Thursday, May 7, 2015

လပွတ္တာ နာဂစ်ဒုက္ခသည်များ အမြန်ဆုံး ဖယ်ရှားရန် သတိပေးစာထုတ်


လပွတ္တာမြို့ အနီးရှိ ၃ မိုင်မြို့သစ်တွင် တဲအိမ်များ ဆောက်လုပ် နေထိုင်ကြသည့် နာဂစ် ဒုက္ခသည်များ၏ နေအိမ်များအား အမြန်ဆုံး ဖယ်ရှားပေးရန် လပွတ္တာမြို့နယ် အုပ်ချုပ်ရေးရုံးက မေ ၆ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“သတိပေးစာကို မနေ့က ညနေပိုင်းမှာ ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းနဲ့ ရဲတချို့က လာပေးသွားတယ်။ အိမ်တွေမှာလည်း စာတွေ ကပ်သွားတယ်” ဟု ထိုကျုးကျော်တဲများတွင် နေထိုင်သည့် နာဂစ်ဒုက္ခသည် ကိုဆန်းဦးက ဧရာဝတီကို ပြောသည်။

လပွတ္တာမြို့နယ် အုပ်ချုပ်ရေးရုံးက ပေးပို့သောစာတွင် “ ဤသို့ တရားမ၀င် ဆောက်လုပ် နေထိုင်မှုကြောင့် နယ်မြေ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာနိုင်သည့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာနိုင်သဖြင့် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် အမိန့် တစုံတရာ မရှိဘဲ အိမ်ရာ ဆောက်လုပ် နေထိုင်ခြင်း မပြုရန်၊ ဆက်လက် ဆောင်ရွက်ပါက တည်ဆဲ ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်သည် ” ဟု ရေးသား ဖော်ပြထားကြောင်း ၎င်းက ဆိုသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီးနောက် နေစရာ အခက်အခဲ ဖြစ်နေသည့် လပွတ္တာမြို့ အတွင်းမှ ဒေသခံ အချို့သည် လပွတ္တာ ၃ မိုင်မြို့သစ်တွင် အိမ်မြေကွက်များ ချထားပေးပါရန် ဧရာဝတီတိုင်း အစိုးရထံ တောင်းဆိုခဲ့သော်လည်း အချိန် ၂ နှစ် ကျော် ကြာသည်အထိ ချထားစီမံပေးခြင်း မရှိသည့် အတွက် ဒုက္ခသည်များသည် ၃ မိုင်မြို့သစ် အတွင်း၌ ပြီးခဲ့သည့် မတ်လ ၂ ရက် ညပိုင်းမှ စတင်ကာ ၎င်းတို့ အစီအစဉ်ဖြင့် တဲအိမ်များ ၀င်ရောက် ဆောက်လုပ် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတိပေးစာ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး နာဂစ်ဒုက္ခသည် ဒေါ်ခင်ဌေးက “ကျမတို့တော့ အိမ်တွေဖျက်ပြီး တခြား ပြောင်းမပေးနိုင်ဘူး။ ပြောင်းဖို့လည်း နေရာ မရှိဘူး။ ဖမ်းရင်လည်း ခံရမှာပဲ။ ရွာမှာက နေလို့မှ အဆင်မပြေတာ။ ၃ မိုင်မှာက မြို့နဲ့ နီးတယ်။ ဆေးရုံတွေ၊ ကျောင်းတွေနဲ့လည်း နီးတော့ အလုပ်အကိုင်ရော မိသားစု ဘ၀တွေပါ အဆင်ပြေလို့ ဒီနေရာလေးကို ပေးပါလို့ တောင်းဆိုတာပါ” ဟု ပြောသည်။
နာဂစ်ဒုက္ခသည် ကျုးကျော်တဲများ ဖယ်ရှားရန် သတိပေးစာ ပေးပို့မှုနှင့် ပတ်သတ်ပြီး လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းအား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ၎င်း၏ ရုံးရှိရာ လပွတ္တာမြို့သို့ လာရောက်ရန်သာ ပြောဆိုပြီး ဖုန်းဖြင့် ဖြေကြားရန် ငြင်းဆိုသည်။
၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက နာဂစ် ဒုက္ခသည်များ နေရာပြန်ချထားရေးနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဧရာဝတီတိုင်း အစိုးရ ကိုယ်စား ၀န်ကြီး ဦးစန်းမောင်က ဒုက္ခသည်များ အနေဖြင့် လပွတ္တာ ၃ မိုင်မြို့သစ်တွင် မြေကွက် လျှောက်ထားပါက မြေပေးမိန့် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ဧရာဝတီတိုင်း အစိုးရ ကိုယ်စား ၀န်ကြီး ဦးစန်းမောင်၏ ဖြေကြား ပြောဆိုမှုကြောင့် နာဂစ်ဒုက္ခသည် မိသားစု ၂၉၃ ဦးက မြေကွက်များ လျှောက်ထားကြသော်လည်း တိုင်းအစိုးရက ယခုအချိန်အထိ ပေးအပ်ခြင်း မရှိသဖြင့် လပွတ္တာ ၃ မိုင်မြို့သစ်တွင် နေအိမ်များ ၀င်ရောက်ဆောက်လုပ် နေထိုင်ကြခြင်း ဖြစ်သည်ဟု ထိုဒေသခံ အချို့က ပြောသည်။
ဧရာဝတီတိုင်း အစိုးရက လွှတ်တော်တွင် ဖြေကြားခဲ့သည့်အတိုင်း အကောင်အထည် ဖော်ခြင်းမရှိဘဲ လပွတ္တာနှင့် ၅ မိုင်ခန့်ဝေးသည့် တောင်ကုန်းပေါ်တွင် ၅ မိုင်ရွာသစ်ဟူ၍ ဆိုင်းဘုတ်တင်ပြီး နာဂစ်ဒုက္ခသည်များကို ပေ ၃၀ ပတ်လည် မြေကွက်များကို နေရာချထားပေးခဲ့ကြောင်း သိရသည်။
“၅ မိုင်ရွာသစ်ဆိုပြီး ပေးထားတဲ့ နေရာက သောက်စရာ ရေမရှိဘူး။ မီးမရှိဘူး။ ကလေးတွေ အတွက် စာသင်ကျောင်းလည်း မရှိသလို ကျောင်းနဲ့လည်း မနီးဘူး။ အလုပ်အကိုင်လည်း မရှိဘူး။ လပွတ္တာ မြို့နဲ့လည်း အရမ်းဝေးတယ်။ ဒါကြောင့် ကျမတို့က မနေတာပါ”ဟု နာဂစ်ဒုက္ခသည် မတင်တင်ညိုက ပြောသည်။
လပွတ္တာ ၃ မိုင်မြို့သစ်ရှိ မြေကွက်လွတ်များသို့ တိုင်းအစိုးရ နေရာချပေးထားသည့် မြို့ရွာသစ်များမှ ပြောင်းရွှေ့လာသည့် နာဂစ်ဒုက္ခသည် မိသားစု ၉၃ စု၊ လူဦးရေ ၃၀၀ နီးပါး ရှိပြီး၊ အိမ်အလုံးပေါင်း ၉၃ လုံး တည်ဆောက် နေထိုင်လျှက်ရှိကြောင်း သိရသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လပွတ္တာမြို့ အပါအ၀င် ဧရာဝတီတိုင်းမှ မြို့နယ် ၁၀ မြို့နယ်နှင့် ရန်ကုန်တိုင်းရှိ မြို့နယ် ၃ မြို့နယ်မှ လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး၊ အိမ်အလုံးပေါင်း ၈ သိန်းကျော် ထိခိုက် ပျက်စီးခဲ့သည်။
ဧရာဝတီ

No comments:

Post a Comment