Sunday, March 15, 2015

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသော ဒေသခံတိုင်းရင်းသားများအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို သူများအား မတ်လ ၁၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ လူသစ်စုဆောင်းရန် စာရင်းပြုစုလျက်ရှိကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။
အဆိုပါအဖွဲ့သည် မြစ်မှော်ကျေးရွာ၊ ရုံးချိုကျေးရွာ၊ နန့်စန်း(၁)နှင့် နန့်စန်း(၂)ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများစာရင်းပေးရန် ပြောကြားခဲ့ကြောင်း ရုံးချိုကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။
“ရွာကိုရောက်လာပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်တွေ့တယ်၊ ရွာမှာရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲသွားရောက်ဖြေဆိုနေ တဲ့သူစာရင်းတောင်းတယ်၊ လူသစ်စုဆောင်းမလို့ပဲနေမှာပေါ့ ”ဟု ရွာသားတစ်ဦး ကပြောသည်။

KIA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွား လာပြီးနောက်ပိုင်း ကျေးရွာအုပ်စုများမှ လူသစ်စုဆောင်း မှုများ ပြုလုပ်လာကြောင်းလည်းသိရသည်။
“ကလေးတွေက အခုမှ စာမေးပွဲသွားဖြေနေတုန်းရှိသေးတယ်၊ သူတို့တွေက စာရင်းလာတောင်းပြီး လူသစ်စုခိုင်းအုံးမယ်၊ စာမေးပွဲဖြေပြီး တစ်ခြားမြို့တွေမှာ သွားနေကြတဲ့ကလေးတွေများတယ်၊ သူတို့ လူသစ်စုမှာကြောက်လို့”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။
ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသော KIA အဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသော ကလေးများကိုပါ စုဆောင်းမှုများ ပြုလုပ်လာသောကြောင့် ငြိမ်းချမ်းရေးကို လိုလားမှု မရှိတဲ့အရိပ်အယောင်များကို ခံစားမိကြောင်း နှင့် ဒေသခံတိုင်းရင်းသားများမှာလည်း KIA အဖွဲ့၏ လုပ်ရပ်များကို အကြီးအကျယ်စိတ်ဓာတ်ပျက် လျက် ရှိကြောင်း မြစ်ကြီးနားမြို့ဒေသခံရှေ့နေတစ်ဦးက ပြောကြား ခဲ့သည်။

စိုင်းအောင်
Kachin Daily News

No comments:

Post a Comment