Saturday, May 30, 2015

ပါကစ္စတန်တွင် သေနတ်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို ပစ်သတ်

ပါကစ္စတန်နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် အနောက်ပိုင်း ကွီတာမြို့မှ တောင်ဘက်ကမ်းခြေ ကရာချိသို့ ဦးတည် မောင်းနှင်နေသော ဘတ်စ်ကားများကို သေနတ်သမားများက အဓမ္မ တားဆီးပြီး ခရီးသည်များကို ဖမ်းဆီးခဲ့ခြင်းဟု ဘာလူချီစတန် ဒေသ အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့သည်။

မေ ၂၉ ရက် ညပိုင်းက ကွီတာမှ တောင်ဘက် ကီလိုမီတာ ၄၀ မျှအကွာ မက်စ်တွန်မြို့အနီး ဖြစ်ပွားသည့် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဘာလူချီစတန် အုပ်ချုပ်ရေးမှူး ဆာဖာရက်ဇ် ဘွတ်ဂ်တီက “သေနတ်သမားတွေက လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းတွေကို အယောင်ဆောင် ဝတ်ဆင်ထားတာပါ”ဟု ပြောကြားခဲ့သည်။ ဘတ်စ်ကား နှစ်စီးမှ အနည်းဆုံး လူ ၂၅ ဦးကို သေနတ်သမားများက ဖမ်းဆီးသွားသည့်နောက် သက်ဆိုင်ရာက ၎င်းတို့ကို စစ်ဆင်ရေး တစ်ရပ်ဖြင့် လိုက်လံ ရှာဖွေခဲ့သည်။ သို့သော် အနီးရှိ တောင်ခြေတစ်နေရာတွင် ရုပ်အလောင်း ၁၉ လောင်းကို ပြန်လည် တွေ့ရှိခဲ့သည်။

ကျန်ခရီးသည်များအနက် တစ်ဦးမှာ ဒဏ်ရာရထားပြီး ငါးဦးကို ဘေးမသီရန်မခ ကယ်တင်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။ ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့် အကြမ်းဖက် အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်အဖြစ် မကြေညာသေးသလို အကြမ်းဖက်မှု ကျူးလွန်သည့် ရည်ရွယ်ချက်ကိုလည်း တိတိကျကျ မသိရသေးချေ။

ပါကစ္စတန်တွင် တာလီဘန်တို့ အပါအဝင် အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင် စစ်သွေးကြွများသည် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိသည်။ ယခုလ အစောပိုင်းကလည်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)တို့၏ မဟာမိတ်အဖြစ် ကြေညာထားသည့် စစ်သွေးကြွ အဖွဲ့တစ်ခုက ကရာချိမြို့တွင် ဘတ်စ်ကားတစ်စီးကို တိုက်ခိုက်ရာ လူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

Ref: NDTV

No comments:

Post a Comment