Saturday, March 14, 2015

ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း မြင့်တက်လာ

မြန်မာနိုင်ငံ၌ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းသည် လွန်ကဲ အဆင့် (၁၁) ကျော်ထိ ရောက်ရှိနေ၍ ပြည်သူများ သတိထား သွားလာရန် လိုအပ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ခရမ်းလွန် ရောင်ခြည် မြင့်တက် နေတယ် ဆိုပေမယ့် အရမ်း စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ပြည်သူတွေ နေပူထဲ ထွက်မယ် ဆိုရင်တော့ တစ်ခုခု ဆောင်းပြီးမှ ထွက်သင့်တယ် ဟု ၎င်းကပြောသည်။

ယခုလအတွင်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်တက်နေ ခြင်းကြောင့် ပြည်သူများ နေ့ဘက် အပြင်ထွက် ပါက ဦးထုပ်၊ ထီး စသည့် အကာအကွယ် များဖြင့် သွားသင့်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပူချိန် မြင့်တက်နေသော မြို့များမှာ ချောက် မြို့နယ်တွင် (၄၃) ဒီဂရီ စင်တီဂရိတ်၊ မကွေး နှင့် ညောင်ဦးမြို့တို့တွင် (၄၂) ဒီဂရီ စင်တီဂရိတ်၊ ရမည်းသင်း၊ မင်းဘူး နှင့် ပြည်မြို့များတွင် (၄၀) ဒီဂရီစင်တီဂရိတ်စီရှိ နေကြောင်း မိုးလေ၀သ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ထို့ပြင် အဓိက မြို့ကြီးများ ဖြစ်သည့် နေပြည်တော်တွင် အမြင့်ဆုံး အပူချိန်မှာ (၃၉) ဒီဂရီ စင်တီဂရိတ်၊ ရန်ကုန်မြို့တွင် (၃၈) ဒီဂရီစင်တီ ဂရိတ်နှင့် မန္တလေးမြို့တွင် (၄၀) ဒီဂရီ စင်တီဂရိတ် တို့ဖြင့် အပူချိန် မြင့်မားနေကြောင်း သိရသည်။ နေပူထဲ ထွက်လို့ အကာအကွယ် မပါရင် အပူဒဏ် ကြောင့် ဖျားနာတာတို့၊ ပင်ပန်း နွမ်းနယ်တာ တို့အပြင် အသက်ပါ သေဆုံးတဲ့ အထိ ဖြစ်လာနိုင်တဲ့ အတွက် ပြည်သူတွေ ကြိုတင် ကာကွယ် သင့်တယ်ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မီမီကိုက ပြောသည်။

သို့ဖြစ်၍ နေ့ဘက် အပြင် ထွက်ပါက အကာအကွယ်များ ထားရှိသင့်သည့် အပြင် ၀တ်ဆင်သည့် အ၀တ်အစား ကိုလည်း ပေါ့ပေါ့ ပါးပါး အ၀တ်များ ကိုသာ ၀တ်ဆင်သင့်ကြောင်း ၎င်းက အကြုံပြု ပြောသည်။ ထို့ပြင် သွေးတိုး၊ နှလုံး၊ ဆီးချိုစသည့် ရောဂါရှိသူများ အနေဖြင့်လည်း ဂရုစိုက်ရန် လိုအပ်ပြီး၊ အသက် (၅) နှစ်အောက် ကလေးများ ကိုလည်း နေပူထဲ မထွက်စေရန် မိဘများမှ တားမြစ်ရန် လိုအပ်ကြောင်း ဒေါက်တာ မီမီကိုက ပြောသည်။

Messenger News Journal

No comments:

Post a Comment