်ကြားရှင်အဖွဲ့ကို တဖက်လှည့်နဲ့ ကူညီနေတယ်လို့ ပြောနိုင်ပါတယ်။


အစိုးရအနေနဲ့ ငြိမ်းချမ်းရေးစကားတွေ ဘယ်လိုပဲပြောဆိုကမ်းလှမ်းနေ ပါစေ။ တိုင်းရင်းသားလက်နက်ကိုင်တစ်စုကတော့ လက်သင့်ရာ စားတော်ခေါ်ကာ တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေကြပါတယ်။ ဒါဟာအဲဒီအဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို မလိုချင်သလို ငြိမ်းချမ်းရေး ပျက်ပြားအောင်လည်း အမြဲကြံစည်ကြိုးပမ်းနေကြတယ်လို့သာ ဆိုချင်ပါတယ်။ ကိုးကန့် သောင်းကျန်းသူအဖွဲ့နဲ့ ချိန်သားကိုက် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖန်တီးနေတာကတော့ အလွန်အောက်တန်း ကျတဲ့ လုပ်ရပ်လို့သာ ပြောလိုက်ချင်ပါတယ်။


‎၀င်းဇော်သိန်း‬
Today Myanmar

No comments:

Post a Comment