Monday, April 6, 2015

ကျွန်ုပ်တို့၏ သင်္ကြန်

မကြာမြင့်မီ ရက်ပိုင်းအတွင်း၌ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်မှ ၁၃၇၇ ခုနှစ်သို့ ကူးပြောင်းရောက်ရှိ ပေတော့မည်။ သင်္ကြန်၏အဓိပ္ပာယ်ကို တိုတိုကျဉ်းကျဉ်း ဖွင့်ဆိုရလျှင် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်း ဖြစ်သည်။ နှစ်ဟောင်းတွင် ကြွင်းချန်ရစ်ခဲ့သော အညံ့ အဆိုး၊ အမှား၊ အညစ်များကို ဆေးကြောခြင်းသဘော ဖြင့် အတာရေစင် ပက်ဖျန်းသွန်းလောင်းကြခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့လူမျိုးသည် ကြာကြာစိတ်ညစ်မခံနိုင်သော လူမျိုးဖြစ်သည်။ ဘဝအမော၊ ဘဝအကျပ်အတည်းများ မည်သို့ရှိစေဦးတော့ ရောက်သည့်နေရာ၊ ဖြတ်သန်းနေ ရသည့် ဘဝအခြေအနေအမျိုးမျိုးကြားမှ အပန်းပြေ ပျော်ရွှင်စရာအဖြစ်သို့ ထွက်ပေါက်ရှာတတ်ကြသည့် လူမျိုးဖြစ်သည်။

ထို့ကြောင့်လည်း (၁၂)ရာသီပတ်လုံး ပွဲတော်အမျိုးမျိုးရှိသည့်နိုင်ငံဖြစ်သည်။ အထူးအားဖြင့် နှစ်ဟောင်းမှနှစ်သစ်ကူးပြောင်းသော အတာသင်္ကြန်ပွဲကို ပိုမို၍အလေးအနက်ထားကြသည်။ နိုင်ငံတော်မှ အစိုးရ ရုံးပိတ်ရက်များကို ၁ဝ ရက်တိတိ ခွင့်ပြုထားသည်ကို ထောက်ရှု၍ ကျွန်ုပ်တို့လူမျိုးနှင့် နှစ်ကူးအတာသင်္ကြန်၏ ဆက်စပ်မှုကို ခန့်မှန်းနိုင်သည်။
(၁၂)လရာသီပွဲတော်များ အနက် သင်္ကြန်ပွဲတစ်ခုတည်းအား ရှေ့မှ''မဟာ'' ဟူသော စကားရပ်ဖြင့် ဝိသေသပြု၍ ''မဟာသင်္ကြန်''ဟု သုံးနှုန်း ကြသည်။ (မည့်သည့်ခေတ်အခါက မည်သည်ကို အကြောင်းပြု၍ ''မဟာ''ဟူသော ဝိသေသနှင့်တွဲဖက်ခဲ့ ခြင်းကို ဆက်လက်လေ့လာစေ့ငုသင့်ပါသည်။) သင်္ကြန် ဟူသော နှစ်ဟောင်းမှနှစ်သစ်ကူးပြောင်းသည့် အတာ ရေပွဲသည် အဘယ်အကြောင်းအရာ၊ အဘယ်ကိုးကွယ် ယုံကြည်မှုကိုအခြေခံ၍ ပေါ်ပေါက်လာသည်ဖြစ်စေ ပုဂံခေတ်မှသည်ယနေ့တိုင် တည်ရှိနေဆဲအစဉ်အလာတစ်ရပ်ဖြစ်သည်ကတော့ အသေအချာပင်။
သည်ဘက်ကာလနှစ်ပိုင်းများတွင် သင်္ကြန်နားနီး သည်နှင့် အစဉ်အလာရှိမြဲဖြစ်သော အလှူဒါန ကုသိုလ် ကောင်းမှုပြုရန်၊ သက်ကြီးဝါကြီး မိကြီးဖကြီးများအား ပူဇော်ကန်တော့ရန်၊ ဘုရားကျောင်းကန် တရားစခန်း များ၌ သီတင်းသီလဆောက်တည်ရန် ကြိုတင်ပြင်ဆင် နေကြသည်ကို ကြားသိရသကဲ့သို့ ရေပက်ခံထွက်ရန်၊ ရေပက်မဏ္ဍပ်၌ ပျော်ပါးရန်၊ သည်းသည်းလှုပ်လှုပ် ကဲကဲရုတ်ရုတ်ပြုရန် အရှိန်ယူနေသည်များကိုလည်း မြင်နေရ ကြားနေရသည်။ ထိုအရာများနှင့် ယှဉ်တွဲ၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးများမှ သင်္ကြန်ကာလဆိုင်ရာနှိုးဆော်ချက်များ၊ သတိပေးချက် များ ထုတ်ပြန်လျက်ရှိသည်ကိုလည်း တွေ့ရှိနေရပါ သည်။
''ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်''တွင် ရှေးအစဉ်အဆက်ကရှိခဲ့သော သင်္ကြန်၏ ထုံးတမ်းအစဉ် အလာများ၊ ယနေ့မျက်မှောက်ကာလသင်္ကြန်ကာလတွင် မြင်တွေ့နေရသည့် ဆင်ခြင်ဖွယ်ရာ အပြုအမူများကို အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရန် နှိုးဆော် ချက်များ ပါဝင်ပါသည်။ ထိုနည်းတူစွာ ''တိုင်းဒေသကြီး များမှ ထုတ်ပြန်သော သတိပေးချက်''များတွင်လည်း နိုင်ငံတော်အစိုးရ၏ ဂုဏ်သိက္ခာပျက်ပြားစေပြီး အကြည် ညိုပျက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း သီဆိုခြင်းမပြုရန် တိုင်းရင်း သားစည်းလုံးညီညွတ်မှုပျက်ပြားစေမည့် လှုပ်ရှား ဆောင်ရွက်မှုမျိုးမပြုလုပ်ရန်အပါအဝင် နိုင်ငံတကာ အလံအား အလွဲသုံးစွဲမှု၊ ဝတ်စားဆင်ယင်မှု၊ ပတ်ဝန်း ကျင်အတွက် အနှောင့်အယှက်ဖြစ်စေသော မူးယစ် သောက်စားမှုမပြုရန်၊ ထို့အပြင် တုတ်၊ ဓားလက်နက် များ ကိုင်ဆောင်ခြင်းမပြုရန်၊ ရေပက်ရာတွင်လည်း ရေခဲထုပ်၊ ရေပူဖောင်း၊ ဆပ်ပြာရည် ထည့်ထားသော ဂတ်(စ်)ဘူး၊ ကွန်ပရက်ဆာပန့်များဖြင့် တစ်ဖက်သား နာကျင်မှုမဖြစ်စေရန်တို့ အတွက် အသိပေးမှုများပါဝင် ကြောင်း တွေ့ရှိနေရပါသည်။
နှိုးဆော်ချက်များ၊ သတိပေးချက်များကို ခြုံငုံသုံးသပ် လျှင် အနှစ်ချုပ်အားဖြင့် အချက်(၃)ချက်ကို တွေ့ရှိရပါ သည်-
(၁) ရိုးရာယဉ်ကျေးမှု အစဉ်အဆက်ဖြစ်သဖြင့် ဆက်ခံထိန်းသိမ်းဆောင်ရွက်သင့်သော အရာ များ (ဥပမာအားဖြင့် ကုသိုလ်ဒါနပြုခြင်း၊ သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယ ပြုခြင်း၊ ရှင်ပြုရဟန်းခံကျင်းပခြင်း၊ တိရိစ္ဆာန် များကို ဘေးမဲ့လွှတ်ခြင်းများ ပါဝင်ပါသည်)
(၂) ဥပဒေကြောင်းအရ ငြိစွန်းနိုင်သဖြင့် ထိန်းသိမ်း သင့်သောအရာများ
(၃) မိမိ၏ ပြောဆိုပြုမူနေထိုင်မှုများသည် လူမှု ပတ်ဝန်းကျင်အား တိုက်ရိုက်(သို့မဟုတ်) သွယ် ဝိုက်၍ ထိခိုက်စေနိုင်သောကြောင့် ကျင့်ဝတ်အရ ထိန်းသိမ်းသင့်သောအရာများ ဖြစ်ကြပါသည်။
သင်္ကြန်ကျခါနီးတိုင်း တစ်နှစ်ထက်တစ်နှစ်တိုး၍ တိုး၍ ထုတ်ပြန်နေရသောနှိုးဆော်စာများ၊ သတိပေးချက် များကို ဖတ်ရ၊ မြင်ရ၊ ကြားရသည့်အခါတိုင်းတွင် မြန်မာ နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့် ယဉ်ကျေးမှုဓလေ့ထုံးစံများအတွက် ရင်၌ဝေဒနာတစ်ရပ် ခံစားရပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဤတိုင်းပြည်၊ ဤမြေ၊ ဤရေ၊ ဤဒေသမှာနေထိုင်၍ ခေတ်စနစ်ပေါင်း များစွာမှ သင်္ကြန်ပေါင်းများစွာကို ကြုံဆုံဖြတ်သန်းခဲ့ ရဖူးပြီးသူဖြစ်သည်။ ဟိုးရှေးယခင်အခါများဆီက ယခု ကဲ့သို့ နှိုးဆော်စာများ၊ သတိပေးချက်များ မထုတ်ပြန်ခဲ့ သော်လည်း အိမ်တွင်းမိသားစု၊ ရပ်ကွက်မိသားစု၊ မြို့နယ် မိသားစုမှအစ တိုင်းခရိုင်မိသားစုအထိ မိမိတို့၏ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် အပြန်အလှန် ထိန်းကျောင်း၍ သင်္ကြန် ၏အနှစ်သာရကို လှပစွာထုဆစ်ပုံဖော်နိုင်ခဲ့ကြပါသည်။
လူများစုအသိုင်းအဝိုင်းက လက်မခံသည့်၊ အနည်းငယ်မျှ သောလူနည်းစု၏ ပြဿနာသေးသေးမွှားမွှားမှအပ အေးချမ်းပျော်ရွှင်စွာသင်္ကြန်ကို လွန်မြောက်နိုင်ခဲ့ကြပါ သည်။
ယခုကား ထိုသို့မဟုတ်ပြီ ဟိုလိုမပြောကြပါနှင့်၊ ဒီလို မဆိုကြပါနှင့်၊ ဒီလိုမလုပ်ကြပါနှင့်၊ မတင့်မတယ် မလုံမခြုံ ဟိုလိုမဝတ်ကြပါနှင့်၊ ဒီလိုမကဲကြပါနှင့်ဟု အရုပ်ဆိုးသော သင်္ကြန်မဖြစ်စေရန်၊ မြန်မာ့ရနံ့ပျောက်သောသင်္ကြန်မဖြစ် စေရန် နှိုးဆော်တိုက်တွန်းကန့်သတ်နေရသည် မှာကား ကိုယ့်အိမ်မှ ကိုယ့်မိသားစုထမင်းဝိုင်းကို ကိုယ့်ဘာသာ တံတွေးဖြင့် ပြန်မထွေးမိစေရန် သတိပေးနေရသကဲ့သို့ ဖြစ်နေပေတော့သည်။
နှစ်ဟောင်းအညစ်အကြေးများကို သန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုသော သင်္ကြန် တွင် ရန်သူနှင့်ရင်ဆိုင်တွေ့ကြုံရဘိသကဲ့သို့ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်မှုများအတွက် တားဆီးရခြင်းများ၊ ရေဖြင့်ပက်ဖျန်းရာတွင်လည်း စိုရုံ ရွှဲရုံမျှမက တစ်ဖက်သား နာကျင်သည်အထိ လွန်လွန်ကဲကဲလုပ်ဆောင်မှုတို့အား ဆင်ခြင်နိုင်ရန် သတိပေးရခြင်းများ၊ မောင်နှင့်နှမ၊ ဖခင်နှင့် သမီး၊ မိခင်နှင့်သား အတူယှဉ်တွဲ ကြည့်၍မျှမသင့်သော ဝတ်စားဆင်ယင်မှုများနှင့် ကော့ကော်ကန်ကား ကုန်းကုန်း ကွကွ ပွတ်သပ်ကပြမှုများအတွက် တားဟဲ့ ဆီးဟဲ့ ဆောင် ရွက်နေရခြင်း၊ ခံဝန်ကတိဖြင့် ခွင့်ပြုနေရခြင်းများမှာ ကိုယ့်မြန်မာနိုင်ငံသားချင်း ဖွင့်ပြောမှသိရမည့် အပြု အမူလုပ်ရပ်များ ဟုတ်မဟုတ် စဉ်းစားချင့်ချိန်သင့်ကြ ပေသည်။ မလျော်ကန်သောကြောင့် တား၍ ဆီး၍၊ CCTV များတပ်၍ စောင့်ကြည့်ခံရခြင်းကို လွတ်လပ်မှု မရှိပါဟု စောဒကတက်လျှင်လည်း၊ ထိုစောဒကရှင်တို့၏ လက်ဦးဆရာ မည်ထိုက်စွာသော ပုဗ္ဗာစရိယ မိနှင့်ဖကိုသာ ယိုးမယ်ဖွဲ့ရပေတော့မည်။
ခေတ်မီခြင်း၊ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ခြင်း သည် ကောင်း၏။ သို့ရာတွင် အဝတ်အစား ပုံတူကူး၍၊ ဆံပင်ပုံတူကူး၍၊ စည်းကမ်းမဲ့ဓလေ့စရိုက်အရာ၌ ပုံတူ ကူး၍ ခေတ်မီခြင်း၊ ခေတ်နှင့်အညီ ရင်ပေါင်တန်းခြင်း များထက် ထိုးထွင်းသိမြင်သော၊ တီထွင်ကြံဆသော၊ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်၊ ထိုမှ လောကကြီးတစ်ခုလုံး၏ ကောင်းရာကောင်းကျိုးအတွက် ခေတ်မီခြင်း၊ ခေတ်နှင့် အညီရင်ပေါင်တန်းနိုင်ခြင်းက ပို၍တင့်တယ်ပါသည်။
နိုင်ငံတကာ ဝင်ဆံ့သည်ဟူသောအကြောင်းပြချက် ဖြင့် သင်္ကြန်အခါ၌ မိမိအိမ်ကထမင်းဝိုင်းကို မိမိကိုယ်တိုင် တံတွေးနှင့်ထွေးရုံမျှမက၊ ရွာလွန်ရွက်တိုက်ကာ ပြင်ပမှ ဧည့်သည်များပါဖိတ်ခေါ်၍ ကိုယ့်ယဉ်ကျေးမှု ကိုယ့် ဓလေ့ထုံးစံကို သူများပါးစပ်ဖြင့် တံတွေးထွေးခိုင်းသူများ လည်း ရှိပေသေးသည်။ မြန်မာ့သင်္ကြန်သည် အင်တာ နေရှင်နယ် ပျော်ပွဲရွှင်ပွဲသင်္ကြန်မဟုတ်ပါ။ ပျော်ရွှင်မှုနှင့် အတူ မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံကို တစ်နိုင်တစ်ပိုင် ဖော်ကျူးသည့်ပွဲ ဖြစ်ပါသည်။
အိမ်သားတစ်စု၏ဝင်ငွေ၊ တစ်ဦးချင်း၏ဝင်ငွေကို သတ်မှတ်မျှော်မှန်းနှုန်းထားအတိုင်း ရောက်ရှိအောင် နိုင်ငံတော်အစိုးရကကြိုးပမ်းရုန်းကန်မှုပြုချိန်တွင် မိမိတို့ ၏စွမ်းအားများဖြင့်လည်း မိသားစုဝင်ငွေတစ်ခုခုဖြစ် အောင် ကြိုးပမ်းသင့်သည်။
ကြိုးပမ်းမှုလည်း ပြုကြပါ သည်။ သို့ရာတွင် သားသမီးသည် မိမိဝင်ငွေအရ အိမ်တွင် မျက်နှာပန်းပွင့်လာသောအခါ သားသမီး၏ ဝင်ငွေကို အားထားလာရသော မိဘသည်၊ ဆရာသည် ရွာဦးကျောင်းဆရာတော်သည် မိမိသား၊ သမီးတပည့်များ ၏ လမ်းလွှဲယုံကြည်မှုများကို တွေ့ရှိလာပါက မည်သို့ ဟန့်တားရန်မှာ တော်ရုံတန်ရုံသတ္တိဖြင့် မလွှမ်းမိုးနိုင် တော့ပါ။
တစ်အိမ်ချင်း၊ တစ်ရွာချင်း၌ ကျင့်ကြံထိန်းသိမ်း နေသော မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်နှင့် မြန်မာ့ ဘာသာရေးယဉ်ကျေးမှုကို သူစိမ်းဖြစ်စေ၊ တစ်ရွာသား ဖြစ်စေ၊ နိုင်ငံ့တာဝန်အရဖြစ်စေ တစ်ဦးဦးက ပြောမည် လားဟု အချိန်စောင့်၍ မဖြစ်သင့်ပေ။ ကြီးသူများကသာ ငယ်သူကို သင်ကြားပေးရန်ဖြစ်သည်။ အတွေ့အကြုံရင့် ကျက်သူက အတွေ့အကြုံနုနယ်သူကို ဖျောင်းဖျနားသွင်း ရမည်ဖြစ်ပါသည်။ကျွန်ုပ်တို့၏ တိုင်းရင်းသားအားလုံးအသီးသီးတွင်ရှိသော ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆို ထိန်းသိမ်းကျင့်ကြံခြင်းသည်သာလျှင် မမြင်၊ မထိနိုင် စွမ်းသော ကိုင်တွယ်၍ မရသော ''ဒြပ်မဲ့'' ယဉ်ကျေးမှု (Intangible Cultural) ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုကို ထိတွေ့ကိုင်တွယ်၍ ရသော ''ဒြပ်ရှိ'' ယဉ်ကျေးမှု Tangible Cultural နှင့် ထိတွေ့ကိုင်တွယ်၍မရသော ''ဒြပ်မဲ့''ယဉ်ကျေးမှု Intangible Cultural ဟူ၍ နှစ်မျိုးခွဲခြားထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒြပ်ရှိယဉ်ကျေးမှု ဖြစ်သည့် ရှေးဟောင်းစေတီပုထိုးများ၊ နန်းတော်များ၊ မြို့တော်များ၊ ကျောက်၊ ကြေး၊ သံလက်နက်များ၊ လူ့အသုံး အဆောင်ပစ္စည်းများနှင့် ပြည့်စုံသကဲ့သို့၊ အိပ်ရာဝင် ပုံပြင် အစ (၁၂)လရာသီပွဲတော်များ၊ ဂီတသံစဉ်တေး သီချင်းများ၊ ဘာသာတရားကို ရိုသေစောင့်ထိန်းကျင့် ကြံခြင်းများနှင့် အသက်အရွယ်ဂုဏ်အားဖြင့် ကြီးသူ၊ ရွယ်တူ၊ ငယ်သူများ၏ အပြန်အလှန်ယဉ်ကျေးစွာ ဆက်ဆံပြောဆိုပြုမူ နေထိုင်ခြင်းတည်းဟူသော ဒြပ်မဲ့ အနှစ်သာရများနှင့်လည်း ပြည့်စုံလျက်ရှိပါသည်။ ထို့ကြောင့်လည်း ၂ဝ၁၄ ခုနှစ်တွင် UNESCO ခေါ် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့အစည်း ကြီး၏ Convention for Safeguarding of Intangible Cultural Heritage အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။
မကြာမီကာလ၌ မြန်မာတို့၏စစ်မှန်သော ရိုးရာ သင်္ကြန်ရောက်ပေတော့မည်။ ကမ္ဘာကြီးပူနွေးလာသည် ဖြစ်စေ၊ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ မြင့်တက် လာသည်ဖြစ်စေ ''ငု''နှင့် ''ပိတောက်'' ကား ထိုအရာ များကို အံတု၍ သစ္စာရှိစွာဖြင့် တစ်နှစ်တစ်ခေါက် ဝါရွှေ ဝါရောင်ထိန်ထိန်တောက်ပေဦးတော့မည်။ နိဂုံးချုပ်အား ဖြင့် လာမည့် ၁၃၇၇ သို့ ကူးပြောင်းမည့် နှစ်သစ်ကူး အတာသင်္ကြန်သည် လှပစေချင်ပါသည်။
သိမ်မွေ့စေချင် ပါသည်။ ကြည်နူးနှစ်သက်ဖွယ်ဖြစ်စေချင်ပါသည်။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို ကိုယ်စားပြုအရောင် ခြယ်ခြင်းကင်းသည့် သန့်သန့်ရှင်းရှင်းဖြူစင်သော သင်္ကြန်ဖြစ်စေချင်ပါသည်။ သင်္ကြန်ကြောင့် ကုန်ခန်း သွားသော ''ရေ''နှင့် ''ငွေ''ကို အချိန်တိုအတွင်း ပြန်လည် ဖြည့်တင်း၍ ရပါသည်။ သို့သော် သင်္ကြန်ကြောင့် ကျဆင်း ယုတ်လျော့သွားမည့် နိုင်ငံ၏ဂုဏ်သိက္ခာ၊ ထိပါးပွန်းရှ သွားမည့် အမျိုးသားရေးစရိုက်လက္ခဏာများကိုကား အချိန်တိုအတွင်းပြန်လည်ဖြည့်တင်းရန် ခဲယဉ်းပေလိမ့် မည်ဟု ချစ်ကြည်ရင်းနှီးစွာ မေတ္တာစကားဆိုအပ်ပါသည်။
ဘငြိမ်းဝေ
MOI

No comments:

Post a Comment