Tuesday, May 26, 2015

လော်ခီးလာမှာ သတင်းကောင်း ကြားရမလား ?


လော်ခီးလာဆိုတာ KNU အဖွဲ့ရဲ့ နယ်မြေအတွင်းက ဒေသတစ်ခုဖြစ်ပါတယ်။ အဲဒီနေရာမှာ မြန်မာနိုင်ငံအတွက် အလွန် အရေးပါတဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု မကြာမီရက်ပိုင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ လက်ရှိ ဒီမိုကရေစီအသွင် ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သက်တမ်းဟာ လေးနှစ်ကျော်ကာလသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီ ရွေးကောက်ပွဲတွေ ကျင်းပပြီး တိုင်းပြည်တာဝန်ကိုလည်း ဘယ်သူတွေက လက်ဆင့်ကမ်း ထမ်းဆောင်ကြဦးမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ စိတ်ဝင်စားနေကြတာလည်း အမှန်ပဲဖြစ်ပါတယ်။

အဲဒီလိုပဲ နောက်ထပ်စိတ်ဝင်စားစရာ ကောင်းနေတဲ့ အချက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စဖြစ်ပါတယ်။ အပစ်ရပ်ကိစ္စ အတွက် လော်ခီးလာမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်လို့ သတင်းကောင်းကြားရမလားဆိုပြီး မျှော်လင့်နေကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ လော်ခီးလာမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ အစိုးရနဲ့ NCCT အဖွဲ့တို့ သဘောတူလက်မှတ်ထိုးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ( NCA) မူကြမ်းကို တိုင်းရင်းသားခေါင်းဆောင်တွေက ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
အပစ်ရပ်စာချုပ်ကို အပြီးသတ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ရင်ခုန်စိတ်လှုပ် ရှားစရာ အရေးကြီးတဲ့ အခိုက်အတန့်လို့လည်း ပြောနိုင်ပါတယ်။ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးဖို့ အနှုတ်လက္ခဏာလား၊ အပေါင်း လက္ခဏာလားဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ်မှာ မူတည်နေပါတယ်။
ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ NCCT ဘက်က ၎င်းတို့ရဲ့ အဖွဲ့ ၀င်တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA သုံးဖွဲ့ကို ထည့်သွင်းလက်မှတ်ထိုးဖို့ အစိုးရဆီ ပြောထားတာရှိပါတယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ဟာ အစိုးရက ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ လက်ခံတွေ့ဆုံဖို့ ငြင်းပယ်ထားတဲ့အဖွဲ့တွေ ဖြစ်တာကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှုအတွက် အဟန့်အတားတစ်ခုလို ဖြစ်နေရပါတယ်။
“ အဲဒီ ၃ ဖွဲ့လုံးက NCCT အဖွဲ့ဝင်ဆိုတာ မှန်တယ်၊ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကို အစိုးရဘက်က လက်မခံနိုင်ဘူး လို့ ပြောထားတာပဲ၊ MNDAA ဆိုရင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်တိုက်တာလေ၊ ဒါဟာ နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးစော်ကားတာပဲ၊ လက်ခံနိုင်စရာ အကြောင်းမရှိဘူး၊ TNLA နဲ့ AA ဆိုရင်လည်း အစိုးရက လက်မခံဘူးလို့ ပြောထားပါရက်နဲ့ MNDAA ဘက်ကနေ ကူတိုက်ပေးတာ၊ အဲဒီ ၃ ဖွဲ့ကို NCCT အနေနဲ့ အဓိကထားနေမယ်ဆိုရင် ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမှာပဲလို့ မြင်တယ် ” ဟု နိုင်ငံရေးနှင့် စစ်ရေး လေ့လာစောင့်ကြည့်ရေးသားသူ သတင်းထောက်တစ်ဦးက ဆိုပါတယ်။
လော်ခီးလာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို၊ MNDAA၊ TNLA ၊ AA သုံးဖွဲ့ပါဝင်ရေး တောင်းဆိုမှုများက အစိုးရနဲ့ NCCT ကြား အထင်အမြင်လွဲမှုများ ဖြစ်ပေါ်စေနိုင်ပြီး၊ ယင်းတွေ့ ဆုံပွဲသို့ UWSA နဲ့ NDAA အဖွဲ့တို့ မတက်ရောက်ခြင်းကလည်း အပစ်ရပ်စာချုပ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ငြိမ်းချမ်းရေးလိုလားသူ ခေတ်ပညာတတ် ဆရာဝန်တစ်ဦးကလည်း အခုလို ပြောကြားသွားပါတယ်။
“ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စဆိုတော့ ကျွန်တော်တို့နဲ့လည်း ဆိုင်တယ်ထင်လို့ ဝေဖန်အကြံပြုကြည့်တာပါ၊ အပစ်ရပ်စာ ချုပ်က အဆုံးသတ်သင့်နေပြီ၊ ရွေးကောက်ပွဲတွေ မစခင် အပြီးဖြတ်သင့်တာ၊ အစိုးရဘက်ကတော့ အမြန်ဆုံး ပြီးချင်တဲ့ အရိပ်အယောင်တွေ့ရတယ်၊ တိုင်းရင်းသားတွေဘက်က အချိန်ဆွဲနေသလိုပဲ၊ ပြီးတော့ မညီဘူးဗျ၊ MNDAA၊ TNLA ၊ AA တို့ကို ဆွဲထည့်နေတာဟာ အချိန်ဆွဲတာပဲ၊ ဒီကြားထဲ ‘၀’ နဲ့ မိုင်းလားက မတက်ဘူးလို့ ပြောတယ်၊ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ဆိုင်တယ်၊ သူတို့လည်း ပါဝင်လက်မှတ်ထိုးရမှာပေါ့ ”
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် MNDAA အဖွဲ့အား NCCT ဘက်က လက်မှတ်ရေးထိုးခွင့် ရစေချင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖုန်ကြားရှင်အပေါ် ယုံကြည်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုမှုတွေ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက လောက်ကိုင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖုန်ကြားရှင် ဘယ်လိုလူစားလဲဆိုတာ သတိပြုစရာပါ။ ကိုးကန့် ဒေသ စစ်မီးတောက်လောင်ခဲ့ပေမယ့် ကိုယ့်ဒေသအရေး ကိုယ့်အစိုးရကသာ ဖြေရှင်းပေးခဲ့ရတာပါ။ MNDAA ကိုလက်မှတ် ထိုးခွင့်ပေးတယ်ပဲထားပါ။ ပြဿနာဖြစ်လာရင် အာမခံချက် ဘယ်သူပေးမလဲဆိုတဲ့ အချက်က မဖြစ်မနေထည့်သွင်းစဉ်းစား ရမယ့် အချက်ဖြစ်နေပါတယ်။
“ ဖုန်ကြားရှင်ကို ဘယ်လိုယုံရမလဲ၊ သူ့ကို မယုံရင် MNDAA အဖွဲ့ကို လက်ခံစရာအကြောင်းမရှိဘူးပေါ့၊ ၂၀၀၉ တုန်းက ဖုန်ကြားရှင်အဖွဲ့ ထွက်ပြေးသွားတယ်၊ ကိုးကန့်ဒေသကို မနည်းအဖတ်ဆယ်ခဲ့ရတာ၊ ၂၀၁၂ ခုနှစ်မှာ သမ္မတက သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။ ဟောအခု ၂၀၁၅ မှာ ကိုးကန့်ကို ပြန်တိုက်တယ်၊ အဲဒီလို အမျိုးသား သစ္စာဖောက်တစ် ယောက်ကို ငြိမ်းချမ်းရေးစကားပြောစရာမလိုဘဲ အမြစ်ပြတ်တိုက်သင့်တယ်လို့ပဲ မြင်တယ်၊ NCCT ဆိုတာကလည်း သူတို့ အခွင့်အရေးရဖို့ အဲဒီ ၃ ဖွဲ့ကို အသုံးချနေတာ၊ တကယ်တမ်း ဖြစ်လာတော့ဘာမှ တာဝန်ယူနိုင်တာ မဟုတ်ဘူး ” ဟု နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်တစ်ဦးက ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်အတွက် အစိုးရဘက်က စိတ်ရှည်သည်းခံပြီး လုပ်ရင်ရော တိုင်းရင်းသားတွေဘက်က ငြိမ်းချမ်းရေးကို တကယ်လိုလိုလားလား ယူမှာလားဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာမီ ကျင်းပပြုလုပ်မယ့် လော်ခီးလာ ဆွေးနွေးပွဲမှာ ပြည်သူတွေမျှော်လင့်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သတင်းကောင်းလေးပဲ ကြားချင်ပါတယ်။ အဲဒီသတင်းကောင်း ကြားရမလား ဆိုတာ ကတော့ ဆက်လက်စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။
နေရှိုင်း
အင်းလေးမီဒီယာ

No comments:

Post a Comment