Thursday, May 7, 2015

“၀” က ပြည်နယ်လိုချင်သတဲ့လား ?

ပန်ဆန်းညီလာခံကျင်းပပေးခြင်းရဲ့ အဓိကရည်ရွယ်ချက်က တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကိစ္စကို တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့လို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် တကယ်တမ်းလက်တွေ့ အကောင်အထည် ဖော်ချင်တာက “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုရေးကိစ္စဖြစ်နေတာကို တွေ့ရပါတယ်။ “၀” ခေါင်းဆောင်တွေရဲ့ အကြံအစည် အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့လုံး အရူးလုပ်ခံလိုက်ရတာပါပဲ။ ဒါပေါ့ဗျာ…လူဆိုတာ ကိုယ့်အကျိုးစီးပွား မရဘဲနဲ့ သူတစ်ပါး အကျိုးစီးပွားကို အလကားမကူညီဘူးဆိုတာလေ။ “၀” က သူ့အကျိုးစီးပွားအတွက် တိုင်းရင်းသား ညီလာခံကို အသုံးချလိုက်တာလို့ ပြောချင်ပါတယ်။

“၀” ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင် အသိအမှတ်ပြုထားပြီးဖြစ် တယ်လို့ သိရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ဒေသတွေလည်း ရှိနေပါ သေးတယ်။ “၀” ဒေသနဲ့အတူ ကိုးကန့်၊ ပအို့ဝ်၊ ပလောင်၊ ဓနု၊ နာဂ ဒေသတို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေ ဟာ သူတို့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကို ဒီနေ့အထိ ကြိုးစားဆောင်ရွက်နေကြတာ မြင်တွေ့နေရပါတယ်။ “၀” လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုတာ မကြားဖူးသေးပါဘူး။ ဒါဖြင့်ရင် “၀” တစ်ဖွဲ့တည်း ဘာဖြစ်လို့ တောင်းဆိုတာလဲလို့ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။
ဒီနေ့လက်ရှိအချိန်မှာတော့ “၀” အဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးထဲမှာတော့ လူ၊ လက်နက်၊ အင်အားအတောင့်တင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သူရဲ့စီးပွားရေးလုပ်ငန်းတွေဟာ ပြည်တွင်း မှာရော ပြည်ပမှာပါ ရှိနေပြီဖြစ်တဲ့အတွက် သွေးတိုးစမ်းလာတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမယ့် “၀” ရဲ့ စီးပွား ရေးလုပ်ငန်းတွေဟာ သမရိုးကျ လည်ပတ်နေတာမဟုတ်ဘဲ အစကတည်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက် ဆက်နွှယ်နေခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုကနေ “၀” ခေါင်း ဆောင်တွေ ကြီးပွားချမ်းသာလာတာ မြန်မာမပြောနဲ့ ကမ္ဘာ ကပါ သိနေတဲ့ကိစ္စ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက ဝေရှောက်ခန်ကို ဖမ်းမိရင် ဒေါ်လာ ၂ သန်းအထိ ဆုချီးမြှင့်မယ်လို့ ၂၀၁၂ ခုနှစ် အတွင်းမှာ ထုတ်ပြန်ထားခဲ့ပါတယ်။ အလားတူ သမ္မတဘုရှ်လက်ထက် ၂၀၀၅ ခုနှစ်တုန်းကလည်း ဝေရှောက်ခန်တို့ ညီအစ်ကို ၃ ဦးနဲ့ ပေါက်ယူချန်းတို့ ၅ ဦးကို ဘိန်းရာဇာစာရင်းမှာ ထပ်မံကြေညာခဲ့ပါတယ်။ မူးယစ်ရာဇာတွေအဖြစ် ဖမ်းဝရမ်း ထုတ်ခြင်း
ခံရတဲ့ “၀” ခေါင်းဆောင်တွေကြောင့် “၀”ဒေသဟာ မူးယစ်ဆေးဝါးအရိပ်မည်းကြီးနဲ့ ဖုံးအုပ်ခံခဲ့ရတာ ယနေ့အချိန်ထိ အောင်ပါပဲ။ “၀” ဒေသခံပြည်သူတွေရဲ့ဘ၀ဟာ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ပါဘဲနဲ့ ခေါင်းဆောင်တွေကြောင့် ဒုက္ခ ဆင်းရဲတွင်းထဲက ရုန်းထွက်လို့မရသေးတာ တွေ့ရပါတယ်။
“၀” ခေါင်းဆောင် ပေါက်ယူချန်းအပါအ၀င် မူးယစ်ရာဇာ ၈ ဦးဟာ နာမည်ဆိုးဖြင့် ကျော်ကြားနေဆဲဖြစ်ပြီး မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုစတဲ့လုပ်ငန်းတွေနဲ့ စီးပွားရှာနေကြတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေးယူစဉ်က ပြည်နယ် တိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုပေးထားခဲ့တာ ရှိပါတယ်။ အဲဒီငြိမ်းချမ်းရေးကို ဗန်းပြပြီး “၀” ခေါင်းဆောင်တွေက မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ မြို့ပေါ်မှာ စီးပွားရှာခဲ့ကြပါတယ်။
“၀” အဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့အတွက် အမေရိကန်က ထိန်းချုပ် မှုတွေ၊ ဆက်သွယ်တားမြစ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ပိတ်ဆို့တားမြစ်ခံရတဲ့ “၀” ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ဟုန်ပန်းကုမ္ပဏီလုပ်ငန်းစုအောက်က ဟုန်ပန်းအမည်နဲ့ လျှပ်စစ်ပစ္စည်း၊ ကျောက်မျက် တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်းစု၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေးထုတ်ကုန် လုပ်ငန်းများ၊ စင်္ကာပူနဲ့ မြန်မာမှာရှိတဲ့ တက်ခမ်းဆောက်လုပ်ရေးကုမ္ပဏီ၊ တက်ခမ်းကျောက်မျက်ကုမ္ပဏီ၊ ရန်ကုန် အဲဝေးလေကြောင်းလိုင်း၊ Vest Spectrum (s)pte.Ltd၊ တရုတ်နိုင်ငံမှ Dehong Thailong Hotel Co,Ltd၊ ထိုင်း နိုင်ငံမှ Sangsiri Kankaset Compang Lamited နဲ့ Khum Thaw Compang Limited တို့ ပါဝင်ကြောင်း သိရပါတယ်။
“ ၀ ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေက နည်းတာမှမဟုတ်တာ၊ အဲဒီလုပ်ငန်းတွေက ရတဲ့ငွေတွေ ဘယ်မှာ သွားသုံး နေမှန်း မသိဘူးလေ၊ ခေါင်းဆောင်တွေကတော့ မြို့ကြီးတွေပေါ်မှာ သိန်းထောင်ချီတန်တဲ့ အိမ်တွေ ခြံတွေနဲ့ ဇိမ်ခံနေကြ တယ်။ အောက်ခြေ “၀” စစ်သားတွေကတော့ စုတ်ပြတ်နေတာပဲ၊ အောက်ခြေမှာ စားသောက်ရေးကအစ ခက်ခဲရုန်းကန် နေရတယ်၊ ကိုယ်ပိုင်ပြည်နယ် တောင်းတာကလည်း လူတစ်စု ခေါင်းဆောင်ပိုင်း အကျိုးစီးပွားရေရှည်တည်မြဲဖို့ပါ” ဟု တရုတ်-မြန်မာနယ်စပ်မှ အလွတ်တန်းသတင်း ထောက်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။
ဒါ့ပြင်“၀”ခေါင်းဆောင်များသည်“၀”ကလေးငယ်များအား ပညာသင်ခွင့်မပေးဘဲ စစ်သင်တန်းများ တက်ရောက် စေကာ ကလေးစစ်သားများအဖြစ် အသုံးပြုနေပါတယ်။ “၀”ကလေးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက် ခံနေရပြီး “၀” ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် စစ်တိုက်ရန်ရည်ရွယ် အသုံးချခံနေရမှုတွေဟာ အလွန်စိတ်ပျက်ဖို့ ကောင်း နေပါတယ်။ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပေးထားတာကိုတောင် “၀” ခေါင်းဆောင်တွေက ဒေသခံ“၀” ပြည်သူတွေ၊ ကလေးငယ်တွေ၊ အောက်ခြေစစ်သားတွေအပေါ် နိုင်ထက်စီးနင်းဆက်ဆံနေတာ ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးလိုက်ပါက ပိုပြီးဆိုးရွားသွားမှာ ဖြစ်သလို “၀” ခေါင်းဆောင်တွေကို မျိုးနွယ်စုအလိုက် ကြီးစိုးရေး၊ အခွင့်အရေး ပေးသလို ဖြစ်သွားနိုင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကလည်း ဆိုပါတယ်။
“၀” ရဲ့ ပြည်နယ်တောင်းဆိုမှုဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးမားပြီး အခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီတော့ “၀”ပြည်သူအကျိုးထက် “၀”ခေါင်းဆောင်တွေရဲ့ အကျိုးကို သက်ဆိုးရှည်စေမယ့် ကိုယ်ပိုင်ပြည်နယ်တောင်းဆိုမှုကို လုံးဝခွင့်မပြုသင့်ပါကြောင်းနဲ့ အချိန်မီ တားဆီးသင့်ပါကြောင်း မြန်မာ ပြည်သူအားလုံးရဲ့ ကိုယ်စား တောင်းဆိုလိုက်ရပါတယ်။
ဝေဖြိုးအောင်
burmesetreasure

No comments:

Post a Comment