Monday, May 11, 2015

ဘာရန်ကျွန်းမီးတောင် ပေါက်ကွဲမည့်အရေး စိုးရိမ်မလွန်ရန် ပညာရှင်များသတိပေး



ဘာရန်ကျွန်းတွင် မီးတောင်ပေါက်ကွဲနေသည်ကို ၂၀၀၅ ခုနှစ် မေလ ၂၈ က မှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − volcano.si.edu)
ကပ္ပလီပင်လယ်အတွင်းရှိ ဘာရန်ကျွန်း (Barren Island) မီးတောင်သည် ပေါက်ကွဲနိုင်ခြေရှိပြီး မြန်မာ့ကမ်းရိုးတန်းဒေသများတွင် ဆူနာမီအန္တရာယ်ရှိနိုင်သည်ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီက သတိပေးပြီးနောက် လူထုအကြား ကောလာဟလ မျိုးစုံ ထွက်ပေါ်နေသဖြင့် လက်ရှိ အခြေအနေအရ စိုးရိမ်မှု မလွန်ကဲစေရန် ပညာရှင်များက သတိပေးပြောကြားသည်။

ဘာရန်ကျွန်းမီးတောင်သည် လက်ရှိတွင် ပေါက်ကွဲမည့်လက္ခဏာအဖြစ် ချော်ရည်များမှုတ်ထုတ်နေကာ ထိုင်းနိုင်ငံ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဗဟို ကော်မတီကလည်း ဒေသတွင်း၌ ဆူနာမီ အန္တရာယ်ရှိကြောင်း သတိ ပေးထားသည်။
မြန်မာနိုင်ငံတွင် မိုး/ဇလ ဌာနနှင့် လူကယ်ပြန်ဌာနက သတင်း သီးသန့်ထုတ်ပြန်ထားခြင်း မရှိသော်လည်း ကမ်းရိုးတန်း ဒေသများ၌ သဘာဝဘေး ကြို တင်ကာကွယ်ရေးအတွက် လက်တွေ့ သရုပ်ပြလေ့ကျင့်မှုများ ပြု လုပ်နေသည်။
ပဲခူး၊ ကန့်ဘလူ၊ မြိုင်မြို့နယ်နှင့် ကမ်းရိုးတန်းဒေသအချို့တွင် ငလျင်လှုပ်မည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး စိုးရိမ်မှုများရှိနေသည်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါမီးတောင်မှာ မှတ်တမ်းများအရ ၂၀၀၆ တွင် နောက်ဆုံး ပေါက်ကွဲခဲ့ပြီး ၁၇၈၇ မှ ၂၀၀၆အတွင်း ရှစ်ကြိမ် ပေါက်ကွဲခဲ့ကာ ကမ်းရိုးတန်းဒေသများအတွက် ကြီးမားသော အန္တရာယ်မရှိခဲ့ကြောင်း ပြောသည်။
‘‘မီးတောင်ပေါက်တာနဲ့ ဆူနာမီ ဖြစ်တာတော့မဟုတ်ပါဘူး။ ဆူနာမီဖြစ်ဖို့ အထိတော့ အခြေအနေ အများကြီးလိုပါတယ်။ ချော်ရည်ထွက်နေတဲ့ အဆင့်တော့ ရောက်နေပေမယ့် ဒီမီးတောင်က အဲဒီလိုဖြစ်နေတာကိုကြာပြီ။ မစိုးရိမ်ပါနဲ့လို့တော့ မဟုတ်ဘူး။ သတိတော့ထားပါ။ စိုးရိမ်မှုလွန်ကဲတာတော့ မကောင်းဘူးပေါ့’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မီးတောင်တစ်လုံးပေါက်ကွဲပါက ဆူနာမီငလျင်ဖြစ်ရန် ရစ်ခ်ျတာစကေး ၇အထက်ဖြင့် ရေအောက်ကို ဗဟိုချက်ရှိသော ငလျင်ဖြစ်ရန်လိုအပ်ပြီး ရေမျက်နှာပြင်အောက် ကီလိုမီတာ ၈၀  အတွင်းနှင့် အထက်အောက်တုန်ခါ၍ လှုပ်မှသာ အန္တရာယ်ရှိကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ မီးတောင် ပေါက်ကွဲခဲ့သည့်တိုင်အောင် ဆူနာမီဖြစ်ရန် အလွန်ခက်ခဲကြောင်း  ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဒေါက်တာကျော်ထွန်းက ဘာရန်ကျွန်းမီးတောင်ကြောင့် ဆူနာမီဖြစ်ရန် ရာခိုင်နှုန်းနည်းပြီး စိုးရိမ်မှုမလွန်ကဲရန် သတိပေးသည်။ ထိုင်းနိုင်ငံသဘာဝဘေး ကြိုတင်ကာကွယ်ရေး ဗဟိုကော်မတီက ယင်းမီးတောင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသော်လည်း ထိုင်းနိုင်ငံ မိုးလေ၀သဌာနအပါအ၀င် နိုင်ငံတကာမိုးလေ၀သဌာနများက တရားဝင် သတင်းထုတ်ပြန်ထား ခြင်းမရှိသေးပေ။
7Day

No comments:

Post a Comment