၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ (၁၀)၊ (၁၁)နှင့် (၁၂) တို့တွင် ““အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”” အား ဖော်ပြထားပါသည်။ ထိုဥပဒေကြမ်း၏ အပေါ်ပိုင်း၌ ““၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ National Net Work for Education Reform (NNER) ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များ (၄) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးစဉ် လွှတ်တော်သို့ တင်ပြရန် သဘော တူညီခဲ့ကြသည့် National Net Work for Education Reform (NNER) ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာ ဒေါ်ညိုညိုသင်းနှင့် ဦးအောင်ဆန်းမှိုင်းတို့ ရေးဆွဲ လက်မှတ် ရေးထိုးထားသည့် အမျိုးသား ပညာရေးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် အတွက် ဖော်ပြခြင်း”” ဆိုသည့် ခေါင်းစီးစာတမ်း ပါရှိပါသည်။ ထိုဥပဒေကြမ်းကို ဖတ်ရခြင်းကြောင့် အကြံပြုချက် အချို့ကို ပေးပို့လိုသည့် ဆန္ဒဖြစ်ပေါ်မိပါသည်။
၂၅.၂.၂၀၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မျက်နှာဖုံးတွင် ““အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အပေါ် အကြံပြု ဆွေးနွေးလိုသည့် လူပုဂ်္ဂိုလ်နှင့် အဖွဲ့အစည်းများကို အမျိုးသား လွှတ်တော် ၌ ကြားနာမည့် အစီအစဉ်ကို ဖတ်ရပါသည်။ ထို့ကြောင့် မိမိ၏ အကြံပြုစာကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကြီးထံ လိပ်မူ၍ ဆက်သားဖြင့် ၃.၃.၂၀၁၅ နေ့တွင် ပေးပို့ခဲ့ပါသည်။
ကျွန်တော်၏ အကြံပြုချက်ကို အမျိုးသား လွှတ်တော် ခန်းမကြီး၌ (၁၅.၃.၂၀၁၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကြားနာမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ရုံးမှ တာဝန် ရှိသူများက စာရေးသူထံသို့ အကြောင်း ကြားခဲ့ပါသည်။ ထို့ကြောင့် (၁၅.၃.၂၀၁၅) ရက်နေ့တွင် ကျင်းပသည့် ကြားနာပွဲသို့ စာရေးသူ တက်ရောက်ခဲ့ပါသည်။
ကြားနာပွဲတွင် ကြားနာသူ အဖြစ် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် ကော်မတီဝင်များ၊ အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ ကော်မရှင် အတွင်းရေးမှူး ဦးကြည်နှင့် ကော်မရှင် အဖွဲ့ဝင်များ စုစုပေါင်း (၃၀) ဦး တက်ရောက်ပါသည်။
တင်ပြ ဆွေးနွေးသူများ ဘက်မှ ဒေါက်တာသန်းဦး (ဥက္ကဋ္ဌ၊ ပညာတန်ဆောင် အုပ်ချုပ်ရေး အဖွဲ့)၊ ဒေါ်ခင်ခင်ဆက် (ဒါရိုက်တာ၊ ရွှေနှင့်မြ သတ္တုတူးဖော်ရေး ကုမ္ပဏီ)၊ ဦးငွေတိုး (ဦးစီးအရာရှိ၊ အမှတ် (၁) အခြေခံပညာ ဦးစီးဌာန)၊ ဦးဇော်ဖေ၀င်း (ဥက္ကဋ္ဌ၊ ပန်တိုင်းပညာရေး ဖောင်ဒေးရှင်း)၊ ဦးတင်ဝင်း( တရားလွှတ်တော်ရှေ့နေ၊)၊ ဦးမင်းဇော် (ဒုတိယဥက္ကဋ္ဌ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ)၊ ဦးမြင့်ဦး ( သင်တန်းဆရာ၊ ပြည့်မော်ကွန်း ပညာရေး နည်းပြ)၊ ဒေါ်ယုယုခိုင် (မန်နေဂျင်း ဒါရိုက်တာ၊ Zillion Successes Co.,Ltd) ၊ ဦးရှိန် (ဘဏ်ဥပဒေ အကြံပေး)၊ ဦးဝင်းကိုကိုလတ် (ဥက္ကဋ္ဌ၊ မြန်မာ့ အမျိုးသားရေး ကွန်ရက်)၊ ဦးဝင်းမြင့်မောင် (အငြိမ်းစား ပညာရေး ၀န်ထမ်း)၊ ဦးဟန်ညွန့် (ဥပဒေ ပညာရှင်)၊ ဦးအောင်ကိုကိုထွေး (စီမံကိန်း ညှိနှိုင်းရေးမှူး၊ အာဒရာ မြန်မာ) နှင့် ဦးအောင်မြင့် (အငြိမ်းစား မြေစာရင်းဌာန) တို့ တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးမှုမှာ အချိန် အကန့်အသတ် ရှိသည်မှ အပ ဥပဒေကြမ်းနှင့် ပတ်သက်၍ မိမိတို့ ဆွေးနွေးလိုသည့် အကြောင်းအရာများကို လွတ်လွတ် လပ်လပ် ပြောဆိုခွင့် ရှိပါသည်။ မှတ်တမ်းတင် ဓာတ်ပုံနှင့် ဗွီဒီယိုများကိုလည်း လွတ်လပ်စွာ ရိုက်ယူနိုင်ပါသည်။
စာရေးသူက အကြံပြုချက် သုံးခု တင်ပြခဲ့ပါသည်။ ပထမအချက်မှာ ဥပဒေ၏ အမည်နာမကို ““မြန်မာနိုင်ငံတော် ပညာရေး ဥပဒေ (သို့မဟုတ်) ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံတော် ပညာရေးဥပဒေ”” ဟု အမည်သစ်ဖြင့် ပြောင်းလဲ ခေါ်ဝေါ်သင့်ကြောင်း၊ ဒုတိယအချက်မှာ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အခန်း (၁)၊ ပုဒ်မ (၁)၊ ပုဒ်မခွဲငယ် (ခ) တွင် ““ဤဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးသည့် နေ့တွင် အတည်ဖြစ်သည်”” ဆိုသော ပြဋ္ဌာန်းချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပြင်ဆင်သင့်ကြောင်း၊ တတိယ အချက်မှာ ထိုဥပဒေကြမ်း ပုဒ်မ - ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (ငင) တွင် ပြဋ္ဌာန်းထားသည့် ““လွတ်လပ် စွာ သုတေသနပြုခွင့်ရှိ၍ သုတေသန တွေ့ရှိချက်များကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်”” ဆိုသည့် ပြဋ္ဌာန်းချက်၏ အရှေ့တွင် ““လောကအကျိုးကို ထိခိုက်မှုမရှိပါက”” ဆိုသည့် စကားရပ်ကို ထည့်သွင်းသင့်ကြောင်း၊ အကြံပြုခဲ့ခြင်း ဖြစ်သည်။ စာလေးမည် စိုးသဖြင့် ရှင်းလင်းချက်များကို ဖော်ပြခြင်းမပြုဘဲ ထားခဲ့ပါသည်။
ယခုဆောင်းပါးကို ရေးလိုခြင်း၏ အဓိက အကြောင်းမှာ အဆိုပါ ဥပဒေကြမ်းနှင့် တစ်ဆက် တစ်စပ်တည်း ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြကျောင်းသား၊ ကျောင်းသူများ၏ အရေးကိစ္စဖြစ်ပါသည်။ ထိုကိစ္စကို အကောင်းမြင် ရှုထောင့်မှ တင်ပြခွင့်ပြုပါရန် စာရေးသူက အမျိုးသား လွှတ်တော်ကြီးထံသို့ ခွင့်ပြုချက် တောင်းခံပြီးမှ ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
““လွှတ်တော် အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ နိုင်ငံတော် အစိုးရအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ကျောင်းသား၊ ကျောင်းသူများနဲ့ ကျောင်းသား၊ ကျောင်းသူများကို စာနာကူညီခဲ့ကြတဲ့ လူပုဂ်္ဂိုလ်နဲ့ အဖွဲ့အစည်းများက ကျွန်တော့်ရဲ့ တင်ပြချက်ကို ရင့်ကျက်တဲ့ နှလုံးသားနဲ့ ကြားနာပေး ကြပါလို့ အလေးအနက် ပန်ကြားလိုပါတယ်။
မြန်မာနိုင်ငံ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆို ရင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အတွက် အကျိုးထူးများ ရရှိစေတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ကြိုးစားမှုကြောင့် နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တယ်။ ကျောင်းသားတွေ ကြိုစားမှုကြောင့် ဒီကနေ့ တိုင်းသစ် ပြည်သစ် ထူထောင် နိုင်ခဲ့ပါတယ်။ ဒါတွေဟာ သမိုင်းမှာ အထင်အရှား ရှိတယ်။
ဒါပေမဲ့ ဒီကျောင်းသားတွေမှာ နာကျင်တဲ့ ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကို ပြန်ကြည့်မယ်ဆိုရင် ဆယ်ဗင်းဂျူလိုင် (၇ဲကူပ) လိုကိစ္စမျိုး၊ ဦးသန့် ကိစ္စ၊ (၈၈) အရေးအခင်းကိစ္စ၊ ဒါတွေဟာ ကျောင်းသားတွေရဲ့ နှလုံးသားကို ပြင်းထန်စွာ နာကျင်စေတဲ့ ဖြစ်ရပ်တွေပါပဲ။ ဒီလို နာကျင်မှုတွေဟာ နောက်ဆုံးတော့ တိုင်းပြည် ပျက်စီးခြင်းကို ဦးတည်ခဲ့တယ် ဆိုတာ သမိုင်းက သက်သေပါပဲ။ ဒါကြောင့် ကျောင်းသားတွေနဲ့ အုပ်ချုပ်သူတွေရဲ့ကြားမှာ နာကျည်းမှုတွေ ဖြစ်စေမယ့် အခြေအနေတွေ မရှိအပ်တော့ဘူး ဆိုတာကို အားလုံးက နားလည် လက်ခံကြမှာပါ။
ဒီနေ့ အချိန်အခါဟာ စနစ်သမ်၊ မူသစ်နဲ့ တိုင်းပြည်ကို ထူထောင်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အရင်ကရှိခဲ့တဲ့ အာဃာတတွေကို သင်ပုန်းချေပြီးတော့ တိုင်းသစ် ပြည်သစ် ဖြစ်ပေါ်လာအောင် ပူးပေါင်း ဖော်ဆောင်နေတဲ့ ကာလ ဖြစ်ပါတယ်။ ဒိလိုအချိန်မျိုးမှာ ကျောင်းသားတွေနဲ့ အုပ်ချုပ်သူတွေ ကြားမှာ ရှေးယခင်ကလို အတိတ်ဆိုးမျိုးတွေ ထပ်ပြီး မပေါ်ပေါက်အောင် ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ကို ကောင်းစားစေလိုတဲ့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
ဒါကြောင့်(၅.၃၂၀၁၅) နေ့က ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ ကျောင်းသားတွေ တွေ့ကြုံ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့(၁၀.၃.၂၀၁၅) ရက်နေ့က လက်ပံတန်းမြို့မှာ ကျောင်းသားတွေ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ကျောင်းသားတွေ အတွက် သမိုင်းမှာ ကြုံဘူးတဲ့ အတိတ်ဆိုးမျိုးတွေ မဖြစ်စေသင့်ပါဘူး။ နာကျည်းမှု အသစ်တွေ မဖြစ်စေသင့်ပါဘူး။
ဒီဖြစ်စဉ်တွေကြောင့် ကျောင်းသားတွေရဲ့ ရင်ထဲမှာ တစ်စုံတစ်ရာသော ထိခိုက်ခံစားမှုတွေ ဖြစ်ရမယ်ဆိုရင် အဲဒီ ခံစားချက်တွေကို အပြီးတိုင် အေးငြိမ်း ရှင်းလင်းသွားအောင် ပြန်လည် ကြိုးစားသင့်ပါတယ်။ နာကျည်းမှုတွေ ရှည်ကြတာဟာ တိုင်းပြည်ကို အကျိုးမပြုပါဘူး။ ဒါကြောင့် နိုင်ငံတော် အစိုးရ မင်းများကလည်း မိမိတို့ရဲ့ဂုဏ်ဒြပ်ကို ထိခိုက်မှု မရှိစေဘဲ ကျောင်းသားတွေကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ပြန်လည် ထွေးပွေ့ပေး စေချင်ပါတယ်။
ကျောင်းသားများကလည်း ရင့်ကျက်တဲ့ နှလုံးသားနဲ့ လက်ခံ ပေးစေချင်ပါတယ်။ မိမိတို့ရဲ့ တိုင်းပြည်ကောင်း စားစေလိုတဲ့ စိတ်ကို လက်ကိုင်ထားပြီး၊ တိုင်းပြည် ထိခိုက် သွားစေမယ့် ကိစ္စမျိုး၊ မိမိတို့ ကျောင်းသားများရဲ့တိုးတက်ရေးကို ထိခိုက် သွားစေမယ့် ကိစ္စမျိုးတွေကို ဆင်ခြင်ဥာဏ် ကြီးမားစွာနဲ့ ရှောင်ရှား သင့်ပါတယ်။ အကယ်၍ မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဟာ နာကျင်မှုကို ဖြစ်စေခဲ့တယ်ဆိုရင် အဲဒီနာကျင်မှုတွေကို အကောင်းဘက်ကို လှည့်ပြီး အသုံးပြုစေ လိုပါတယ်။
ဒီကနေ့ နာကျင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေဟာ နောင်တစ်ချိန်မှာ အုပ်ချုပ်သူတွေ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ မိမိတို့လိုပဲ လိုအင်ဆန္ဒတွေကို တောင်းဆို ကြမယ့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူတွေ ပေါ်လာဦးမှာဖြစ်ပါတယ်။ အဲဒီအချိန်ကိုရောက်ရင် အဲဒီ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေကို မျက်မှောက် ကာလမှာ မိမိတို့ ခံစားသလိုမျိုး၊ သူတို့ မခံစားရအောင်၊ မနာကျည်းရအောင် ကာကွယ် ပေးကြရပါမယ်။ နာကျင်မှုကို ဖြစ်စေမယ့် အရာတွေကို သမိုင်းသစ်မှာ အပြီးတိုင် ဖျက်သိမ်း ပစ်ရပါမယ်။
အဲဒီ အခြေအနေကို ရောက်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ဟာ လူလား မြောက်လာပြီး၊ ရင့်ကျက်လာပြီလို့ ကမ္ဘာက လက်ခံ လာကြပါလိမ့်မယ်။
အစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲကို လွှတ်တော်ကြီးတွေက ၀င်ရောက် စွက်ဖက်ခြင်း မပြုရဘူးဆိုတာကို အား လုံးက လက်ခံနားလည်ကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို အကျိုးယုတ်စေမယ့် နာကျည်းမှုတွေ အဆုံးသတ်ပျောက် ကွယ်သွားအောင် အစိုးရနဲ့ ကျောင်းသားတွေကြားမှာ စည်းရုံးဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကို ထောက်ရှုပြီး““ နာကျင်မှုများမှသည် ချစ်ခင်မှုများဆီသို့”” ကူးပြောင်းစေရန် အတွက် ကူညီသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ကျောင်းသားများကို စာနာ ကူညီကြတဲ့ ပုဂိ္ဂုလ်များနှင့် အဖွဲ့အစည်း အပေါင်း တို့ကလည်း အလားတူ ကူညီသင့်ပါကြောင်း ပန်ကြားအပ်ပါတယ်။
ဒီနေ့ အချိန်အခါမှာ ပြိုကွဲခြင်းဟာ တိုင်းပြည်ရဲ့ “အဆိပ်” ဖြစ်ပါတယ်။ စည်းစည်းလုံးလုံး ပူးပေါင်း နေထိုင်ခြင်းက “ပျားရည်” ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသူ နိုင်ငံသား အားလုံး ချစ်ခင်စည်းလုံးစွာနဲ့၊ နိုင်ငံတော်ကြီးကို ယုံယုံကြည်ကြည်နဲ့ ထူထောင်ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
စာရေးသူက အထက်ပါ ဆွေးနွေးချက်များကို တင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော် အတွင်း ပဋိပက္ခများ ပေါ်ပေါက်ခြင်း မရှိဘဲ အေးငြိမ်းခြင်းက တိုင်းပြည်အတွက် အကျိုးရှိကြောင်းကို အများပြည်သူများ အားလုံးသို့ မျှဝေလိုခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ဤဆောင်းပါးကို ထပ်ဆင့် ရေးသားရခြင်း ဖြစ်ပါသည်..။
ဦးတင်ဝင်း (တရားလွှတ်တော်ရှေ့နေ)
Messenger News Journal
No comments:
Post a Comment