Saturday, March 14, 2015

၂၀၃၀ မတိုင်မီ မြန်မာနိုင်ငံအား ၀င်ငွေ အလယ်အလတ် ရှိသည့် နိုင်ငံတစ်ခု ဖြစ်လာစေရန် WFP ကူညီမည်

၂၀၃၀ ပြည့်နှစ် မတိုင်မီ မြန်မာနိုင်ငံအား ၀င်ငွေ အလယ်အလတ် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) က အကူအညီပေး သွားမည် ဖြစ်ကြောင်း WFP မှ အမှုဆောင် ဒါရိုက်တာ Ms. Ertharin Cousin က ပြောကြား လိုက်သည်။

ဖွံ့ဖြိုး တိုးတက်မှုဆီ အရောက်လှမ်းရာမှာ စားနပ်ရိက္ခာ အခက်အခဲ လုံးဝ ပပျောက်ရေး ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းရေး ပန်းတိုင် ဖြစ်တဲ့ ၂၀၃၀ ပြည့်နှစ်မတိုင်မီ အလယ်အလတ်တန်းစား ၀င်ငွေရှိတဲ့ နိုင်ငံအဖြစ် ရောက်ရှိရေး အတွက် WFP က ပံ့ပိုးပေးရာမှာ မြန်မာနိုင်ငံ အစိုးရနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် အစရှိတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေဆဲ ဖြစ်ပြီး ၀င်ငွေ အနိမ့်ဆုံးရှိသည့် နိုင်ငံများ စာရင်းတွင်လည်း ပါဝင်ဆဲ ဖြစ်သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ အုပ်ချုပ်ရေးမှူး Ms. Helen Clark နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ အမှုဆောင် ဒါရိုက်တာ Ms. Ertharin Cousin တို့ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ ပြီးနောက် ဒုတိယ သမ္မတများ ဖြစ်သည့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်စသည့် ခေါင်းဆောင် များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ ပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လည်း သွားရောက်ခဲ့သည်။မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် မတိုင်မီ စားနပ်ရိက္ခာ အခက်အခဲ လုံးဝပပျောက်ရေး ရည်မှန်းချက် (Zero Hunger Challenge) ကို ပြည့်မီအောင် ဆောင်ရွက်ရန် သဘောတူ ထားသည်။

မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ စီးပွားရေး အသွင် ကူးပြောင်းမှု အမျိုးမျိုးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ အကြား ရောက်ရှိ နေတာ ဖြစ်ပါတယ်။ စိန်ခေါ်မှု များစွာ ရှိတဲ့အလျောက် မြန်မာနိုင်ငံမှာ ယခုနှစ်များ အတွင်း တိုးတက်မှုနဲ့ အဟန့်အတားတွေကို ရင်ဆိုင်ခဲ့ ရပြီး ဖြစ်ပါ တယ်။ အုပ်ချုပ်ရေး အားကောင်းလာ စေဖို့ ဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် အဆင့်မြင့် လူမှုဘ၀ ရရှိရေး ပံ့ပိုးပေးရာမှာ အခွင့် အရေး အခြေပြု နည်းလမ်းများနဲ့ UNDP က လုပ်ငန်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ် ဟု Ms. Helen Clark က ပြောသည်။ စားနပ်ရိက္ခာ လိုအပ်ချက် အမြင့်ဆုံး ဖြစ်သည့် မိုးရာသီ၌ မြန်မာနိုင်ငံရှိ ထိခိုက်နစ်နာ ခံစားရမှု အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုကို အဓိကထား ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment