Thursday, April 9, 2015

‘‘ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင်လုပ်ပေးမယ်လို့သာ ပြောနေပေမယ့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲရလဒ်အတိုင်း လုပ်ပေးပါ့မယ်လို့ တစ်ခါမှ ကတိမပေးသေးဘူး’’

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမင်းဇင်နှင့် တွေ့ဆုံခြင်း



Freedom House အပါအဝင် နိုင်ငံတကာ သုတေသနအဖွဲ့များအတွက် မြန်မာ့အရေးသုတေသီအဖြစ် ဆောင်ရွက်နေပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဘာကလေတက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့အတွက် စာတမ်းပြုစုလျက်ရှိသည့် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း 7Day News က သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းသည် The ForeignPolicy ၊ Journal of Current  Southeast Asian Affairs အပါအဝင် နိုင်ငံတကာသတင်းဌာနများစွာတွင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ သုံးသပ်ဆောင်းပါးများစွာ ရေးသားနေသူတစ်ဦးလည်းဖြစ်သည်။ ဦးမင်းဇင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များအနက် အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ၂၀၁၅ အလွန်ကာလ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးက ထိပ်တိုက်တွေ့တာမျိုးဖြစ်လာရင် တပ်မတော်ဘက်က ဒါကိုဘယ်လိုနည်းနဲ့ ဖြေရှင်းနိုင်လဲ။ နိုင်ငံရေးနည်းနဲ့ ရှင်းမှာလား၊ အရင်လို အာဏာသိမ်းတာမျိုး လုပ်နိုင်ခြေရှိလား။
ဖြေ- သူက ရိုးရိုးပဲ။ နိုင်ငံရေးအရဖြေရှင်းချင်တယ်ဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေက တပ်မတော်ရဲ့အကျိုးစီးပွားကို ဘယ်လောက်ထိ ထိန်းညှိပေးနိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ တပ်မတော်က ဥပဒေအထိုင်ပေါ်မှာပဲနေမှာပဲ။ ဥပဒေအထိုင်ပေါ်မှာပဲ နေမယ်ဆိုရင် ဥပဒေကြောင်းအရလည်း တပ်မတော်က တရားဝင် အာဏာယူခွင့်ရှိနေတာကိုး။ ဆိုတော့ ထိုင်းလို၊ အီဂျစ်လိုဟာမျိုးကို သူက တရားဝင်လုပ်ခွင့်ရှိနေတာပဲ။ သိပ်ပြီးတော့ သူ့အတွက်က ခဲရာခဲဆစ်မဟုတ်ဘူး။ အခြေခံ ဥပဒေက တပ်မတော်အတွက် တကယ့်ကို insurance policy ပဲ။ဆိုတော့ အခြေခံဥပဒေပါလုပ်ပိုင်ခွင့်ကို အပြည့်အဝသုံးမယ်ဆိုရင်ကို အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးက နိုင်ငံရေးအရ အဖြေမထွက် နိုင်တော့ဘူး။
မေး- တိုင်းရင်းသားဒေသတချို့မှာ ဖြစ်ပွားတဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့တုံ့ပြန်မှုအနေအထားကြောင့် ၂၀၁၂ နောက်ပိုင်းမှာ  တချို့ဒေသတွေက အင်န်အယ်လ်ဒီအပေါ် အားမလိုအားမရဖြစ်တာရှိလာတယ်။ ကိုယ့်ဒေသက တိုင်းရင်းသားပါတီကိုပဲ မဲပေးမယ်ဆိုတာမျိုး ရှိလာတယ်။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီရဲ့အနိုင်ရခြေက ပြောင်းလဲမှုရှိနိုင်လား။
ဖြေ- အင်န်အယ်လ်ဒီရဲ့ ရေပန်းစားမှုနဲ့ပတ်သက်တာက တစ်ပိုင်း။ နောက်တစ်ပိုင်းကတော့ အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသားဆက်ဆံရေး။ အင်န်အယ်လ်ဒီရဲ့ ရေပန်းစားမှုကတော့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေပန်းစားမှုကတော့ ကျလည်း ၁၀ ရာခိုင်နှုန်း၊ တက်လည်း ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြစ်နိုင်တယ်။ မျက်စိကြီး၊ နားကြီး ကျွန်တော့်မိတ်ဆွေတစ်ဦးက ခန့်မှန်းတယ်။ ကျွန်တော်သဘောတူတယ်။ သိပ်ပြီး ကြီးကြီးမားမားပြောင်းဖို့မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ လူထုအများစုကြီးက လက်ရှိအစိုးရကို မကြိုက်တာရှိတယ်။
နောက်တစ်ခုက တိုင်းရင်းသားတွေမှာ တိုင်းရင်းသားပါတီတွေ ရှိတာမှန်တယ်။ ဒါပေမဲ့လည်း နာမည်ကိုအသိအမှတ်ပြုမှု၊ အဲဒီဒေသခံတွေထဲမှာလည်း ဒေသလူထုကနေအားကိုးပြီးတော့ အဂတိလိုက်စားမှုကင်းတဲ့သူ၊ အာဏာပိုင်နဲ့ အရှုပ်အထွေးကင်းတဲ့လူ။ အဲဒီလိုမျိုးကလည်း ရှိတော့ရှိမယ် ရှားနိုင်မယ့်ဟာမျိုးထဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်တဲ့ထိပ်ပိုင်းထဲမှာ ရှုပ်ယှက်ခတ်ပြီး ရောနှောနေကြတယ်။ အင်န်အယ်လ်ဒီဟာ ဘာပဲပြောပြော အနစ်နာခံခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့၊ တောက်လျှောက်ဖိနှိပ်တာကို ကြံ့ကြံ့ခံခဲ့တဲ့ အတိုက်အခံဆိုတဲ့အမြင်က လူထုမှာစွဲနေတုန်းပဲ။ စစ်အစိုးရက ဖိနှိပ်မှုတွေ ပိုလုပ်လေ လူထုက အင်န်အယ်လ်ဒီကို ပုံအောပေးမယ်ဆိုတဲ့အမြင်က ရှိနေတုန်းပဲ။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆွယ်တဲ့အခါမှာ တစ်တိုင်းပြည်လုံးလှည့်ပြီးတော့ သူကိုယ်တိုင်အားတက်သရော အင်တိုက်အားတိုက်ဆွယ်မှာပဲ။ အခုလှုပ်ရှားမှုတွေ အကုန်လုံး ၅၉(စ) ပြင်ဖို့၊၄၃၆ပြင်တာကနေစပြီး ဗိုလ်ချုပ်ရာပြည့်အထိ အကုန်လုံးက ဘာခေါင်းစဉ်တပ်တပ် နိုင်ငံရေးအရကြည့်မယ်ဆိုရင် တစ်နည်းမဟုတ်တစ်နည်း မဲဆွယ်သလိုလုပ်နေတာပါပဲ။ ဆိုတော့ ဒီလိုလုပ်တဲ့လှုပ်ရှားမှုတိုင်းကိုလည်း လူထုက တုံ့ပြန်တာပဲ။ တိုင်းရင်းသားနယ်တွေမှာဆိုလည်း အခုပဲ ရှမ်းတို့၊ ဘာတို့ ကျွန်တော်ရောက်ခဲ့တယ်ဆိုရင် တွေ့ရတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုတဲ့ ကားတန်းတွေ၊ ဆိုင်ကယ်တွေဆိုတာ အတောမသတ်ဘူး။ ဒါဟာ ကြီးမားတဲ့ရေပန်းစားမှုနဲ့ လူထုထောက်ခံမှုပဲ။ ကျွန်တော်ထင်တာက ၂၀၁၅မှာ အင်န်အယ်လ်ဒီကနိုင်မှာပဲ။ ဘယ်သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အင်န်အယ်လ်ဒီမှာ တကယ်ကိုလိုအပ်တဲ့ ပရိုဂရမ်တွေ၊ ပေါ်လစီတွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့တင် အင်န်အယ်လ်ဒီက နိုင်မှာပဲ။ နိုင်ပေမယ့် အတိုးအလျှော့တော့ ရှိမှာပေါ့။ တချို့နေရာတွေမှာ ရခိုင်လိုနေရာမျိုးတွေမှာ အကန့်အသတ်တော့ရှိမယ်။ ဒါပေမဲ့တစ်တိုင်းပြည်လုံးအနေနဲ့ ခြုံပြောရင် အင်န်အယ်လ်ဒီကနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
မေး- အတိုက်အခံဘက်ကို လူထုကပိုယိမ်းယိုင်လို့ မဲပေးကြမယ့် အနေအထားမှာ NLDရဲ့ institutionကို တည်ဆောက်ထားပုံနဲ့ ပတ်သက်ပြီး အားမရတာတွေလည်း ရှိနေတယ်။ အင်န်အယ်လ်ဒီဟာ စိတ်ဓာတ်တစ်ခုတည်းနဲ့ ရပ်တည်နေတာလို့ တချို့က ဝေဖန်ကြတော့ ၂၀၁၅ မှာ အနိုင်ရပြီးနောက်ပိုင်း တိုင်းပြည်တိုးတက်မှုအတွက် ဘယ်လောက်အာမခံချက်ရှိမလဲ။
ဖြေ- အဓိကပြဿနာကတော့ အင်န်အယ်လ်ဒီတစ်ခုတည်းနဲ့တော့ မဆိုင်ဘူး။ အကုန်လုံးက ဖိနှိပ်ခံထားရတဲ့အခြေအနေကနေ ရုန်းထွက်လာရတာဆိုတော့ အကန့်အသတ်တော့ရှိမှာပေါ့။ သူတို့မှာလည်း စွမ်းဆောင်ရည် အကန့်အသတ်တော့ရှိမယ်။ လုပ်နိုင်ကိုင်နိုင်တဲ့ ခွင်ပိုင်းဆိုင်ရာ၊ အခင်းအကျင်း၊ space အကန့်အသတ်တော့ ရှိတာပေါ့။ အဓိကကတော့ တပ်မတော်နဲ့အတိုက်အခံကြားထဲမှာ အခြေခံကျတဲ့ နားလည်မှုတွေ ရှိနိုင်တယ်ဆိုရင်တော့ ဒီအသွင်ကူးပြောင်းရေးဟာ စိတ်ချရတာပေါ့  . . . ။ နံပါတ်တစ်ပြဿနာကတော့ မူဝါဒကို မစဉ်းစားခင် နိုင်ငံရေးကို အရင်စဉ်းစားရသလိုဖြစ်နေတယ်။ နိုင်ငံရေးပြဿနာ မပြေလည်မချင်း၊ နိုင်ငံရေးအရ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ပဋိညာဉ်တွေ မရမချင်းတော့ မူဝါဒတွေလုပ်လည်းလုပ်ပဲ၊ အတက်အကျတွေ၊ အတိုးအဆုတ်တွေကတော့ ဖြစ်နေမှာပဲ။ အင်န်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲနိုင်သွားတဲ့အခါမှာ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ ဆိုလိုတာက နိုင်သွားတဲ့အတွက်ကြောင့်မို့ ရှုံးတဲ့လူတွေအပေါ်မှာ ဘယ်လိုသဘောထားမလဲဆိုတဲ့ဟာက နံပါတ်တစ်ရှင်းရမယ့် ပြဿနာပေါ့။ နိုင်တဲ့အတွက်ကြောင့်မို့လို့ အကုန်ယူမှာလား။ ဒါမှမဟုတ် Executive powersharing လို့ခေါ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ငါပဲအကုန်မယူဘဲနဲ့ ကျန်တဲ့သူနဲ့မျှဝေပြီးတော့ လုပ်မှာလား။ ဒါတွေကတော့ အင်န်အယ်လ်ဒီအနေနဲ့ စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာကို စရှင်းရမယ်။ ပြီးမှ မူဝါဒပိုင်းဆိုင်ရာကိစ္စကတော့ အင်န်အယ်လ်ဒီမှာရော၊ ကျန်တဲ့ပါတီတွေမှာရော မူဝါဒနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေကို ပိုပြီးနားထောင်ဖို့လိုတယ်။ မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ သုတေသီတွေ၊ ပညာရှင်တွေ ပိုပြီးတော့ နားထောင်ဖို့လိုတယ်။ သူတို့ခိုင်းသမျှ လိုက်လုပ်ဖို့ မဟုတ်ဘူး။ ဒါပေမဲ့အကြံဉာဏ်တွေ များများယူပြီးတော့မှ၊ နိုင်ငံတကာမှာ လုပ်ခဲ့တဲ့အတွေ့အကြုံတွေ များများယူပြီးတော့မှလုပ်ရင် ပိုပြီးတော့ သင့်တော်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုအချိန်ထိကတော့ မူဝါဒပိုင်းဆိုင်ရာ ထုတ်ဖော်ပြောဆိုတာ၊ တင်ပြတာ၊ လူထုကို ချပြတာ သိပ်အားနည်းနေသေးတယ်လို့ ထင်တယ်။ ရွေးကောက်ပွဲကို မူဝါဒကိုအခြေခံ ပြီးတော့ ရွေးချယ်တာ၊ ၀င်ရောက်ယှဉ်ပြိုင်တာထက်စာရင် ဘာတွေပိုများနေလဲဆိုတော့ ရန်၊ ငါဖြတ်ပြီးတော့ ဝင်ပြိုင်တာတို့၊ identity အမျိုးသားရေးတို့အပေါ် အခြေခံပြီးတော့ ဝင်ပြိုင်တာတို့၊ မဲဆန္ဒရှင်တွေအပေါ် ကွက်ကျားမိုးရွာသလို လာဘ်ထိုးတဲ့ clientalism ပုံစံမျိုးနဲ့ ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ်ဆိုရင်တော့ ရွေးကောက်ပွဲလွန်ကာလမှာလည်း ဒီစိတ်တွေပဲ ကိန်းနေမှာပဲ။ မူဝါဒဘက်ကို ဦးတည်နိုင်မယ် မထင်ဘူး။
မေး- အခုလောလောဆယ် လူအများကမြင်နေရတာက ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း တစ်ယောက်တည်းရပ်တည်တယ်။ သမ္မတနောက်တပ်ချုပ်တို့ကလည်း တစ်ဖက်ရပ်တည်နေတယ်။ သူရဦးရွှေမန်းကလည်း သီးခြားရပ်တည်နေသလိုဖြစ်နေတယ်လို့ ဆိုကြတယ်။ ခေါင်းဆောင်ပိုင်းကြား ညှိနှိုင်းတာမရှိဘူး၊၂၀၁၅ ရွေးကောက်ပွဲသာ နီးလာတယ် နားလည်မှုတစ်စုံတစ်ရာမရှိဘူး။ ခေါင်းဆောင်တွေကြား ဆက်ဆံရေးကို ဘယ်လိုများသုံးသပ်မိသလဲ။
ဖြေ- ကျွန်တော်ထင်တာကတော့ အကောင်းဆုံးကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ က တွေ့ခဲ့တုန်းက ရခဲ့တဲ့ နိုင်ငံရေးမျှခြေတစ်ခုက ဘာပဲပြောပြော အဲဒီကာလအတွက် တော်တော်လေးကို သင့်တော်ကောင်းမွန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲတွေ ဘာတွေဖြစ်သွားတယ်။ ဦးသိန်းစိန်အစိုးရလည်း နိုင်ငံတကာမှာ မျက်နှာပွင့်တယ်။ Sanctions တွေလည်း တော်တော်များများ ရပ်ဆိုင်းတာတို့၊ ရုပ်သိမ်းတာတို့ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း  အပြတ်အသတ် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်တယ်။ ဒါကလုံလောက်တဲ့ အဲဒီကာလအတွက် သင့်တော်တဲ့အဖြေတစ်ခု၊ မျှခြေတစ်ခုရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ခဏခဏပြောသလိုပဲ နိုင်ငံရေးမျှခြေဆိုတာ တစ်ခုတည်းနဲ့ တစ်သက်လုံးပြေလည်သွားတာမှ မဟုတ်တာ။ သူက အဲဒီ့ကာလမှာ ဆီလျော်တဲ့ဟာ နောက်ကာလကြာလာတဲ့အခါ မဆီလျော်တာ၊ မလုံလောက်တော့တာ ဖြစ်တတ်တယ်။ ဆိုတဲ့အခါ ဒါကိုထပ်ပြီး နောက်ထပ်မျှခြေတစ်ခုရအောင် ဆွေးနွေးဖို့၊ တိုင်ပင်ဖို့၊ ညှိနှိုင်းဖို့လိုတယ်။  ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လေးပွင့်ဆိုင်ဆိုတာ ဘယ်သူတွေ ဘယ်ဝါတွေပါတယ်ဆိုတဲ့ကိစ္စက တစ်ပိုင်းပေါ့။ ထိပ်ပိုင်းခေါင်းဆောင်တွေ ဆွေးနွေးရမယ်ဆိုတာကတော့ မှန်တဲ့ကိစ္စပဲ။ ဒါပေမဲ့ အဲဒါကို အစိုးရဘက်ကလည်း မလုပ်ချင်ဘူး။ အဲဒီမှာတင် အပြန်အလှန်တွေဖြစ်နေပြီးတော့ တာရှည်သွားတယ်။
ကျွန်တော် မြင်တာကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ အပြန်အလှန်ဆွေးနွေးပြီးတော့ အဖြေရှာတဲ့ negotiation တွေ၊ bargainတွေ ရှိသင့်တယ်။ အဲဒီ့လိုမရှိဘဲနဲ့ ရွေးကောက်ပွဲကိုပဲ တွန်းပြီးတော့လုပ်မယ်ဆိုရင် ဘာဖြစ်နိုင်မလဲဆိုတော့ ရွေးကောက်ပွဲဟာ အနောက်နိုင်ငံတွေကရော၊ အာဏာပိုင်ကရော ပြောနေတဲ့  ဒေါ်အောင်ဆန်းစုကြည်တောင် ပြောပါတယ်။ ဒီရွေးကောက်ပွဲကတော့ မှတ်ကျောက်ပဲ။ ဒီရွေးကောက်ပွဲဟာ အဆုံးအဖြတ်ပဲလို့ ပြောနေတဲ့အပြောအဆိုမျိုးဟာ ဖြစ်ဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲမှာ အတိုက်အခံက အပြတ်အသတ်နိုင်မယ်ဆိုရင်လည်း ရွေးကောက်ပွဲမတိုင်ခင် တင်ကြိုညှိနှိုင်းထားတာမျိုး မရှိတဲ့အတွက်ကြောင့်မို့လို့ အုပ်စိုးသူကစိတ်ပူပန်မှုတွေ၊ အကြောက်တရားတွေ ပိုဖြစ်နိုင်ပါတယ်။ ဘာဖြစ်မလဲဆိုရင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ဆိုတာ ခဲယဉ်းတာပေါ့။
အခုအချိန်အထိ ဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ဖြစ်က ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင် လုပ်ပေးမယ်လို့သာ ပြောနေပေမယ့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲရလဒ်အတိုင်း လုပ်ပေးပါ့မယ်လို့ တစ်ခါမှ ကတိမပေးသေးဘူး။ ဒါလည်း ထူးခြားချက်တစ်ခု။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း အဲဒီ့လိုပဲ။ ရွေးကောက်ပွဲဥပဒေမှာပင်လျှင် ရွေးကောက်ပွဲရလဒ်ကို honour လုပ်ပါ့မယ်။  ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါ့မယ်လို့၊ လွှဲပေးပါ့မယ်လို့ မပါဘူး။ အခုလည်း ထပ်တူပဲ။ အခုအချိန်ထိ ရွေးကောက်ပွဲကိုတော့ တရားမျှတအောင်လုပ် ပေးပါ့မယ်ပြောသော်လည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါ့မယ်၊ ရွေးကောက်ပွဲရလဒ်အတိုင်း လုပ်ပါ့မယ်ဆိုတဲ့ ကတိကဝတ်ကို မရသေးဘူး။
ဆိုတော့ အတိုက်အခံက အပြတ်အသတ်အနိုင်ရသွားရင်၊ အတိုက်အခံဘက်ကလည်း နိုင်သူအကုန်ယူဆိုတဲ့ ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင် အုပ်စိုးသူဘက်က ပူပန်မှုတွေ၊ စိုးရိမ်မှုတွေ ရှိနိုင်တယ်။ အဲဒီ့အပေါ်မှာမူတည်ပြီးတော့ အားရှိရင်ရှိသလို ဒီအဖြေကို လက်သင့်ခံဖို့ ခက်တယ်။ ဒါဆိုရင်လည်း ပြဿနာတွေက တက်နိုင်တယ်။ တစ်ဖက်က မဲလိမ်လို့ပဲဖြစ်ဖြစ်၊အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ်၊ တစ်ဖက်ကအမျိုးသားရေးဘာသာရေးတွေနဲ့ စည်းရုံးလို့ပဲဖြစ်ဖြစ် အတိုက်အခံက နိုင်သင့်သလောက် မနိုင်ဘူးဆိုရင်လည်း အတိုက်အခံက ဒါဟာမတရားဘူး၊ မမျှတဘူးဆိုပြီးတော့ စိတ်ဆိုးမယ်။ စိတ်ဆိုးရင် ဘာဖြစ်မလဲ အတိုက်အခံက ထုံးစံအတိုင်း။ ရွေးကောက်ပွဲကာလဆိုတော့ လူတွေကလည်း သွေးဆူနေမယ်၊ အဲဒီတော့ အတိုက်အခံက လူတွေကို လမ်းပေါ်ခေါ်ထုတ်တာတွေ ဘာတွေဖြစ်နိုင်တယ်။ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးဖြစ်နိုင်တယ်။ အဲဒါဆိုရင်လည်း အရင်က ဆိုဗီယက်ပြည်ထောင်စုဟောင်းနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ colour revolution လို ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။
ချုပ်ပြောရရင် အတိုက်အခံ နိုင်နိုင်ရှုံးရှုံး၊ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံနဲ့ အစိုးရကြားမှာတင် ကြိုညှိနှိုင်းထားတဲ့ အပြန်လှန်ဆက်စပ်ထားတဲ့ သဘောတူညီမှု မရှိဘူးဆိုရင် ရွေးကောက်ပွဲဟာ မှတ်ကျောက် benchmark ဖြစ်ဖို့ထက်စာရင် spark လို့ခေါ်တဲ့ မီးပွားဖြစ်ဖို့က ပိုများမယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ရွေးကောက်ပွဲမတိုင်ခင် ဆွေးနွေးပါ။ ရွေးကောက်ပွဲမတိုင်ခင် တစ်ခုခုလေး သဘောတူညီချက်ရအောင် လုပ်ပါလို့ တိုက်တွန်းတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်နိုင်ခြေက နည်းသထက်နည်းပါတယ်။
မေး- လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကနေ လွတ်ဖို့ထွက်ပေါက်ကောရှိလား၊ တခြားနည်းလမ်းတစ်စုံတစ်ရာ ဘာရှိနိုင်မလဲ။
ဖြေ- ကျွန်တော် စဉ်းစားမိသလောက်ကတော့ လမ်းသုံးသွယ်ပေါ့။ တစ်ခုကလည်း ခုနကပြောတဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှု။
နောက်တစ်ခုကတော့ လွှတ်တော်ထဲကနေပဲ ဖြေရှင်းတာ။ ထိပ်သီးခေါင်းဆောင်တွေတော့ တိုက်ရိုက်မပတ်သက်ဘူး။ ဒါပေမယ့် လွှတ်တော်ထဲမှာ လွှတ်တော်မဲနဲ့ အဆုံးအဖြတ်ပြုပြီး အခြေခံဥပဒေကိုပြင်ဖို့ ကြိုးစားတာ။ ဒါကလည်း ကြံ့ခိုင်ရေးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ရဲ့ အပြန်အလှန်ညှိနှိုင်းမှုအပေါ် မူတည်တာပေါ့။
တတိယတစ်ခုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေပြီးတော့ political dialogues ကိုသွားတာ။ ခက်တာ အဲဒီ့သုံးခုစလုံးက ဖြစ်စဉ်အရတော့ ဆက်တော့ဖြစ်နေမှာပဲ။ ဒီထိပ်သီးခေါင်းဆောင်တွေ တွေ့ဖို့လည်း ရှိမှာပေါ့။ ဒါပေမဲ့လည်း အဖြေထွက်မယ့်အထိတော့ ဖြစ်မယ်မထင်ဘူး။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အဲဒီလမ်းသုံးသွယ်ကနေပြီးတော့ နိုင်ငံရေးအရအဖြေထွက်တဲ့ political breakthrough တစ်ခုရဖို့က မဖြစ်နိုင်သလောက်နည်းနေပြီ။
 ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းရတာက သိပ်အန္တရာယ်များတဲ့ ဖြတ်သန်းပုံဖြတ်သန်းနည်းနဲ့ ဖြတ်သန်းရသလို ဖြစ်နေတယ်။ တစ်ခုတော့ရှိတာပေါ့လေ ဘာမှကြောက်စရာမလိုဘူး။ ဖြတ်သန်းလိုက်။ အကုန်နိုင်အောင်လုပ်၊ ပြီးရင်တော့ လူထုနည်းနဲ့ချမယ်။ ဒါကလည်း စဉ်းစားချက်တစ်ခုပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ အခြေအနေတွေဟာ အဲဒီလောက်မလွယ်ဘူးလို့ သုံးသပ်တာပေါ့။ ဒါပေမဲ့ ပြောရခက်ပါတယ်။ ကျွန်တော့်အမြင်ကတော့ စေ့စပ်ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေတစ်ခု ထွက်အောင်လုပ်။ အဲဒီ့ကမှတဆင့် ရွေးကောက်ပွဲတွေဘာ တွေကျင်းပတာဟာပိုပြီးတော့ တိုင်းပြည်အတွက် တည်ငြိမ်မှုနဲ့စိတ်ချရတာပေါ့။ တိုင်းပြည်အတွက် ပိုပြီး ထိခိုက်နာကျင်မှု နည်းတာပေါ့။ အဲဒါဟာ ပိုကောင်းတယ်။ ဒါပေမဲ့အဲဒီဖြစ်နိုင်ခြေဟာ နည်းသွားပြီ။ လုံးဝမရှိသလောက်နည်းသွားပြီလို့ ပြောလို့ရပါတယ်။
မေး- တစ်နေ့ကပဲ  ဒေါ်အောင်ဆန်းစု ကြည်က ပြောလိုက်တယ်။ ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီက သပိတ်မှောက်နိုင်ခြေဟာ ရွေးချယ်မှုတစ်ခုပဲလို့ ပြောတယ်။ နောက်ပြီး သမ္မတဦးသိန်းစိန်ဟာ မရိုးသားဘူးဆိုတာမျိုး ထုတ်ပြောလာတယ်။အဲဒါကကော ခေါင်းဆောင်တွေကြား ခွာပြဲမှုရဲ့နောက်ထပ်သင်္ကေတ တစ်ခုအဖြစ် ပြည်သူတွေအတွက် နောက်ထပ် စိုးရိမ်စရာဖြစ်စေမလား။
ဖြေ-  နှစ်ပိုင်းပေါ့။ တစ်ပိုင်းကတော့ သမ္မတဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည်က မယုံကြည်တော့ဘူး။ ယုံကြည်စရာ မကောင်းဘူးဆိုတာက သူမကြာခဏလည်း နိုင်ငံခြားသံတမန်တွေနဲ့ သတင်းထောက်တွေကို ပြောတယ်လို့ ကျွန်တော်သိရပါတယ်။ အခုကတော့ လူကြားသူကြားမှာ တော်တော်ကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုတဲ့ သဘောမျိုးပေါ့လေ။ သမ္မတဦးသိန်းစိန်ရဲ့ အခန်းကဏ္ဍပေါ့။ သူက လက်ရှိသမ္မတဆိုတော့ ကာချုပ်ကလည်း ဘာပဲပြောပြော protocol လို့ခေါ်တဲ့ သူ့ရဲ့ထုံးတမ်းစဉ်လာ၊ လုပ်ထုံးလုပ်နည်း သဘောတွေအရတော့ သမ္မတကို သူက တာဝန်ခံတယ်။
ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ခုနကပြောတဲ့ လေးပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ ခြောက်ပွင့်ဆိုင်ပဲဖြစ်ဖြစ် လုပ်ချင်တယ်ဆိုလို့ရှိရင် သမ္မတရဲ့သဘောထားက အရေးပါတယ်လို့ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ထဲမှာလည်း မြင်နေတာက သမ္မတက ခွင့်မပြုလို့ ကာချုပ်က သူနဲ့စကားပြောလို့မရဘူး။ ဒါကြောင့် သမ္မတဟာ သူနဲ့ကာချုပ်တွေ့ဖို့အတွက် အဟန့်အတားဖြစ်နေတယ်လို့ မြင်ပုံရပါတယ်။
တောက်လျှောက် သူဟာ သမ္မတနဲ့ချဉ်းကပ်ပြီး ကြိုးစားပေမယ့် အခုတော့ သမ္မတကိုဖွင့်တိုက်ပြီးတော့ ကာချုပ်ကို တိုက်ရိုက်တွေ့ဖို့ ကြိုးစားပါတယ်။ တိုက်ရိုက်တွေ့ဖို့ လိုတယ်လို့ သူသတင်းပေးချင်ပုံရပါတယ်။ ကျွန်တော် ထင်တာကတော့ အစိုးရအဖွဲ့တို့ စစ်တပ်တို့ရဲ့ တည်ဆောက်ပုံ၊ လုပ်ငန်းလည်ပတ်ပုံ၊ အပြန်အလှန်ဆက်ဆံပုံတွေဟာ အဲဒီလောက်ကြီး အဆင့်ကျော်ပစ်လိုက်ဖို့ မလွယ်ဘူး ထင်တယ်။ သူတို့အနေနဲ့ ကျော်လုပ်ဖို့တို့။ ဥပမာဆိုပါတော့ - ကိုယ်တိုင်သမ္မတ ဖြစ်ချင်တဲ့သူတစ်ယောက်က အကြောင်းကြီးကြီးမားမားမရှိဘဲနဲ့ လက်ရှိသမ္မတကို သူထိပ်တိုက်ဘယ်တွေ့မလဲ။ သူ သမ္မတဖြစ်ရင်လည်း နောက်တစ်ယောက် နောက်တက်လာမယ့်ကာချုပ်က သူ့ကို ထိပ်တိုက်တွေ့မှာပေါ့။ ဒါကနမူနာပေါ့။ ကိုယ်က ကာချုပ် ဖြစ်နေတဲ့အခါမှာ သမ္မတနဲ့ မလိုအပ်ဘဲနဲ့ (သို့မဟုတ်) ကြီးမားတဲ့အကျိုးစီးပွားမရှိဘဲနဲ့ ထိပ်တိုက်တွေ့ပါ့မလား။ အများပြည်သူရဲ့မြင်ကွင်းရှေ့မှာပေါ့။ သီးသန့်ကာလုံမှာ အပြန်အလှန်ဆွေးနွေးကြလို့ ထိပ်တိုက်တွေ့တာတော့ ရှိကောင်းရှိမယ်။ ဒါပေမဲ့ သမ္မတဖြစ်ချင်တဲ့ ကာချုပ်တစ်ယောက်က လက်ရှိသမ္မတကို ကဏ္ဍကောစတိုက်ပြီးတော့ ထိပ်တိုက်တွေ့ပါ့မလား။ သူ သမ္မတဖြစ်ရင်ရော သူ့နောက်ကလူက သူ့ကိုထိပ်တိုက်တွေ့နိုင်တာပဲ။ ဒါသဘာဝပဲ။
မြန်မာပြည်မှာက အထက်၊ အောက် ဆက်ဆံရေးစနစ်က သိပ်ပြင်းထန်တယ်။ သိပ်လည်းကြီးပါတယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စိတ်မရှည်တော့လို့ ဦးသိန်းစိန်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အမြင်အရ  ဦးသိန်းစိန်ရဲ့ မလိမ့်တပတ်လုပ်တာတွေကို စိတ်မရှည်တော့လို့ မရိုးသားတော့ဘူးလို့ သူပြောပေမယ့် အဲဒီလိုလူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာဟာ သူ့ရည်မှန်းချက်ဖြစ်တဲ့ ကာချုပ်နဲ့တွေ့ဖို့ကိစ္စ အောင်မြင်ဖို့ထက် သူ့ရည်မှန်းချက်ကိုတောင်ပိုပြီး အဟန့်အတားဖြစ်စေမလားလို့ ကျွန်တော်တွေးမိပါတယ်။
တစ်ခုတော့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ ဒါက တပ်ချုပ်နဲ့တွေ့ဖို့ တစ်ခုတည်းမဟုတ်ဘဲနဲ့ မဲဆွယ်တဲ့သဘောနဲ့ ပြောတာလည်း ဖြစ်နိုင်ပါတယ်။ သဘောကတော့ ‘ဟေ့ . . . လက်ရှိအစိုးရ၊ လက်ရှိ အာဏာရပါတီ၊ ဘယ်သူမှ မရိုးသားဘူး။ ဘယ်သူမှလုပ်လို့မရဘူး။ ငါတို့ကတော့ ရိုးရိုးသားသားမှန်မှန်ကန်ကန်လုပ်နေတာ’ ဆိုရင် ဒါကလည်း မဲဆန္ဒရှင်ပြည်သူတွေအပေါ်မှာ တိုက်ရိုက်ဆွယ်စရာမလိုဘဲ လက်ရှိနိုင်ငံရေးအခင်းအကျင်းပေါ်မှာ ကြည့်ပြီးတော့ တစ်ချိန်တုန်းက ယုံခဲ့တယ်။ အခုတော့ မယုံတော့ဘူးလို့ ပြောတာဟာလည်း ဦးသိန်းစိန်ရဲ့ credibility ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။
ဒါပေမဲ့ ဦးသိန်းစိန်မှာ နောက်ရွေးကောက်ပွဲဝင်ဖို့အတွက် ရည်မှန်းချက်မရှိတော့ဘူးဆိုတာ သေချာတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလိုဖွင့်တိုက်မှုဟာ တစ်ခါထပ်ပြီးတော့ အထောက်အကူသိပ်ဖြစ်ဖွယ်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်နဲ့မပြေလည်ပေမယ့် ကျန်တဲ့ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တော်တော်များများနဲ့ ပြေလည်နေတာ တွေ့ရတာကိုး။
မေး- အစောပိုင်းကပြောသွားတဲ့အထဲမှာ  စစ်အစိုးရဖိနှိပ်တာကို ကြုံရတဲ့ပြည်သူတွေဟာ အတိုက်အခံကိုပဲ မဲပေးမှာပဲဆိုတာ ပြောခဲ့ပါတယ်။ စစ်တပ်ကဖိနှိပ်တယ်ဆိုပေမယ့် လောလောလတ်လတ် လောက်ကိုင်တိုက်ပွဲ ဥပမာကြည့်ရင် ပြည်သူတချို့က စစ်တပ်ကိုထောက်ခံတာ အားပေးတာ အထူးသဖြင့် လူမှုကွန်ရက်မှာ သူတို့ရဲ့profile picture ကို နေဝန်းနီပုံတင်တာမျိုး တွေ့လာရတော့ - ဒီလောက်ကိုင်တိုက်ပွဲက စစ်တပ်က ပြည်သူ့ထောက်ခံမှုကို ပြန်ရတဲ့ဖြစ်ရပ်တစ်ခုများ ဖြစ်မလား။
ဖြေ- မြန်မာ့တပ်မတော်ကတော့ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ နှစ်ဝက်လောက်အထိ တော်တော်လေးနှုတ်ဆိတ်ပြီး လေ့လာစောင့်ကြည့်နေတဲ့ သဘောမျိုး။ သူ့ကိုယ်သူရော ဘယ်လိုနေရာမျိုးမှာ အထိုင်ချရင်ကောင်းမလဲဆိုပြီး သူစောင့်ကြည့်နေတဲ့သဘောမျိုး ပါပါတယ်။ ဒါပေမဲ့ ၂၀၁၄ လောက်ရောက်တော့ သူတော်တော်လေးယုံကြည်မှုရှိလာပုံရတယ်။ ကြည့်ရတာလည်း သူတို့ရဲ့ခေါင်းဆောင်ဟောင်းတွေ ကလည်း တစ်ယောက်နဲ့တစ်ယောက်ကွဲပြဲနေကြတယ်။ မတည့်ကြဘူး။ ဒီခေါင်းဆောင်ဟောင်းတွေကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေချခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လိုက်ပါမှုက မညီညွတ်ကြဘူး။ အားပြိုင်မှုတွေ သိပ်များတယ်။ ဆိုတော့ တပ်မတော်အနေနဲ့ ဒီကိစ္စကို သူ့ကိုခေါင်းဆောင်ခဲ့တဲ့ လူတွေရဲ့ အတိမ်အနက်ကို သဘောပေါက်သွားပုံရတယ်။ တပ်မတော်ကနေ ပေါက်ဖွားလာတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ အနေအထားနဲ့ ကြံ့ခိုင်ရေးပါတီက တပ်မတော်အပေါ်မှာ တချို့ကိစ္စတွေမှာ ပြင်းပြင်းထန်ထန်ပြောတာဆိုတာတွေလည်း တပ်မတော်က ဘဝင်မကျတာ ရှိပုံရပါတယ်။ တပ်မတော်က နည်းနည်း အုပ်စိုးသူဘက်က လူတွေကိုလည်း အမြင်ရှင်းသွားတာပေါ့။ ဘယ်သူက ဘယ်လောက်ရှိတယ်။ ဘယ်သူက ဘယ်လောက်ပဲ ရည်မှန်းချက်ဘယ်လိုရှိတယ်။ အဲဒီ့ဟာတွေကို သူတွက်ချက်လိုက်လို့ ရတယ်ထင်ပါတယ်။
အတိုက်အခံဘက်ကိုလည်း သူကြည့်ရတာ သိသွားပုံရပါ တယ်။ ဘယ်သူက ဘယ်လောက်ပဲ အရည်အချင်းရှိတယ်။ ဘယ်သူကတော့ ဘယ်လောက်ပဲ အားရှိတယ်။ ဘယ်သူက ဘယ်သူနဲ့ ပိုနီးစပ်တယ် ဒါမျိုး assessment တွေ သူတော်တော်ရတယ် ထင်ပါတယ်။ တိုင်းရင်းသားကိစ္စမှာလည်း သူအများကြီး ထဲထဲဝင်ဝင်သုံးသပ်ခွင့်ရတယ် ထင်ပါတယ်။
ဆိုတော့ Observation,learning စောင့်ကြည့်အကဲဖြတ်တဲ့ လေ့လာနေတဲ့အချိန်ကနေ ၂၀၁၄လောက်ကစပြီး acting ပိုပြီးလုပ်ငန်းတွေအလုပ်တွေကို ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ပိုလုပ်လာတာ တွေ့ရတယ်။ ဒါကမှန်တယ်၊ မှားတယ်၊ ကောင်းတယ်၊ မကောင်းဘူး ကိစ္စမဟုတ်ပါဘူး။ သုံးသပ်တဲ့ကိစ္စပါ။ ဒါဟာ ထူးခြားချက်ဖြစ်ပါတယ်။
အဲဒီနေရာမှာ တပ်မတော်ဘက်က စိတ်ဝင်စားစရာကောင်းတာက ရခိုင်ကိစ္စမှာရော၊ လောက်ကိုင်ကိစ္စမှာရော ဘာပြနိုင်လဲဆိုတော့ မြန်မာနိုင်ငံမှာ extraor-dinary situation သာမန်ထက် လွန်ကဲတဲ့ အခြေအနေတွေ ဖြစ်လို့ရှိရင် မြန်မာပြည်သူအများစုလို့ ယူဆရပါတယ်။ အများစုက တပ်မတော်အုပ်ချုပ်တာကို လက်ခံနိုင်တယ်ဆိုတဲ့ အမြင်မျိုးသူရသွားပုံရပါတယ်။ ဒါဟာ တပ်မတော်အတွက် ကြီးမားတဲ့စမ်းသပ်မှုနှစ်ခုလို့ မြင်တယ်။ ရခိုင်ကိစ္စရယ်၊ လောက်ကိုင်ကိစ္စရယ်က ပြည်သူတွေဟာ extraordinary အခြေအနေတစ်ခုရလို့ရှိရင် တပ်မတော်အုပ်ချုပ်ရေးသာလျှင် လက်ခံနိုင်ဖွယ်ရှိတယ်ဆိုတဲ့အမြင်မျိုး ရှိနေပုံရတယ်လို့ သူကတွေးပုံရပါတယ်။
ဒါကလည်း ဒီနှစ်ခုစလုံးကလည်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်တာကိုး။ ဗမာအများစုအတွက်က ဒီကိစ္စတွေရဲ့ ရိုက်ခတ်မှုက အကန့်အသတ်နဲ့ပဲရှိတယ်။ အဲဒီဒေသမှာ စစ်အုပ်ချုပ်ရေးဖြစ်တယ်ဆိုလည်း ဖြစ်ပေါ့။ ဗမာအများစုက သိပ်မှ  ဒီအရေးတွေရဲ့ ရိုက်ခတ်မှုက တိုက်ရိုက်မှ မသက်ရောက်တာ။
ဆိုတော့ မြန်မာ့တပ်မတော်က လောက်ကိုင်ကိစ္စမှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ ပုံမှန်အားဖြင့်ဆိုရင်တော့ ကိုယ့်ရန်သူကို တိုက်တယ်၊ ခိုက်တယ်ဆို ရင် အဲဒီရန်သူကို သေးသထက်သေးသွားအောင်၊ ကျဉ်းသထက်ကျဉ်းသွားအောင်၊ ချုံ့သထက် ချုံ့သွားအောင် သူ့ကို သင်းကွဲဖြစ်သွားအောင် လုပ်ပြီးတော့ သူ့ကို isolateလုပ်ပြီး narrowed-down လုပ်ပြီးချေမှုန်းပစ်ရမှာပဲ။ ဒါပေမဲ့ သူက ဘယ်လိုလုပ်လဲဆိုတော့ ရန်သူကိုချဲ့၊ ချဲ့ပစ်တာ တွေ့ရတယ်။ အဲဒါပဲ။ ဟိုတုန်းကဆိုရင် ကိုးကန့်မှာတောင်မှ နှစ်ဖွဲ့၊ သုံးဖွဲ့ကွဲနေတယ်။ ဟိုဘက်က မကောင်းတဲ့အဖွဲ့။ ဒီဘက်က ကောင်းတဲ့အဖွဲ့၊ဒါကြောင့်မို့ ကောင်းတာနဲ့ တွဲပြီးမကောင်းတဲ့အုပ်စုကို တွယ်ရတယ်။ ဒါမျိုး လုပ်နေရာကနေ ပြီးတော့ ကိုးကန့်၊ ပြီးတော့ တစ်ခါထပ်ပြီး ဒီမှာရှမ်းလည်းပါတယ်၊ ပလောင်လည်း ပါတယ်၊ ‘ဝ’ လည်းပါတယ် ၊ ကချင်လည်း ပါတယ်၊ တရုတ်ပါ ပါတယ်ဆိုပြီးတော့ သူကကိုယ့်ရဲ့ ရန်သူရဲ့ scope ကို ချဲ့ပစ်လိုက်တာ တွေ့ရတယ်။ ဒါစစ်ရေးအရ တော်တော်ထူးခြားတဲ့ သဘောလို့ သုံးသပ်လို့ရတယ်။ အဲဒါက ဘာကိုပြနေလဲဆိုတော့ တပ်မတော်ဟာ သံလွင်အရှေ့ခြမ်းတစ်ခုလုံးကို လိုရင်လိုသလို အကန့်အသတ်နဲ့ မတည်ငြိမ်မှုဖြစ်အောင် လုပ်ယူလို့ရတယ် ဆိုတဲ့သဘောမျိုးထားပုံရပါတယ်။ ဥပမာ - သံလွင်အရှေ့ခြမ်းတစ်ခုလုံးကို လိုရင်လိုသလို အကန့်အသတ်နဲ့ ထိုးစစ်ဆင်လို့ရတယ်။ အဲဒီ့လိုထိုးစစ်ဆင်လည်း ဗမာအများစုက ထူးခြားတဲ့အခြေအနေမို့လို့ လက်ခံဖွယ်ရှိတယ်ဆိုတဲ့သဘောမျိုး သွေးတိုးစမ်းခဲ့တယ်လို့ ထင်ပါတယ်။
အဲဒီလို လိုရင်လိုသလို အကန့်အသတ်နဲ့ မတည်ငြိမ်မှုကို ဖန်တီးတာဟာ ဘာဖြစ်နိုင်လဲဆိုတော့ ရွေးကောက်ပွဲကို ရွှေ့ချင်ရင်ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲပြီးလို့ ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ချင်ရင်ပဲဖြစ်ဖြစ် လုံလောက်တဲ့ အကြောင်းရင်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ပေါ်မှာ ဘာသာရေးအမျိုးသားရေးကို အခြေခံတဲ့လှုပ်ရှားမှုလည်း တစ်ခုရှိနေမယ်။ တစ်ခါ တိုင်းရင်းသားဒေသတွေမှာလည်း အကန့်အသတ်နဲ့မတည်ငြိမ်မှု လုပ်မယ်ဆိုရင် ဒါဟာလည်း အရေးပေါ်အခြေအနေ ကြေညာဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်နိုင်တယ်။
ဒီလိုဆိုရင်တော့ ဒီနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့လည်း ခက်နိုင်မယ်။ ရွေးကောက်ပွဲ ရွှေ့တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်လည်း ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း နောက်အစိုးရက ဒါကို ထိန်းဖို့၊သိမ်းဖို့ ခက်နိုင်တယ်။ ဆိုလိုတာက နောက်အစိုးရက အရပ်သားကတက်ပြီးတော့ သမ္မတလုပ်နေတဲ့အချိန်မှာ တပ်မတော်က တဒိန်းဒိန်းနဲ့ သံလွင်အရှေ့ခြမ်းမှာ ချနေမယ်။ စစ်အုပ်ချုပ်ရေးလုပ်နေမယ်ဆိုရင် ဘယ်လိုထိန်းသိမ်းမလဲ။ ဒါဟာ အဓိကပြဿနာပဲ။ အဲဒီ့တော့ ဒါဟာ တပ်မတော်အတွက် ဝှက်ဖဲလို့တောင် ပြောလို့မရပါဘူး။ ဗြောင်ကစားတဲ့ ဖဲတစ်ချပ်လို ဖြစ်နေပါတယ်။
မေး- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေးရည်မှန်းချက်က ဘယ်လိုဆိုတာ အဓိကဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်နေတယ်။ အဲဒီတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ နိုင်ငံရေးအာသီသအပေါ်  ဦးမင်းဇင်အနေနဲ့ ဘယ်လိုများသုံးသပ်မိသလဲ။
ဖြေ- သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်က နှစ်ခုပဲ။ တစ်ခုက ဒီ ၂၀၁၅ ရွေးကောက်ပွဲအပြီး သက်တမ်းသမ္မတဖြစ်မလား။ မဖြစ်ရဘူးဆိုရင် နောက်သက်တမ်းအထိ တပ်မတော်ကို ကာချုပ်အဖြစ်နဲ့ ဆက်ထိန်းသွားဖို့ပါပဲ။ အဲဒီလို ဆက်နေခွင့်ရဖို့ဆိုရင် သူ့ရဲ့ အငြိမ်းစားသက်တမ်းကို တိုးရမယ်။ အဲဒီတိုးဖို့အတွက်ကို အခု အုပ်ချုပ်ရေးအဖွဲ့က သဘောတူပုံရတယ်။ ကာလုံက သဘောတူပုံရတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ သူအငြိမ်းစား သက်တမ်းကို (၆၃) နှစ် ဒါမှမဟုတ်(၆၅) နှစ်လောက်ထိ ဆက်တိုးဖို့ ရှိတယ်။
အကယ်၍သာ ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်တည်းကိုပဲ ကွက်တိုးသည်ဖြစ်စေ၊  မြန်မာပြည်မှာရှိတဲ့ဝန်ထမ်းအားလုံးကို အငြိမ်းစားယူတဲ့ သက်တမ်းက ၆၃ (သို့မဟုတ်) ၆၅ တိုးသည်ဖြစ်စေ၊  အဲဒီလိုတိုးမယ်ဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတရာထူးကို ဒီ၂၀၁၅ မှာ မမျှော်လင့်ဘဲနဲ့ ၂၀၂၀မှ သူစဉ်းစားဖို့ ရှိပါတယ်။ အကယ်၍သာ (၆၃) တိုးမယ်ဆိုရင် သူ့ရဲ့အငြိမ်းစားသက်တမ်းပြည့်တာက၂၀၁၉ ဖြစ်ဖို့ရှိပါတယ်။ ဒါဆိုရင်သူ ၂၀၂၀ အတွက် ပြင်လို့ရနိုင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ သြဇာအရှိဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်ဟာ ကျွန်တော်တို့ နိုင်ငံရေးလေ့လာသူတွေအတွက် အရေးပါတဲ့ အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။  လက်ရှိအခြေအနေအတိုင်းဆိုရင်တော့ ၂၀၁၅မှာ သမ္မတဖြစ်ရေးထက် သူ့ရဲ့အငြိမ်းစားသက်တမ်းတိုးရေးက ပိုပြီးတော့ ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။
ကျွန်တော် ဒီနိုင်ငံကို  စရောက်ကတည်းက ၂၀၁၃ လောက်ကတည်းက ကျွန်တော်ပြောတာ တစ်ခုရှိပါတယ်။ နောက်တက်မယ့် အစိုးရမှာ အရပ်သားတွေကို အလှည့်ပေးသင့်တယ်။ နိုင်ငံရေးအသွင်ကူးပြောင်းမှု တည်ငြိမ်ဖို့ဆိုရင် အချက်သုံးချက်ပြည့်စုံဖို့ လိုတယ်လို့ ကျွန်တော်ပြောတာပေါ့။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဘာလဲဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့လူဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီးလို့ရှိရင် ငါသမ္မတဖြစ်နိုင်တယ်ဆိုတဲ့ ဒီတံခါးပေါက်ကထွက်ပြီး ဟိုတံခါးပေါက်က ပြန်ဝင်လို့ရတယ်ဆိုတဲ့  ကျွန်တော်တို့ ‘ revolving door’ လို့ခေါ်တာပေါ့။ ဆုံလည်တံခါးလိုမျိုး နိုင်ငံရေးရာထူးကို စဉ်းစားမယ်ဆိုလို့ရှိရင်တော့ မသင့်တော်ဘူးလို့ ကျွန်တော်ဆွေးနွေးခဲ့ဖူးတာရှိပါတယ်။ အခုဆိုရင်လည်း ဒါတပ်မတော်က အရင်ကထက်ပိုပြီးတော့ သြဇာလည်း ပိုကြီးလာတယ်။ သြဇာလည်း ပိုထူထောင်လာပုံရပါတယ်။ အသွင်ကူးပြောင်းရေးစခါစနဲ့ ယှဉ်မယ်ဆိုရင်ပေါ့။
မေး- အဲဒီလို တပ်ချုပ်သက်တမ်းတိုးမယ်ဆိုရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ခွင့်မရှိဘူး။ သမ္မတဦးသိန်းစိန်ကလည်း ဒီသက်တမ်းပြီးရင် အနားယူရတော့မယ်ဆိုတဲ့ သတင်းမျိုးထွက်နေတယ်။ ဆိုတော့ ၂၀၁၅ရွေး ကောက်ပွဲမှာ ဘယ်သူသမ္မတဖြစ်နိုင်ခြေရှိနေသလဲ။
ဖြေ- မှန်ပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ ခဏခဏပြောနေတဲ့ leadership vacuum ပေါ့ ခေါင်းဆောင်မှုလေဟာနယ်ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း နောက်တစ်ခါ သမ္မတအဖြစ်နဲ့ ပြန်အရွေးမခံဖို့က တော်တော်လေးကို သေချာသလောက်ဖြစ်နေပါတယ်။ ကာချုပ်ကလည်း အငြိမ်းစားသက်တမ်းတိုးမယ်ဆိုရင် သူ့ရဲ့နောက်သက်တမ်းကလည်း ဒီ၂၀၁၅ မှာ သမ္မတအဖြစ်နဲ့ အရွေးခံဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၅၉ (စ)အရ အခြေခံဥပဒေအရလည်း ရွေးကောက်ပွဲတော့ဝင်နိုင်တယ်။ ဒါပေမယ့် သမ္မတဖြစ်ခွင့်မရှိဘူးဖြစ်နေတာပေါ့။
ဒါဖြင့်ရင် ဖြစ်နိုင်ခြေအများဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ခိုင်ရေးပါတီ ညှိနှိုင်းပြီးတော့ ကြံ့ခိုင်ရေးပါတီထဲက ပုဂ္ဂိုလ်တစ်ဦးဦးကို ဒေါ်အောင်ဆန်းစုကြည်က ယာယီ (သို့မဟုတ်) ကာလတစ်ခုအထိ ထောက်ခံပေးတာမျိုးနဲ့ တင်ချင်တင်။ အဲဒီ့လိုမဟုတ်ရင် အင်န်အယ်လ်ဒီပါတီထဲက ဒုတိယတန်းစားခေါင်းဆောင်တစ်ယောက်ကို တင်ပေါ့။ အင်န်အယ်လ်ဒီပါတီထဲက ဒုတိယတန်းစားခေါင်းဆောင် တစ်ယောက်ကို တင်ဖို့ဆိုတာကလည်း မြန်မာပြည်ရဲ့ ပထဝီနိုင်ငံရေး အနေအထား၊  အဲဒီဒုတိယတန်းစားခေါင်းဆောင်ရဲ့အုပ်ချုပ်ရေး၊ ကျန်တဲ့စစ်ဘက်ရေးရာအတွေ့အကြုံတွေနဲ့ ပတ်သတ်ပြီးတော့ အကန့်အသတ်ရှိတဲ့အနေအထားတွေကြောင့် တပ်မတော်ရဲ့လေးစားမှုရဖို့၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လေးစားမှုရဖို့၊ တခြားအုပ်ချုပ်ရေးအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ဟာတွေဖြစ်ဖို့ ဆိုတာက မဖြစ်ဘူးလို့တော့မဟုတ်ပေမယ့် မေးခွန်းထုတ်စရာတွေ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီပါတီမှာက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းကပဲ မျက်နှာဖုံးလို ဖြစ်နေပြီးတော့ ဒုတိယတန်းစားခေါင်းဆောင်တွေကို ပွဲထုတ်တာမျိုး အင်မတန်နည်းပါတယ်။ အဲဒီအခါကျတော့ ဒါဟာအကဲဆတ်တဲ့ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေအများဆုံးက ကြံ့ခိုင်ရေးပါတီထဲက ခေါင်းဆောင်ဖြစ်တဲ့ အများတွက်ကြတာတော့ ဦးရွှေမန်းပေါ့။ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်သာ အင်န်အယ်လ်ဒီကသာ အကယ်၍ မဲအများစုအနိုင်ရမယ်ဆိုရင်း သူရဦးရွှေမန်းကို သမ္မတအဖြစ်နဲ့တင်တာ သူရဦးရွှေမန်းကနေပြီးတော့ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီးတော့ သက်တမ်းတစ်ဝက်မှာပဲဖြစ်ဖြစ် နောက်သက်တမ်းမှာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လမ်းခင်းပေးတာမျိုး၊ ဒါမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သတင်းတွေလည်း ထွက်ပါတယ်။  သုံးသပ်နေကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ကာယကံရှင်တွေကတော့ ငြင်းတာပေါ့။ အဲဒီ့တော့နိုင်ငံရေးဆိုတော့ ဘယ်သူဖြစ်မလဲဆိုတာ ပြောရခက်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအခင်းအကျင်းကတော့ ခေါင်းဆောင်မှုလေဟာ နယ်ဖြစ်နိုင်ခြေရှိတယ်။ အဲဒီလိုခေါင်းဆောင်မှု လေဟာနယ်ဖြစ်တယ်ဆိုရင် အဲဒီ့လေဟာနယ်ကိုဖြည့်ဖို့အတွက် အားထုတ်ကြမှာပဲ။ ဖြစ်နိုင်ခြေအများဆုံးကတော့ ကြံ့ခိုင်ရေးပါတီနဲ့ အင်န်အယ်လ်ဒီကြားထဲမှာ တစ်စုံတစ်ရာဆက်စပ်ပြီးတော့ မဟာမိတ်ပြုပြီးတော့ အဲဒီ့လေဟာနယ်ကိုဖြည့်ဖို့ အလားအလာပိုများတယ်လို့ သုံးသပ်တယ်။
မေး- သူရဦးရွှေမန်းက အလားအလာရှိတယ်ဆိုရင်တောင် လက်ရှိမှာက တပ်ချုပ်နဲ့ သမ္မတက နီးစပ်ပြီးတော့ သူရဦးရွှေမန်းက သတ်သတ်ဖြစ်နေတယ်။ သူတို့နှစ်ဦးနဲ့ ဦးရွှေမန်းကြား အရင်လိုနီးကပ်မှုမရှိဘူးဆိုတဲ့ပုံစံမျိုး လူထုကမြင်နေရတယ်။ သူရဦးရွှေမန်းသမ္မတဖြစ်လာရင် တပ်နဲ့အုပ်ချုပ်ရေးကြား အခုလို မနီးကပ်တော့ဘဲ  ခွာပြဲသွားတာမျိုး မဖြစ်နိုင်ဘူးလား။
ဖြေ- နှစ်ပိုင်းပေါ့လေ။ တပ်မတော်အနေနဲ့ကတော့ ရွေးကောက်ပွဲကိုလည်း မရွှေ့ဘူး။ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်ပြုမယ်လို့ ဆုံးဖြတ်တယ်ဆိုလို့ရှိရင် သူရဦးရွှေမန်းကို သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အခြေခံဥပဒေအရတော့ ဥပဒေကြောင်းကို သူလက်ခံမှာပဲ။
ဒါပေမဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေးကို ဖိပြီးတွန်းလာမယ်ဆိုရင် တပ်မတော်က ဘာလုပ်မလဲဆိုတာက အဲဒီတော့မှ အခြေခံပြဿနာပဲ။ အဲဒီတော့မှ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးရဲ့ တကယ့်အထွဋ်အထိပ်က အဲဒီမှာဖြစ်မယ်။
ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က ရွေးကောက်ပွဲကိုလည်း မရွှေ့ဘူး။ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်ပြုမယ်။ ဖြစ်နိုင်ခြေအများဆုံးက သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံမယ်ဆိုရင် သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် လမ်းခင်းပေးတဲ့အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို သူလုပ်ရလိမ့်မယ်။ အဲဒီလိုလုပ်တယ်ဆိုရင် တပ်မတော်က လက်ခံဖို့ခက်တယ်။ တပ်မတော်က ဘာဖြစ်နိုင်လဲ - ဥပဒေပေါ်မှာပဲအထိုင်ချပြီးတော့ သူက ဒါကိုငြင်းဆန်နိုင်တယ်။ အဲဒီအချိန်မှာ သူရဦးရွှေမန်းရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တပ်မတော်ရယ် ခေါင်းဆောင်ပိုင်းတွေ ဘယ်လိုအရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို ဖြေရှင်းမလဲဆိုတဲ့ကိစ္စက မြန်မာပြည်အတွက် အဆုံးအဖြတ်ဖြစ်နိုင်တယ်။
မေး- မြန်မာ့နိုင်ငံရေးကို တချို့ကပြောကြတာက နောက်ကြောင်းပြန်လှည့်မှာစိုးရိမ်တယ်ပေါ့။ ဒါပေမဲ့တချို့ကတော့လည်း နောက်ကြောင်းပြန်လှည့်စရာမလိုဘဲ အခုကဇာတ်မျောကြီးဖြစ်နေတယ်လို့ သုံးသပ်ပြန်တယ်။ ဒီအခြေအနေကနေ ထွက်ပေါက်ရောရှိလား။
ဖြေ- ကျွန်တော်ထင်တာက နောက်ကြောင်းတော့ပြန်လှည့်ဖို့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကြောင်းပြန်လှည့်စရာမလိုအောင်လည်း အခြေခံဥပဒေက အာမခံထားတာတွေရှိတာကိုး။ တပ်ကလိုအပ်ရင် အာဏာကိုလွှဲယူလို့ရတာတွေ ရှိတာကိုး။ ဖြစ်နိုင်တာတော့ မျောပြီးကြာမယ့် အကူးအပြောင်း ဖြစ်နိုင်ပါတယ်။ အဲဒီ့လိုဆိုရင် ဘယ်လောက်မျောမလဲ ဆိုတာကတော့ ခေါင်းဆောင်တွေ သဘောထားကြီးမှုနဲ့ ကျင်လည်မှုအပေါ်မှာ မူတည့်မှာပဲ။ ခေါင်းဆောင်တွေရဲ့ သဘောထားကြီးမှုနဲ့ ကျင်လည်မှုအပေါ်မှာ မူတည်ပြီးတော့ ဇာတ်မျောကြီးက ဘယ်လောက်မြန်မြန်နဲ့ ဇာတ်ပေါင်းထုတ်နိုင်မလဲ။ ဒါမှမဟုတ်လို့ရှိရင် ခေါင်းဆောင်တွေက ဒီလိုပဲ မျောပြီးနေမလား။ ဒါကတော့ စဉ်းစားစရာပဲ။ ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင် မျောပြီးကြာမယ့် အကူးအပြောင်း protracted transition လို့ မြင်ပါတယ်။
မေး- အဲဒီတော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု လက်ရှိအနေအထားက ဘယ်လိုရောက်နေတယ်လို့ ပြောနိုင်မလဲ။
ဖြေ- နိုင်ငံဟာ စိန်ခေါ်မှုတွေပဲ ရှိတယ်ဆိုတဲ့အနေအထားလား။ (သို့မဟုတ်) စိန်ခေါ်မှုတွေကနေ တဖြည်းဖြည်းနဲ့ အကျပ်အတည်းတစ်ခုဘက်ကို ရွှေ့ရွှေ့သွားနေတာလားဆိုတာ သုံးသပ်စရာဖြစ်ပါတယ်။ ကျွန်တော်မြင်တာကတော့ ရွေးကောက်ပွဲလိုကိစ္စဟာ အရေးပါတဲ့ကိစ္စလိုဖြစ်နေတဲ့အခါကျတော့ မြန်မာပြည်ဟာ ခေါင်းဆောင်ပိုင်းမှာလည်း နားလည်မှုမရှိဘူး။ အောက်ခြေမှာလည်း ဆင်းရဲမွဲတေမှု ပိုဆိုးနေတယ်၊ နိုင့်ထက်စီးနင်း မတရားမှုတွေလည်း ပိုပြင်းထန်နေမယ်ဆိုရင် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ အဲဒီ့အကျပ်အတည်းဘက်ကို ရွှေ့ရွှေ့သွားနေတယ်ထင်ပါတယ်။ အဲဒီလိုဖြစ်တယ်ဆိုရင်တော့ တိုင်းပြည်အတွက် ကောင်းဖို့သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့ ထွက်ပေါက်မဲ့နေတဲ့ အခြေအနေက အကြမ်းဖက်တဲ့ဟာတွေနဲ့ ထွက်ပေါက်ဖြစ်သွားနိုင်တယ်။
မေး- အဲဒါမျိုးတွေအတွက် ဘာလုပ်သင့်သလဲ။
ဖြေ- အဓိကကတော့ ခေါင်းဆောင်မှုပဲ။ အုပ်စိုးသူကြားထဲမှာ ညီရင်ညီ၊ မညီရင် အတိုက်အခံတွေကြားထဲမှာ ညီညီညွတ်ညွတ်နဲ့ ခေါင်းဆောင်မှုတစ်ခုတည်းအောက်မှာ ရှိရင်ရှိ။ ဒါမှမဟုတ်ရင်လည်း အုပ်စိုးသူနဲ့အတိုက်အခံကြားမှာ နှစ်ဖက်စေ့စပ်ပြီးတော့ ထွက်ပေါက်ရှာရင်ရှာ။ အခုဟာက အုပ်စိုးသူကြားထဲမှာလည်း မညီဘူး။ အတိုက်အခံကြားထဲမှာလည်း အတိုက်အခံခေါင်းဆောင်က လယ်သိမ်းမြေသိမ်း၊ ကျောင်းသားအရေးကနေပြီးတော့ တိုင်းရင်းသားအရေးအထိ ပြောသင့်ပြောထိုက်တာမပြောဘူးဆိုတဲ့ ခံစားချက်တွေ ရှိနေတယ်။ အောက်ခြေတော်တော်များများမှာ ပစ်ပယ်ခံထားရတယ်ဆိုတဲ့ ခံစားချက်တွေ ရှိနေတယ်။ အတိုက်အခံထဲမှာလည်း တပ်ပေါင်းစုလိုမျိုးအားလုံး ပါဝင်တဲ့ ပုံစံမျိုးက ပေါ်မလာဘူး။ ပေါ်လာဖို့လိုတယ်လို့လည်း အတိုက်အခံခေါင်းဆောင်က ခံစားရပုံမရဘူး။ ဆိုတဲ့အခါကျတော့ အတိုက်အခံထဲမှာလည်း inclusive ဖြစ်တဲ့coalition မပေါ်ဘူး။ အုပ်စိုးသူထဲမှာလည်း ကွဲပြဲပြီးတော့ inclusive ဖြစ်တဲ့ coalition က မပေါ်ဘူး။ မပေါ်တော့ institutions တွေ အားနည်းနေတဲ့ လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်တွေက အဲဒီလောက်ထိ အဆင့်အဆင့်ကွဲပြားနေတယ်ဆိုရင် ခေါင်းဆောင်အချင်းချင်းလည်း ဆက်စပ်ဖို့က မဆက်စပ်နိုင်ဘူး ဖြစ်နေတယ်ဆိုရင် ခက်တာပေါ့။ အဲဒီတော့ ဖြစ်နိုင်ခြေနည်းတဲ့ဟာကိုပဲ ထပ်မျှော်လင့်ရမလို ဖြစ်နေတယ်။ ခေါင်းဆောင်တွေ သဘောထားကြီးကြီးနဲ့ ကျွမ်းကျင်မှုရှိရှိ၊ ကျင်လည်မှုရှိရှိနဲ့ ဆွေးနွေးတိုင်ပင်အဖြေရှာဖို့ပဲပေါ့။ အဲဒီလိုပြောရင် သိပ်စိတ်ကူးယဉ်ဆန်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနည်းလည်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့် survival ကိုယ့်ရပ်တည်ရေးအတွက် ပိုဇောင်းပေးပြီး လုပ်နေကြတယ်လို့ထင်ရတယ်။ အပြောကတော့ ပြောကြမှာပေါ့။ ပြည်သူလူထုအတွက် အများအတွက်ပေါ့။ ဒါပေမဲ့ကြည့်ရတာ အားလုံးက ကိုယ်စီကိုယ်ငကိုယ့်ရဲ့ဂိုဏ်းဂဏ၊ ကိုယ့်အကျိုးစီးပွားအတွက် ပိုပြီးတွန်းတင်နေတယ်လို့ထင်တယ်။ အဲဒီ့လိုအခြေအနေမျိုးအောက်မှာတော့ မြန်မာပြည်အခြေအနေက ကားတိုက်တာကို slow-motion နဲ့ကြည့်နေရသလိုပဲ။ အဲဒီလိုပဲ ဖြစ်မှာပဲ။ တိုင်းပြည်အတွက်တော့ မကောင်းဘူး။ ဖြစ်နိုင်တာကတော့ ပြည်သူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ပါတီဝင်တွေ၊ စာနယ်ဇင်းတွေက ပိုပြီးတော့ နိုးနိုးကြားကြားနဲ့ အစိုးရရော၊ အတိုက်အခံရော ခေါင်းဆောင်တွေအကုန်လုံးကို ဒီထက်ပိုနိုးနိုးကြားကြားနဲ့ ဝေဖန်တာပြောဆိုတာ ထောက်ပြတာ၊ အများပြည်သူသဘောထားကို ခေါင်းဆောင်တွေသိအောင် ဖော်ထုတ်ပေးတာမျိုး၊ အများပြည်သူနစ်နာနေမှုတွေ ခေါင်းဆောင်တွေသိအောင် ဖော်ထုတ်ပေးတာမျိုး လုပ်နိုင်ရင်တော့လည်း ခေါင်းဆောင်တွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားချိန်ပိုရမယ်ထင်ရတာပါပဲ။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
7Day Daily 

No comments:

Post a Comment