Thursday, January 29, 2015

ပညာရေးဥပဒေပြင်ဆင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁ ရက် တွင် ကျင်းပမည်

အစိုးရအဖွဲ့ တာ ၀န်ရှိသူများနှင့် သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ် များ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုမှာ အဆင်ပြေ ခဲ့ပြီး အချက်လေးချက်ပါသော ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန် သော ပူးတွဲကြေညာချက်တွင် ပထမအကြိမ် လေးပွင့်ဆိုင်ဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ရန်၊ ကျောင်းသားကိုယ် စားလှယ်များ တင်ပြသော အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန်၊ ကျန်ရှိနေသည်များ ကိုလည်း ဆက်လက်ဆွေးနွေး အဖြေရှာရန်နှင့် ညှိနှိုင်းဆွေးနွေး မှုများ စတင်သည့်နေ့တွင် သ ပိတ်စခန်း ရပ်နားသွားမည်ဟူ၍ ဖြစ်သည်။
‘‘တွေ့ဆုံဆွေးနွေးမှု အခြေ အနေအရ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီအ နေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ဖြစ်တဲ့ ၁၁ ချက်ကို ဒီမိုကရေ စီနည်းအရ ညှိနှိုင်းအဖြေရှာတဲ့ နည်းနဲ့ ဆက်လက်တိုက်ပွဲဝင် သွားမှာဖြစ်ပါတယ်’’ ဟု သပိတ် မှောက်ကျောင်းသားကိုယ်စား လှယ် ကိုနန္ဒစစ်အောင်က ပြော သည်။

ပညာရေးဝန်ကြီးဌာနရုံး တွင် နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အထိ ဆွေးနွေးခဲ့ ပြီး ကျောင်းသားများ တောင်း ဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါ ရီ ၁ ရက်တွင် ကျင်းပရန် သမ္မတ က ခွင့်ပြုပေးလိုက်ကြောင်း သမ္မ တရုံးပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းက ပြောသည်။
လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးပွဲကို ရန်ကုန်မြို့ စိန်ရတုခန်း မတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အ စိုးရအဖွဲ့ကိုယ်စားလှယ်၊ လွှတ် တော်ကိုယ်စားလှယ်၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီအဖွဲ့နှင့် NNER တို့ဖြင့်ပြုလုပ်သွားမည်ဟု သတင်းရရှိ သည်။
‘‘တွေ့ဆုံဆွေးနွေးပွဲ လမ်း ကြောင်းပေါ်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် ကျွန်တော်တို့ ဒါကိုဆက်ပြီး လုပ်သွားမှာဖြစ်ပါ တယ်။ တစ်ယောက်နဲ့ တစ် ယောက် အဓိပ္ပာယ်ကောက် လွဲ နေတာဖြစ်တယ်။ ဒီဘက်ကလည်း လုပ်ပေးသင့်၊ လုပ်ပေးထိုက်တာ တွေကို ဒီဘက်က အစိုးရအဖွဲ့က လည်း လွှတ်တော်ကို ပို့ပြီးပါပြီ။ လွှတ်တော်ကလည်း သူတို့မသိ တာတွေ ဒီဘက်ကို ပြန်မေးတယ်၊ ပြန်ပို့တယ်။ ဒါတွေကို ကျွန်တော် တို့က လုပ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို လုပ်ထား တယ်ဆိုတာကို ကျောင်းသားတွေ က မသိဘူး။ ဒါကြောင့်မို့ ကျွန် တော်တို့က ဒါကို ကျောင်းသား တွေသိအောင်လို့ ဒီနေ့လည်း ဒါ လေးတွေကို သူတို့ကို ကျွန်တော် ပြောပြပါတယ်။ ဒီမိုကရေစီကျင့် စဉ်ပဲဗျာ။ တူတာတွေ ပေါင်းလုပ် မယ်၊ မတူတာတွေကို ဆက်ဆွေး နွေးမယ်ဆိုတာပါပဲ’’ ဟု သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ကျောင်းသူ၊ ကျောင်းသား များ ထိခိုက်မှုမရှိစေဘဲ အဆင်ပြေအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ပညာရေး ၀န်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားများ၏ တောင်းဆို ချက် ၁၁ ချက်ကို ရထားပြီးဖြစ်၍ ယင်း ၁၁ ချက်အား ဆွေးနွေးသွားရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်ကိုမူ မတွေ့ရှိရပေ။
သို့သော် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်သွားမည်ဖြစ် ပြီး ဆွေးနွေးပွဲ ကျင်းပသည့်နေ့ တွင် သပိတ်ခေတ္တရပ်နား မည်ဖြစ်ကာ ဆွေးနွေးချက်များ အောင်မြင်မှု မရှိပါက ဆက်လက်ချီတက်သွားမည်ဟု သိရသည်။
‘‘ပူးတွဲကြေညာချက်ထဲမှာ ပါတဲ့ သပိတ်လှုပ်ရှားမှုကို ရပ်နား မယ်ဆိုတာက ကျွန်တော်တို့ သ ပိတ်လှန်တာ မဟုတ်ပါဘူး။ ကျွန် တော်တို့ သပိတ်တိုက်ပွဲက မပြီး သေးဘူး။ သပိတ်ကို ခေတ္တနားတဲ့ သဘောသာဖြစ်တယ်။ အချက် ၁၁ ချက်ကို ဆက်လက်ဆွေးနွေးလို့မှ အစိုးရဘက်က ကျွန်တော်တို့ ကျေနပ်နိုင်တဲ့အတိုင်း အသာမရဘဲနဲ့ သူတို့ဘက်က တင်းခံတဲ့ အနေအထားရှိနေရင် ဒီသပိတ်က ဆက်ပြီး ရှိနေဦးမှာပါ’’ ဟု ကျောင်းသားကိုယ်စားလှယ် ကိုမှိုင်းဆန်းအောင်ကပြောသည်။
7Day DAILY
ပူးတွဲကြေညာချက်ကို အစိုးရတာဝန်ရှိသူများနှင့် ကျောင်းသားခေါင်းဆောင် များ လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ − MOI)

No comments:

Post a Comment